သတင်း

ဖားကန့်တွင် ကွန်ပျူတာသင်ကြားပေးမည့်စင်တာ ဖျက်ဆီးခံရ

ဖားကန့်မြို့ မှော်စီဆာရပ်ကွက်တွင် ဖွင့်လှစ်ထားသော ကိုယ်ထူကိုယ်ထ ကွန်ပျူတာသင်ကြားရေး အလုပ်ရုံ စင်တာ (Computer Learning Center) တစ်ခုကို စစ်ကောင်စီတပ်ဖွဲ့များက ယနေ့နံနက်ပိုင်း ၂ နာရီဝန်းကျင်တွင် သွားရောက်ဖျက်ဆီးလိုက်သည်။

အဆိုပါ သင်တန်းနေရာ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ၃ ရက်နေ့မြောက်နေ့တွင် ယခုလို ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။

၂ နာရီလောက်မှာ လာဖျက်ဆီးပေးသွားတယ်တဲ့။ ကျနော်တို့လည်း အဲ့မှာမရှိတော့ အင်အားက ဘယ်လောက်ရှိတယ် ဆိုတာတော့ ပြောဖို့ခက်တယ်။ အဲ့ဒီ ကွန်ပျူတာ အဆောင်ဆိုပြီး ဆောက်လုပ်ထားတဲ့ နေရာက အကုန် ဖျက်ဆီးပေးလိုက်တယ်။ အထဲမှာရှိတဲ့ ပစ္စည်းအကုန်လို့ပြောလို့ရတယ်။ ပြီးရင် ကချင်အမျိုးသား အလံထောင်ထားတာလည်းအကုန်ဖြုတ်ပေးလိုက်တယ်” ဟု ပြောသည်။

ကွန်ပျူတာအဆောင်တွင်းမှ ကွန်ပျူတာ ၉ လုံးနှင့် အခြားပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးသွားပြီး ပစ္စည်းတစ်ချို့ကိုလည်း သိမ်းယူသွားသည်ဟု သိရသည်။

ထို့နောက် ရုံးစောင့်အမျိုးသားတစ်ဦးနှင့် အမျိုးတစ်ဦးရှိသည့်အနက် အမျိုးသားဖြစ်သူကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။

အဆိုပါ ကွန်ပျူတာသင်ကြားပေမည့် ရုံးနေရာသည် မူလ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရုံးဝင်း အတွင်းတစ်ဆက်တည်း တိုးချဲ့ဆောက်လုပ်ထားခြင်းဖြစ်ပြီး ကွန်ပျူတာရုံးနေရာကိုသာ ဖျက်ဆီးသွားသည်ဟု သိရသည်။

သို့သော် မည်သည့်အကြောင်းရင်းကြောင့် လာရောက်ဖျက်ဆီးသွားသည်ကို မသိရသဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ဖားကန့်တွင် ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Wunpawng Myu Sha Zinlum Hpung) မှ ကွန်ပျူတာသင်ကြားပေးမည့် အလုပ်ရုံစတင် ဖွင့်လှစ်ခဲ့ကြောင်း ကချင်သတင်းဌာန KNG အနေဖြင့် ယမန်နေ့ မတ်လ ၁၇ ရက် ညနေပိုင်း ၅ နာရီဝန်းကျင်အချိန် သတင်းရေးသားဖော်ပြခဲ့သည်။

ဖားကန့်ဒေသတွင်း အမျိုးသမီးနှင့် လူငယ်များ နည်းပညာဖြင့် ရည်ရှည်မှာ အသက်မွေးဝမ်းကြောင်း ပြုလာနိုင်ရေးအတွက် ရည်ရွယ်ပြီး ကြိုးစားလုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး ယခုလို စစ်တပ်မှ လာရောက်ဖျက်ဆီးသွားသည့်အပေါ်မှာ အလွန်စိတ်မကောင်းဖြစ်ရသည်ဟု အဖွဲ့ဝင် အမျိုးသမီးတစ်ယောက်က ပြောဆိုသည်။

ကျမတို့က နိုင်ငံရေးလုပ်နေတာလည်းမဟုတ်ဘူး။ နိုင်ငံရေးမကောင်းတဲ့ကြားထဲကနေ ဒေသဖွံ့ဖြိုးရေးအတွက်ပြီးတော့ အချိန်ကုန် ငွေကုန် လုပ်ထားကြတာဟုတယ်။ ဖွင့်ဖွဲ လုပ်ပြီးတာလည်း ဒီနေ့နဲ့ဆို ၃ ရက်ပဲရှိသေးတာ။ အခုလို လုပ်ခံလိုက်ရတော့ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ သူတို့လုပ်တဲ့ ပုံစံက ဒေသဖွံ့ဖြိုးရေးမလိုလားခြေအနေဖြစ်နေတယ်ဟုပြောသည်။

ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Wunpawng Amyusha Zinlum Hpung) သည် ပြီးခဲ့သော ၂၀၁၈ ခုနှစ်မှစတင်ကာ ဖားကန့်ဒေသအတွင်း မူးယစ်ကျေးကျွန်ဘဝရောက်နေသည့် အမျိုးသမီးများနှင့် လူငယ်များကို ကျောက်စိမ်းလက်မှုပညာများသင်ကြားပေးသည့် အစီစဉ် စတင်ခဲ့သည်။

ထို့နောက် အမျိုးသမီးနှင့် လူငယ်များ ကွန်ပျူတာအသုံးပြီး နည်းပညာပိုင်းဆိုင်ရာဘက်တွင် သိကျွမ်းလာနိုင်ရန် သင်ကြားပေးသွားမည့် ရည်ရွက်ချက်ဖြင့် ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(Wunpawng Myu Sha Zinlum Hpung)က ဆောက်လုပ်ထားသည့် အလုပ်ရုံလည်း ဖြစ်သည်။

Show More

Related Articles

Back to top button