သတင်း

ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့ တနိုင်ဒေသတွင် စတင်အခြေချ၊ ဒေသခံများကန့်ကွက်

ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဦးရွှေမင်း ဦးဆောင်သည့် လီဆူပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ ထပ်တိုးတည်ထောင်ပြီး လက်ရှိ ဂိတ်စခန်းဆောက်လုပ်ကာ စစ်ဆေးရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဟု ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၁၅ ရက်နောက်ပိုင်းမှ စတင်ကာ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့သည် တနိုင်းမြို့နယ် မကောအုပ်စု ဓာတ်ဆီ Camp ကျောင်းကုန်းကျေးရွာ ကားလမ်းမကြီးပေါ်တွင် ဂိတ်စခန်းဆောက်လုပ်ထားကာ သွားလာသည့် ကုန်တင်ကားများ၊ ဆန်၊ စက်သုံးဆီများနှင့် ပြည်သူများကို စစ်ဆေးရေး တင်းကြပ်လာသည်ဟု လမုန်ဒေသခံတစ်ဦး KNG ကို ပြောသည်။

အခုက သူတို့တွေ နေရာစချပြီဖြစ်တယ်၊ တစ်ပတ်ကျော်လောက်ရှိပြီ ဦးရွှေမင်းကိုယ်တိုင်ကလည်း ဒီမှာရောက်နေတယ်၊ မြင်တွေ့ရသလောက်က သွားလာတဲ့သူတွေရဲ့ ကားတွေကို စစ်တယ်။ သူတို့ မသင်္ကာနိုင်တဲ့ သူတွေကို စစ်တယ်။ ပြီးရင် အဲ့ဂိတ်မှာ နာမည်စာရင်းကောက်တာတွေ လုပ်နေပြီ။ နောက်ဆို ဘယ်လောက်အထိ လုပ်လာမယ်ဆိုတာက မသိနိုင်သေးဘူးဟု ပြောဆိုသည်။

လက်ရှိ ဦးရွှေမင်းအဖွဲ့က တနိုင်းဒေသဘက်တွင် စစ်အင်အားအပါ တပ်စခန်းနေရာ ထပ်မံတိုးချဲ့လာခြင်းသည် တနိုင်းဒေသတစ်ခုလုံး နယ်မြေစိုးမိုးရန်အတွက်နှင့် ငွေကြေးကောက်ခံကာ စီးပွားလုပ်ဆောင်ရန်သာဖြစ်သည်ဟု သူကဆက်လက် သုံးသပ်ပြောဆိုသည်။

ပြောရမယ်ဆိုရင် ဒီဒေသတွေမှာနေကြတဲ့ လီဆူပြည်သူတွေက ဖိတ်ခေါ်ပြီးရောက်လာကြတာမဟုတ်ဘူးလေ။ ပြီးရင် ဒီဒေသတွေက KIA ဘက်ကလည်း အဝင်အထွက်လုပ်နေတဲ့နေရာဖြစ်တယ်။ နောက်ပြီး ရွှေ၊ ပယင်းအကုန်ထွက် တဲ့ ဒေသလည်းဖြစ်တယ်။ ဒါ့ကြောင့် ဒီပြည်သူ့စစ်အဖွဲ့တွေက ကိုယ်ကျိုးစီးပွားရေးအတွက် ရောက်လာတယ်လို့ပဲ မြင်တယ်ဟု ဆိုသည်။

လက်ရှိ မကောနှင့် ကျောင်းကုန်း ကျေးရွာတွင် ဦးရွှေမင်းအောက် ပြည်သူ့စစ်အင်အား ၃၀ ဝန်းကျင်ခန့်ရှိပြီး နောက်ထပ်လိုအပ်သည့် ပြည်သူ့စစ် အင်အားများအတွက် အဆိုပါ ကျေးရွာများမှ လူငယ်များကို နေ့စားခ တစ်သောင်းကျပ်ပေးကာ စုဆောင်းထားသည်ဟု သိရသည်။

