,

Breaking News :

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ရွှေဘိုတွင် တစ်ရက်အတွင်း ကျေးရွာ ၃ ရွာမှ လူနေအိမ် ၁၇၀ ခန့် မီးရှို့ခံရ

ရေငုပ်ကျင်း နှင့် ကုန်းကျင်း ရွှေတူးဖော်မှု

ဧရာဝတီမြစ်ကမ်းတစ်လျောက် ရွှေတူးဖော်နေပုံ

ဧရာဝတီမြစ်ကမ်းတစ်လျောက် ရွှေတူးဖော်နေပုံ

မြစ်ကြီးနားမြို့ ဗလမင်းထင် တံတားကနေ မြစ်ဆုံအထိ မြစ်ရိုးတစ်လျှောက်မှာ သဲကျောက်တူးမယ်ဆိုတဲ့ ခွင့်ပြုမိန့်နှင့် ရွှေတူးဖော် ကြတဲ့ မြင်ကွင်းတွေဟာ ဒေသခံတွေအတွက် မဆန်းတော့ပါဘူး။

ရေငုပ်ကျင်း လို့ခေါ်တဲ့ အသေးစား ရွှေဖောင်လုပ်ငန်း နဲ့ ကုန်းကျင်းလို့ခေါ်တဲ့ စက်ယန္တရားကြီးနှင့် ရွှေတူးဖော်မှုတွေကို မြစ်ရိုးတစ်လျှောက် အတိုင်းသား မြင်တွေ့နေရတာပါ။

အဲ့ဒီ မြစ်ရိုးတစ်လျှောက်ကို ပြီးခဲ့တဲ့ အောက်တိုဘာလမှာ စစ်ကောင်စီဘက်က စက်လှေ ၆ စီး စစ်သားနှင့်ရဲ အင်အားအပြည့်နဲ့ မြစ်ရိုးတစ်လျှောက် ရှင်းလင်းရေးခေါင်းစဥ်နဲ့ အသေးစား ရွှေဖောင်လုပ်ငန်းတွေကိုပဲ ရွေးပြီး ဖမ်းဆီးခဲ့ပါတယ်။

“စက်လှေခြောက်စီးနဲ့ ရောက်လာတယ်။ ဖောင်တွေအကုန်လုံး ကြိုးတွေဖြတ်ပြီးမှ မျှောလိုက်တယ်။ ဖောင်တွေကိုဖျက်ဆီးတယ်။ ၄ ဖောင် လောက်ကိုတော့ မီးရှို့ဖျက်ဆီးလိုက်တယ်လို့ သိရတယ်” ဟု မြစ်ကြီးနားဘက်က မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

ဒီတင်မက ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့နယ်ဘက်ခြမ်းက အသေးစား ရွှေဖောင်လုပ်ငန်းတွေကို စစ်တပ်က စီမံချက်နဲ့ ဖမ်းဆီးခဲ့ပါသေးတယ်။

အဲ့ဒီ ဖမ်းဆီးခံရတဲ့ထဲ နှစ်ပေါင်း ၃၀ ကျော် ရွှေဖောင်လုပ်ငန်းလုပ်ကိုင်ခဲ့သူ အသက် ၅၂ နှစ်အရွယ် ဦးအိုက်ရဲ့ ရွှေဖောင်လည်း အပါအဝင်ပါ။

ဦးအိုက် ပြောတာက ရေငုပ်ကျင်းလို့ခေါ်တဲ့ ရွှေဖောင်လုပ်ငန်းတစ်ခုကို အနည်းဆုံး လူနှစ်ဦးနှင့် စတင်လုပ်ကိုင်ရပြီ တစ်ဦးက ပိဿာ ၂၀ ဝန်းကျင် အလေးချိန်ရှိတဲ့ အလေးကိုလွယ်ကာ မြစ်ကြမ်းပြင်ရောက်သည်အထိ ရေငုပ်ပြီးနောက် မြေစာတွေကို လေးလုံးထိုး ရှစ်လုံးထိုး မုန်စုပ်စက်များဖြင့် စုပ်ယူရတာဖြစ်ပါတယ်။

