သတင်း

ဖားကန့် မြို့လယ် ကြိုးတံတားတစ်ခုကို သံဆူးကြိုးများဖြင့် ပိတ်ထား

ဖားကန့်မြို့လယ်ရှိ အများပြည်သူအသုံးပြုနေသည့် ကြိုးတံတားတစ်ခုကို စစ်ကောင်စီတပ်မှ လုံခြုံရေးအရဟုဆိုကာ သံဆူးကြိုးများဖြင့် ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့ နှင့် ဆိုင်းတောင်မှ ဝှေခါဘက်သို့ ဆက်သွယ်ပေးထားသည့် ဥရုချောင်းကူးတံတား နှစ်ခုအနက် ကြိုးတံတားကို ယနေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်မှစတင်ကာ တံတားထိပ်နှစ်ဖက်စလုံး သံ​ဆူးကြိုးများဖြင့် ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဆိုင်းတောင်ကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

”အဲ့တံတားက အများပြည်သူသုံးနေတဲ့တံတားဟုတ်တယ် ပိတ်လိုက်ပြီတဲ့ သူတို့ကလုံခြုံရေးအရတဲ့ တံတားနှစ်ခု ဖြစ်နေတော့ တစ်ခုမှာစစ်နေရင် နောက်တံတားတစ်ခုက ထွက်ပေါက်ဖြစ်မှာဆိုးလို့ ပိတ်လိုက်တဲ့သဘောပဲ” ဟု ပြောသည်။

အဆိုပါ ကြိုးတံတားသည် ဖားကန့်မြို မရှီကထောင်ရပ်ကွက်နှင့် ငှက်ပျောတောရပ်ကွက်ကြားတွင်ရှိပြီး ဆိုင်းတောင်၊ ဝှေခါစသည့် မှော်ဒေသအတော်များများကို ဆက်သွယ်ပေးထားသည့် တံတားနှစ်ခု အနက်တစ်ခုအပါအဝင် ဖြစ်သည်။

ယင်းတံတားကို စစ်ကောင်စီက မြို့တွင်းလုံခြုံရေးအရဟုဆိုကာ ရက်အကန့်အသတ်မရှိ ပိတ်ထားပြီး လက်ရှိတွင် ကျောက်စိမ်းတောင်တံတား တစ်ခုတည်းကိုသာ ဖွင့်ပေးထားကြောင်းသိရသည်။

”ကြိုးတံတားကို သံဆူးကြိုးနဲ့အသေပိတ်လိုက်တယ် ဟိုဘက်ဒီဘက်။ အဲ့တံတားပိတ်လိုက်တော့ ပြည်သူတွေအားလုံးက ကျောက်စိမ်းတောင်တံတားကြီးကနေပဲ အသွားအလာလုပ်ကြတော့မှာ တံတားက နှစ်ခုရှိတာ ကြိုးတံတားနဲ့ သံဘောင်တံတားပေါ့ အခုက ကြိုးတံတားကို သံဆူးကြိုးနဲ့ အသေပိတ်လိုက်တယ်ပြောတယ်” ဟု ပြောသည်။

ယင်းတံတားကို ဆိုင်ကယ်အသုံးပြုသည့် ပြည်သူများကပိုမိုအသုံးပြုများပြီး ယာဉ်ကြောပိတ်စို့သည့်အခါတွင် အိမ်စီးကားများပါ ယင်းတံတားကို အသုံးပြုကြကြောင်း သိရသည်။

အဆိုပါကြိုးတံတားသည် ကျောက်စိမ်းတောင်တံတား မတည်ဆောက်မှီကတည်းက တည်ရှိခဲ့သည့် အများပြည်သူသွားလာရေးအတွက် အသုံးဝင်ခဲ့သည့် တံတားကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဖားကန့်မြို့တွင်း လမ်းသွားလမ်းလာပြည်သူများ၏ ဆိုင်ကယ်၊ကားများအား စစ်ဆေးခြင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဆက်စက်မှုရှိသူဟု ယူဆရသူများကိုလည်း ရပ်ကွက်၊ကျေးရွာများအတွင်း လိုက်လံဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အပြင် လက်ရှိချိန်တွင် အများပြည်သူအသုံးပြုနေသည့် တံတားများဖြတ်သန်းသွားလာခွင့်ကိုပင် ပိတ်ပင်တားမြစ်သည့်အထိလုပ်ဆောင်နေပြီ ဖြစ်သည်။

လက်ရှိအဆိုပါ ကြိုးတံတားအား သွားလာခွင့်မပြုဘဲ ပိတ်ပင်လိုက်သည့်အပေါ် ဒေသခံတစ်ဦးက ခုလိုပြောသည်။

“ခုက တံတားပိတ်လိုက်တော့ ကျမတို့မှာ သွားရေးလာရေးက ခက်ခဲသွားပြီ အရေးအကြောင်းဆို သံဘောင်တံတားအထိ သွားပြီးတော့ ဟိုဘက်ကူးလို့ရမယ့်အနေထားရှိနေတယ်။ ကျမအနေနဲ့ပြောရမယ့်ဆိုရင် တမင်သက်သက်ပြည်သူတွေကို ဒုက္ခရောက်အောင်လုပ်နေတာ” ဟု ပြောသည်။

ဖားကန့်တွင် စစ်ကောင်စီတပ်သည် ကျေးရွာအလိုက် ဝင်ရောက်စီးနှင်းမှုများကို လုပ်ဆောင်နေပြီး အစုပြုံလိုက် ဖမ်းဆီးစစ်ဆေးမှုများလည်း ဆက်တိုက်ပြုလုပ်နေသည်။

Show More

Related Articles

Back to top button