သတင်း

အင်းတော် နန်းကင်ကျေးရွာအနီး စစ်တပ်စခန်းတစ်ခုကို အခိုင်အမာ တည်ဆောက်နေ

စစ်အုပ်ချုပ်ရေးကြေညာထားသော ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် နန်းကင်ကျေးရွာအနီးတွင် စစ်ကောင်စီက တပ်စခန်းအသစ်တစ်ခုကို ရက်ပိုင်းအတွင်း အခိုင်အမာတည်ဆောက်ထားပြီဟု သိရသည်။

အင်းတော်မြို့ စစ်တပ်ကုန်း (ရိက္ခာကုန်း) မြောက်ဘက် နန်းကင်ကျေးရွာအနီးတွင်တည်ရှိသည့် ချင်းကုန်းတောင်ကုန်းပေါ်တွင် စစ်ကောင်စီတပ်က ကတုတ်ကျင်း၊ ဗန်ကာများအခိုင်အမာ ပြုလုပ်ကာ စခန်းသစ်ချနေသည်ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

”ဘာကြောင့် ဒီမှာစခန်းသစ်ချတာလဲဆိုတော့ အင်းတော်က စစ်အုပ်ချုပ်ရေးလည်းကြေငြာထားတယ်။ ပြီးတော့အင်းတော်က အချက်အချာလည်းကျတယ်လေး ဒီ​ကနေ ဗန်းမောက်လည်းသွားလို့ရတယ် ကသာလည်းသွားလို့ရတယ်။ ကချင်ပြည်နယ်ကိုလည်း သွားလို့ရတယ် လမ်းဆုံဆိုတော့ အခိုင်အမာတပ်ချတာပဲနေမှာ” ဟု သုံးသပ်ပြောဆိုသည်။

အဆိုပါ တပ်စခန်းတွင် စစ်ကောင်စီ တပ်မ ၈၈ လက်အောက်ခံ ခလရ ၄၁၆ တပ်နှင့် ခမရ ၃၀၁ တပ်တို့မှ အင်အား ၁၀၀ နီးပါး တပ်ချထားသည်ဟု ဆက်ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်စခန်း အသစ်ချထားသည့် ချင်းကုန်းတောင်ကုန်းပေါ်တွင် နန်းကင်ဒေသခံများ၏ စိုက်ပျိုးခြံများရှိသော်လည်း ပိုင်ရှင်ဒေသခံများ လာရောက်လုပ်ကိုင်ခွင့်ကို စစ်တပ်က တားမြစ်ထားကြောင်း သိရသည်။

စစ်ကောင်စီသည် အင်းတော်မြို့နယ်အပါ စစ်ကိုင်းတိုင်းအတွင်း စုစုပေါင်း ၁၁ မြို့နယ်ကို ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးကြေငြာခဲ့ပြီး လက်ရှိအင်းတော်မြို့နယ်တွင် အင်အား ၆၀ ကျော်ပါစစ်ကြောင်းများဖြင့်လှည့်လည်ကာ ခရီးသွားကားများ၊ ကုန်ကားများကိုလည်း ငွေကြေးကောက်ခံနေကြောင်း သိရသည်။

Show More

Related Articles

Back to top button