နောက်တစ်ဆင့်အနေနဲ့ ရရှိလာတဲ့မြေစာများကို ရွှေမျှော်စင် ရွှေခံ စကာပေါ်သို့ သွန်ချပြီး အဆင့်ဆင့် ရွှေရရှိသည်အထိ စကာချ စစ်ထုတ်ကာ ပြဒါးဖြင့် ဖမ်းယူရတာဖြစ်ပါတယ်။

ရွှေဖောင်တစ်ခု ပြုလုပ်မယ်ဆိုလျှင် လက်ရှိကုန်ပစ္စည်းတန်ဖိုးအရ သိန်း ၄၀ ဝန်းကျင်လောက်ကုန်ကျနိုင်ပြီး အာဏာမသိမ်းခင် နှစ်မှာတော့ ၁၆ သိန်း ဝန်းကျင်သာ ကျသင့်တယ်လို့ ဦးအိုက် (အမည်လွဲ) က ပြောပြပါတယ်။

“ရွှေဖောင်နဲ့ တူးတာက တစ်နေကုန်လုပ်မှ ဘက်ဟိုးနဲ့ တစ်ကော်စာလောက်ပဲရတယ်။ ဝင်ငွေကတော့ တစ်ရက်လုပ် တစ်ရက်စားပဲ မိသားစုတော့ စားရတာပေါ့ အခုဆိုရွှေက မရှိတော့ဘူး ကုမ္ပဏီတွေကအကုန်တူးစားကုန်ပြီ။ မျှောရွှေလောက်ပဲ တစ်ရက်မှ လေးငါးရွေး အရမ်းရရင် ဆယ်ရွေး ဆီဖိုးကရှိသေးတယ်။ အလုပ်သမားငှားရင် အလုပ်သမားခကရှိသေးတယ် အဲ့လိုမျိုးပေါ့” ဟု သူက ဆိုပါတယ်။

ဒေသခံများကတော့ ရေငုပ်ကျင်းလို့ခေါ်တဲ့ ရွှေဖောင်လုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပြီး ကုန်းကျင်းနဲ့ ရွှေတူးဖော်ရာမှာတော့ မြေနေရာတွေကို လေလံယူဖို့ ငွေကြေးမတတ်နိုင်တာကြောင့် ကျင်းလုပ်သားအဖြစ်သာ လုပ်ကိုင်နိုင်တာ ဖြစ်ပါတယ်။

မြစ်ရိုးတစ်လျှောက် ရွှေတူးတဲ့ဒေသခံတွေဟာ ရှမ်း၊ ဗမာ၊ လီဆူ၊ ရဝမ် စတဲ့ တိုင်းရင်းသားအများစုဖြစ်တယ်လို့ဒေသခံတွေက ဆိုကြပါတယ်။ အရင်ကတည်းက ဒေသခံများဟာ ရွှေကို မျှောတိုက်စနစ်ဖြင့် ရိုးရာနည်းလမ်းဟောင်း အတိုင်းကျင်ခဲ့ကြတာပါ။

ရွှေဖောင်နှင့်မတူတဲ့ ကုန်းကျင်း ရွှေတူးဖော်ရာမှာတော့ ဘက်ဟိုး၊ မြေတူးသည့် စက်ယန္တရားကြီးများဖြင့် ကျင်းလုပ်သား ၅ ယောက်ကနေ ၈ ယောက်အထိ ငှားရမ်းကာ လုပ်ကိုင်ကြရတယ်လို့ သိရပါတယ်။

အခု စက်ယန္တယားတွေကိုသုံးပြီး ကုန်းကျင်အနေနဲ့ ရွှေကျင်နေတဲ့ ဧရာဝတီ မြစ်ရိုးတစ်လျှောက် မြေနေရာတွေဟာ စစ်ကောင်စီသစ္စာခံ ဦးလဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့စိုးမိုးထားတဲ့နေရာတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကုန်းကျင်းမှာတော့ တရုတ်လောပန်း (သူဌေး) များက မြစ်ကမ်းတစ်လျှောက်ရှိ မြေနေရာများကို သဲကျောက်တူးမယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ လေလံယူပြီးနောက် ဒေသခံတစ်ဦးအမည်ခံကာ ကျင်းလုပ်သားများ ငှားရမ်းကာ စက်ယန္တရားကြီးတွေနဲ့ ပေရာနှင့်ချီ တူးဆွကာ ရွှေတူးဖော်ကြတာဖြစ်တယ်လို့ ဦးအိုက်ကပြောပါတယ်။