ဦးရွှေမင်း၏ ပြည်သူ့စစ် ဂိတ်စခန်းနေရာသည် လမုန်ကျေးရွာနှင့် ၁ မိုင်ခန့်အကွာ၊ မကောနှင့် ဓာတ်ဆီ Camp ကျောင်းကုန်း ကျေးရွာ ၂ခုကြားရှိ ကျားထိန်းသိမ်းရေးအဆောက်အဦးနေရာတွင် တပ်ချထားသည်ဟု သိရသည်။

ဆိုပါနေရာနှင့် တစ်ဆက်တည်းတွင် ဦးယောဘ(ခီဖာဝူ) ဦးဆောင်သည့် လမုန်ကျေးရွာ ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ရှိနေပြီး ဦးရွှေမင်းသည် ထိုနေရာတွင် အစားထိုးနေရာထိုင်ရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ တောင်းဆိုမှုများ ရှိခဲ့သည်ဟု သိရသည်။

သို့သော် လမုန်ပြည်သူ့စစ် ဦးယောဘ လက်မခံသည့်အတွက် ဦးရွှေမင်း လီဆူပြည်သူ့စစ်အဖွဲ့ကို လက်ရှိ မကောနှင့် ကျောင်းကုန်းကျေးရွာ ၂ ခုကြားတွင် နေရာချထားပေးခြင်းဖြစ်သည်ဟု ဒေသခံများ၏ပြောဆိုချက်မှ သိရသည်။

တနိုင်းမြို့နယ် လမုန်၊ မကောနှင့် ကျောင်းကုန်း (ဓာတ်ဆီ) ကျေးရွာတို့တွင် လီဆူလူမျိုးအများဆုံး နေထိုင်သည်။

အခုတစ်ပတ်လောက်ရှိလာပြီ သူတို့ရောက်လာကတည်းက ကျေးရွာအတွင်းအပြင် သွားလာလှုပ်ရှားတာတွေများလာ တယ်။ အရင်တုန်းကဆိုရင် အေးအေးချမ်းချမ်းရှိတဲ့ဒေသလည်းဖြစ်တယ်။ အခုဆိုပြည်သူတွေက လယ်လုပ်ငန်းတွေ ရိတ်သိမ်းရမယ့်အချိန်မှာ သူတို့တွေကိုတွေ့နေရတော့ သွားရလာရတဲ့ပိုင်းမှာ စိုးရိမ်နေရပြီ။ အရင်မကြုံဖူးတဲ့ဟာကြုံရ၊ အရင်မစစ်ဖူးတဲ့ဟာစစ်ခံရ သူတို့ရောက်လာပြီဆိုကတည်းက အခုငြိမ်နေရင်တောင် နောက်ဆိုဖြစ်လာမှာပဲ။ ဒါကြောင့် ကျနော်တို့ ဒေသခံတွေကမရှိစေချင်ဘူးမကောကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ယခုလို ပြောသည်။

တနိုင်းမြို့နယ် လမုန်၊ မကော စသည့်ကျေးလက်ဒေသနေရာများတွင် ဦးယောဘ ဦးဆောင်သည့် လီဆူပြည်သူ့စစ်အဖွဲ့ ရှိသော်လည်း တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ နယ်မြေတည်ငြိမ်မှု ရှိနေသည်ဟု ဒေသခံများဆိုသည်။

ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့သည် တနိုင်းဒေသဘက်တွင် လမုန်ကျေးရွာတဝိုက် မကောနှင့် မိုင်းခွန် စသည့် နေရာများတွင် လီဆူပြည်သူ့စခန်း ၂ခုနေရာ ထားရှိရန် စီစဉ်နေသည်ဟုသိရပြီး လက်ရှိတွင် မကောအုပ်စု ဓာတ်ဆီ Camp ကျောင်းကုန်းကျေးရွာတွင်သာ စတင်ဆောက်လုပ်ထားခြင်းဖြစ်သည်။

Show More

Related Articles

Back to top button