မူးယစ်ဆေးရောင်းတဲ့ ဒိုင်ကြီးတွေကို ငွေယူပြီး ပြန်လွတ်ပေးတာ၊ ရှောင်ပြေးခိုင်းတာတွေ ရှိနေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ ဒိုင်လတ်နဲ့ ဒိုင်ကြီးတွေကို ပိုက်ဆံယူပြီး ပြန်လွတ်ပေးတာနဲ့ ကြိုတင်ရှောင်ပြေးခိုင်းတာမျိုးတွေ ရှိနေတယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။

ရမ်ပူရပ်ကွက်မှာ စစ်ကောင်စီလက်အောက်ခံ ရဲဌာနတွေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူတွေကို ဖမ်းဆီးအရေးယူတာတွေ လုပ်နေတယ်လို့ သိရပေမယ့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို အကြီးစားလုပ်ကိုင်နေတဲ့ ဒိုင်လတ်နဲ့ ဒိုင်ကြီးတွေကိုတော့ ထိထိရောက်ရောက် အရေးယူတာ မရှိသေးဘူးလို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

သိန်း ၃၀၀ တောင်းတယ်၊ ၂၅၀ နဲ့ ပြီးသွားတယ်။ သိန်း ၃၀၀ တောင်းတယ်၊ ၂၀၀ နဲ့ ပြီးသွားတယ်။ အုပ်ချုပ်ရေးရုံးမှာတောင် မဟုတ်ဘူး၊ လမ်းမှာတင်ပြီး သွားတာ။ ရှောင်ခိုင်းလိုက်၊ ငွေတောင်းလိုက်၊ ဖမ်းလိုက်နဲ့ပေါ့ကွာလို့  ပြောပါတယ်။

သတင်းမီဒီယာတွေနဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ ရမ်ပူရပ်ကွက်က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပိုမိုဖော်ပြလာပြီးနောက် ဩဂုတ်လအတွင်း အရင်ကထက် ဖမ်းဆီးအရေးယူမှုတွေ ပိုလုပ်လာတာလို့လည်း သိရပါတယ်။

ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို တတိယတန်းစား၊ အလတ်တန်းစားနဲ့ ပထမတန်းစားဆိုပြီး ခွဲပြောကြတယ်လို့ ရပ်ကွက်နေပြည်သူတွေပြောပါတယ်။

တတိယတန်းစားဆိုတာ လမ်းမကြီးနဲ့ လမ်းကြိုလမ်းကြားတွေမှာ သုံးသောင်း၊ လေးသောင်းဖိုးလောက် ရောင်းတဲ့သူတွေဖြစ်တယ်လို့ ပြောပါတယ်။

အလတ်တန်းစားတွေက ဒိုင်ဆီကနေ ဆေးယူပြီး သိန်းဆယ်ချီဖိုး ရောင်းတဲ့သူတွေဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

နောက်ထပ် ပထမတန်းစားလို့ ခေါ်တဲ့သူတွေကတော့ ပမာဏအများကြီး ရောင်းဝယ်တဲ့ ဒိုင်ကြီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ဒုတိယပတ်လောက်မှာ ရမ်ပူရပ်ကွက်၊ နယ်မြေ (၂၁) က မူးယစ်ဆေးဝါး ရောင်းတဲ့ အိမ်တန်းတချို့ကို ဖမ်းဆီးတာမဟုတ်ဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောင်းရွှေ့ခိုင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အိမ်တန်းမှာနေတဲ့ မူးယစ်ဆေးဝါးဒိုင်တစ်ဦးအပါအဝင် ရောင်းဝယ်လုပ်ကိုင်သူ ဆယ်ဦးကျော်လည်း ပြောင်းရွှေ့သွားတယ်လို့ ဆိုပါတယ်။