“ကျနော်တို့ဒေသခံတွေ တပိုင်တနိုင်တူးမယ်ဆိုသူတို့က တားတယ်။ အခုလက်ရှိမြစ်ကမ်းတစ်လျှောက်တူးနေကြတဲ့နေရာတွေကို တရုတ်လောပန်းတွေက ဒေသခံတစ်ယောက်အမည်ခံ သဲကျောက်တူးမယ်ဆိုပြီး ရွှေလုပ်နေကြတာ” လို့ ဦးအိုက်က ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာပဲ ဧရာဝတီမြစ်ရိုးတစ်လျှောက်မှာ ရွှေတူးတာတွေ ပိုမိုများပြားလာတာဖြစ်ပြီး မြစ်ရိုးတစ်လျှောက် ရွှေတူးတဲ့လုပ်ကွက်တွေဟာ ၅၀၀အထက်မှာရှိတယ်လို့ ဦးအိုက်ကပြောပါတယ်။

“ဒီမြစ်ရိုးတစ်လျှောက် ဟိုးတြိဂံနယ်မြေအထိ မေခမြစ်မလိခမြစ်ရောဘာမှမကျန်တော့ဘူး၏။ တရုတ်လောပန်းတွေ အကုန်တူးစားကုန်ပြီ ကုန်းကျင်းတွေဆိုအများကြီးလုပ်နေကြသေးတယ်။ အပေါ်မှာကုန်းကျင်းလုပ်တဲ့သူ အကြီးအကျယ်လုပ်ကြတာ ဘာမှလုပ်မကုန်ဘူး ဘက်ဟိုးစက်ယန္တယားတွေနဲ့လုပ်တာ” ဟု ဦးအိုက်က ဆိုပါတယ်။

အခုလို ကုန်းကျင်း၊ ရေငုပ်ကျင်း စတဲ့ စက်ယန္တရားတွေကို အသုံးပြုပြီးတော့ ရွှေတူးဖော်တာကြောင့် မြစ်ကြောင်း ပြောင်းလဲခြင်း၊ ရေကြီးခြင်း၊ ငါးမျိုးတုန်းခြင်း ရှားပါးခြင်း၊ ကမ်းပြိုခြင်း စတာတွေအပြင် မြစ်ကမ်းနဘေးရှိ အချို့သောရွာများဆိုလျှင် ပျက်ဆီးသွားခဲ့ရပြီ ဖြစ်ပါတယ်။

“အခုဆို ဧရာဝတီမြစ်က လက်ဖက်ရည်အရောင်ဖြစ်နေပြီ အရင်ကဆိုမှန်တောင်ကြည့်လို့ရတယ်။ ငါးတွေဆို အတိုင်းသား မြင်နေရတာ အရင်ကသောက်ခဲ့တဲ့ရေက အခုဆိုရေတောင်ချိုးဖို့မလွယ်တော့ဘူး” ဟု အသက် ၇၀ ဝန်းကျင် သေခံအဘိုးအိုတစ်ဦးက ဆိုပါတယ်။

ဧရာဝတီမြစ်ကို ဖျက်စီးနေတဲ့အထဲမှာ အဆိုပါ ကုန်းကျင်း၊ ရေငုပ်ကျင်း လို့ခေါ်တဲ့ လုပ်ငန်းတွေလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ ရွှေတူးဖော်ခြင်းကို အရေးယူဆောင်ရွက်မှုတွေဟာ မျှတမှု မရှိဘူးလို့ ဒေသခံတွေက ထောက်ပြ ပြောဆိုလာပါတယ်။

