သတင်း

ဆွမ်ပရာဘွမ့်တွင် ဒေသခံပြည်သူ ၂ ဦးကို စစ်ကောင်စီအဖွဲ့ လူသားဒိုင်းဖမ်းဆီးခေါ်ဆောင်သွား

ကချင်ပြည်နယ် ဆွမ်ပရာဘွမ့်မြို့နယ် ခင်ဒူယန်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာပြည်သူ ၂ ဦးကို လူသာဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မတ်လ ၁၃ ရက်နေ့ ယနေ့နံနက်ပိုင်း စစ်အင်အား ၆၀ ခန့်ပါရှိသည့် စစ်ကောင်စီ စစ်ကြောင်းက ခင်ဒူယန်ကျေးရွာ အတွင်းသို့ ဝင်ရောက်လာပြီး ၎င်းတို့၏ စစ်ကြောင်းထဲ အသက် ၄၀ နှစ်အရွယ်ရှိသူ ဒေသခံပြည်သူ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု နီးစပ်ရာဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောသည်။

ဒီမနက်ပိုင်း ၆၀ လောက်ရှိတဲ့ စစ်ကြောင်းက ရွာထဲဝင်ရောက်လာပြီးတော့ ရွာလူကြီး ၂ ယောက်ကို သူတို့ရဲ့ စစ်ကြောင်းကို လမ်းပြလုပ်ဖို့ထင်တယ် ခေါ်သွားတယ်။ ဒီညနေပိုင်းအထိ ပြန်မရောက်လာသေးဘူး။ အဲ့ကြောင့် မိသားစုတွေက စိုးရိမ်နေရတယ်ဟုပြောသည်။

မတ်လ ၁၂ ရက်နေ့တွင်လည်း မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်းမကြီးပေါ်ရှိ ဆွပ်ခါးကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေတပ်မတော် KIA တပ်ရင်း ၂၂ တပ်ဖွဲ့ တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

မတ်လဆန်းပိုင်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့သည် ဆွမ်ပရာဘွမ့်မြို့နယ်အတွင်းရှိ ဆွမ်ပီယန်၊ ဆူးယန်နှင့်ခင်ဒူယန် စသည့်နေရာများတွင် စစ်အားတိုးချဲ့ကာ စစ်ရေးလှုပ်ရှားမှုများရှိလာသောကြောင့် တဖန်တိုက်ပွဲပြင်းထန်လာမည်ကို ဒေသခံပြည်သူများစိုးရိမ်နေကြသည်။

ဒီရက်ပိုင်းအတွင်းမှာ စစ်တပ်ဘက်ကနေ စစ်ရေးလှုပ်ရှားတာတွေပြန်လုပ်လာတယ်။ ဘာလို့အခုတလော စစ်ရေးပြန်လှုပ်ရှာလာတာကို ဒေသခံတွေတောင် သေချာမသိရဘူးဖြစ်တယ်။ ဒါပေမယ့် စစ်တပ်ဘက်နေ ဒီလို စစ်ရေးလှုပ်ရှားတာတွေပြန်လှုပ်လာတော့ တိုက်ပွဲပြန်ဖြစ်လာမှာကိုတော့ စိုးရိမ်တယ်။ တကယ်လို့ မဖြစ်မနေ ဖြစ်ရမယ်ဆိုရင်တောင် ရွာနဲ့နီးတဲ့နေရာတွေမှာမဖြစ်စေချင်ဘူးဟု သတင်းအရင်းအမြစ်က ဆက်ပြောသည်။

ယခုလပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ မြစ်ကြီးနားဘက်မှ ဆွပ်ပရာဘွမ့်၊ ပူတာအို ဘက်သို့ ထပ်မံ စစ်အင်အားအလုံးအရင်းဖြင့် စစ်အင်အားတိုးချဲ့မှုများရှိလာသည့်အတွက် KIA  PDF တို့ကြားထိတွေ့တိုက်ပွဲ ၄ ကြိမ်ထက်နည်းဖြစ်ပွားမှုရှိခဲ့သည်ဟု ဒေသခံပြည်သူများပြောဆိုချက်မှသိရသည်။

ထို့နောက် ယခု မတ်လ ၁ ရက်နေ့တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပူတာအို)ဘက်မှလည်း ၂ ဖက်တပ် စစ်ရေးတင်းမာသည့် အခြေအနေဖြစ်ပေါ်နေသည့်အတွက် မြစ်ကြီးနား – ပူတာအို ကားလမ်းမကြီးပေါ်တွင် သွားလာမည့်ပြည်သူများ နံနက်ပိုင်း ၆ နာရီမှ ည ၆ နာရီအထိသာ သွားလာခွင့်ပြုထားကြောင်းနှင့် ကုန်တင်ကားများအနေဖြင့်လည်း မိုကာများအုပ်ပြီး သွားလာခြင်းများမပြုရန် ထုတ်ပြန်ကြေညာထားသည်။

ပြီးခဲ့သော ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း ဆွမ်ပရာဘွမ့်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့သည့်အတွက် ထိုဒေသရှိ ကျေးရွာပြည်သူများ မြစ်ကြီးနားမြို့ပေါ်နှင့် ဆွမ်ပီယန်ကျေးရွာအနီးတဝိုက် တောတွင်းနေရာများတွင် တစ်လကျော်ခန့်အကြာတိမ်းရှောင်ခဲ့ပြီးနောက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ၏ ညှိနှိုင်းမှုဖြင့် ကျေးရွာအတွင်း ပြန်လည်ထိုင်ခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button