ဩဂုတ်လ နောက်ဆုံးပတ်မှာတော့ ဖယ်ရှားခံခဲ့ရတဲ့ အိမ်တန်းနဲ့ အိမ် ၁၀ လောက်အကွာ ရမ်ပူရပ်ကွက် ၂၁၊ ၂၂၊ ၂၃ အစပ် အိမ်တန်းလျားမှာ မူးယစ်ဆေးဝါးရောင်းပြီး ငှားနေတဲ့ ဒိုင်ကြီး ၇ ဦးလည်း ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ပထမပတ်မှာတော့ မူးယစ်ဆေးဝါး ရောင်းတဲ့ ဒိုင်လတ် ၂ ဦးကို ပြန်လည်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

လက်ရှိ ရမ်ပူရပ်ကွက်မှာ တတိယတန်းစားလို့ ခေါ်တဲ့ လမ်းမကြီးနဲ့ လမ်းကြိုလမ်းကြားတွေမှာ သုံးသောင်း၊ လေးသောင်းဖိုးလောက် ရောင်းဝယ်တဲ့ အဖွဲ့တွေ ၉၀ ရာခိုင်နှုန်းလောက် ရှင်းလင်းသွားပြီး ဆေးထိုးအပ်လို ပစ္စည်းတွေကိုလည်း အရင်လို မတွေ့ရတော့ဘူးလို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

ဖမ်းဆီးမှုတွေ များလာတဲ့နောက် မူးယစ်ဆေးဝါး ရှောက်သီးဆေးပြား တစ်ဘူးဈေးက ကျပ် ၂ သောင်းကနေ ၄ သောင်းအထိ တက်လာတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် ဒိုင်လတ်တချို့က ဒိုင်ကြီးတွေဆီကနေ ရေချိုးဆပ်ပြာခွက်တစ်ခွက်စာကို ကျပ် ၂ သိန်းလောက်နဲ့ ဝယ်ယူပြီး အဲဒီပမာဏကနေ ရှောက်သီးဆေးပြား ၄၅ ဘူးလောက် ပြန်ရရှိအောင် ခွဲရောင်းနေကြတယ်လို့ သိရပါတယ်။

တတိယတန်းစား ရောင်းဝယ်သူတွေ ရှင်းလင်းသွားတာကြောင့် ရပ်ကွက်အတွင်း နေထိုင်သူတွေအတွက် အခြေအနေတချို့ အဆင်ပြေလာပေမယ့် ဒိုင်လတ်နဲ့ ဒိုင်ကြီးတွေကို ငွေယူပြီး ပြန်လွတ်ပေးတာ၊ ကြိုတင်ရှောင်ပြေးခိုင်းတာမျိုး မလုပ်ဘဲ ထိထိရောက်ရောက် ဖမ်းဆီးအရေးယူပေးဖို့ ရပ်ကွက်နေပြည်သူတွေက တောင်းဆိုနေကြပါတယ်။

ဒိုင်တွေကိုထိထိရောက်ရောက်မဖမ်းရင် နောက်တစ်လ နှစ်လဆိုရင် အရင်တိုင်းပဲပြန်ဖြစ်လာမှာ အဲဒါကြောင့် အဓိကတော့ ဒိုင်တွေဖမ်းပေးစေချင်တယ်လို့ ရပ်ကွက်နေပြည်သူအမျိုးသမီးတစ်ဦး ပြောပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုနဲ့ လောင်းကစားဝိုင်းတွေကြောင့် အသက်မပြည့်သေးတဲ့ ကလေးတွေအပါအဝင် အသက်အရွယ်စုံ လူမှုအသိုင်းအဝိုင်းအပေါ် ထိခိုက်မှုတွေ ရှိနေတယ်လို့ ပြည်သူတွေက ပြောပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးနဲ့ လောင်းကစားဝိုင်းတွေ ရှိနေတဲ့အခြေအနေဟာ မြို့တွင်းခိုးဆိုးလုယက်မှုနဲ့ လူသတ်မှုတွေ မကြာခဏဖြစ်လာတာနဲ့လည်း ဆက်စပ်နေတယ်လို့ မြို့ခံတွေက ပြောပြီး မြစ်ကြီးနားမြို့မှာ နေထိုင်ရတာ အရင်ထက် လုံခြုံမှုပိုနည်းလာတယ်လို့ ဆိုပါတယ်။

By – Hope

Show More

Leave a Reply

Back to top button