“အဲ့နေရာတွေက ခုမှတူးတာမဟုတ်ဘူး အရင်ကတည်းကတူးနေတာ ပြီးတော့လည်း ဒီမှာတူးတဲ့သူတွေအားလုံးက ဒေသခံတွေဘဲ ပြောချင်တာက သူများတွေလိုစက်ကြီးတွေနဲ့ တူးနေတာမဟုတ်ပါဘူး။ အဲဒါကိုဒီဒေသခံတွေ တူးနေတဲ့မဖြစ်စလောက်လေးကိုဘဲ လိုက်ဖမ်းနေတာ ဘာကြောင့်လဲဆိုတာတော့ မသိဘူး ပြီးတော့ နောက်ထပ်ကြားရတဲ့သတင်းတစ်ခုကတော့ မြစ်ရိုးတစ်လျှောက် ရှင်းလင်းရေးလုပ်တာလို့လည်း ကြားရတယ်။ မြစ်ရိုးတစ်လျှောက်ရှင်းလင်းရေးလုပ်တာလို့ပြောတယ်။ မြစ်ရိုးတစ်လျှောက် ရှင်းလင်းရေးလုပ်တယ်ဆိုရင် ရှိရှိသမျှအားလုံးလုပ်ရမယ်မလား ခုဟာကဒီဒေသခံတွေတူးနေတာကိုဘဲ ပစ်မှတ်ထားလုပ်သလို ဖြစ်နေတယ်” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

အခုလို အသေးစားရွှေဖောင်နဲ့ ရွှေတူးဖော်တာတွေကို ဖမ်းဆီးမှုတွေရှိနေပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် ရှားပါးလာတဲ့ဒေသခံများအဖို့ အခြားရွေးချယ်စရာ အလုပ်မရှိတာကတစ်ကြောင်း အခြားသောလုပ်ငန်းလုပ်ကိုင်ဖို့ မကျွမ်းကျင်တာကြောင့် ရွှေဖောင်လုပ်ငန်းကိုပဲ လုပ်ဆောင်နေကြရတာပါ။

ဒါ့အပြင် စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှုကိုလည်း ကချင်ပြည်နယ်မှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ က စတင်ပြီးတော့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေကူ ဗန်းမော် ဆိပ်ကမ်း နှင့် မြစ်ကြီးနားအထက် မြစ်ဆုံအထိ မြစ်ကြောင်းတစ်လျောက်မှာ အများဆုံး တွေ့နေရပါတယ်။

ဒါ့အပြင် ဆွမ်ပရာဘွမ် နှင့် ပူတာအိုမြို့နယ်ထဲက မလိခမြစ်ကမ်းဘေးမှာလည်း ရွှေတူးဖော်မှုတွေ ပိုမိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေရာအနှံ ရွှေဖောင် နှင့် ကုန်းကျင်း ရွှေတူးဖော်မှု ပိုတိုးလာပေမယ့် စစ်ကောင်စီကတော့ အသေးစား ရွှေတူးဖော်မှုဖြစ်တဲ့ ရွှေဖောင်ကိုသာ ဖျက်ဆီးနေပြီး ပြည်သူ့စစ်နှင့် တရုတ်လုပ်ငန်းရှင်များ ကျောထောက်နောက်ခံပေးထားသော စက်ယန္တရားကြီးဖြင့် တူးဖော်မှုများမှာ အရင်အတိုင်း ရှိနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

မြစ်ကြီးနား နှင့် ဝိုင်းမော်မြစ်ကမ်းမှာရှိတဲ့ ရွှေဖောင်တွေကို ပြီးခဲ့တဲ့ အောက်တိုဘာလက စစ်ကောင်စီ ဖမ်းဆီးမီးရှိုမှုတွေဟာ ဦးအိုက် ရွှေဖောင်လုပ်လာတဲ့ နှစ် ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် အများဆုံး ကြုံဖူးတာဖြစ်တယ်လို့ ဆိုပါတယ်။

Read Previous

ဖားကန့် ဆိပ်မူ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေ

Read Next

ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့ တနိုင်ဒေသတွင် စတင်အခြေချ၊ ဒေသခံများကန့်ကွက်