ပရဟိတအသင်းတွေ မှုခင်းသတင်း မတင်ဖို့ နယ်ထိန်းရဲတွေ သတိပေးထား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်က ပရဟိတလူမှုကူညီရေးအသင်းတွေကို ရဲအရေးပိုင်မှုခင်းတွေနဲ့ ပတ်သက်တဲ့ ဓာတ်ပုံနဲ့ ရုပ်သံတွေကို ရဲဌာနရဲ့ ခွင့်ပြုချက်မရဘဲ လိုင်းပေါ်မတင်ဖို့ ကန့်သတ်လာတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီကန့်သတ်ချက်ဟာ တရားဝင်စာထုတ်ပြန်ထားတာမျိုးမဟုတ်ဘဲ မြစ်ကြီးနားမြို့က နယ်ထိန်းရဲတွေက ပရဟိတအသင်းတချို့ကို ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး နှုတ်နဲ့ လာပြောထားတာလို့ သိရပါတယ်။ 

ဥပမာ ရိုးရိုးယာဉ်တိုက်မှု၊ ရေနစ်သေဆုံးမှုနဲ့ မီးလောင်မှုတွေလို ဖြစ်စဉ်တွေကို လိုင်းပေါ်တင်တာ ပြဿနာမရှိပေမယ့် လူသတ်မှု၊ လူသေမှုနဲ့ မူးယစ်ဆေးဝါးကြောင့် သေဆုံးမှုလို ရဲအရေးပိုင်မှုခင်းတွေကိုတော့ ခွင့်ပြုချက်မရဘဲ မတင်ဖို့ ပြောထားတယ်လို့ ပရဟိတအသင်းဝင်တွေနဲ့နီးစပ်တဲ့ အမျိုးသမီးတစ်ဦး ပြောပါတယ်။

အဓိက ပြဿနာက ရဲအရေးပိုင်သတင်းတွေ လိုင်းပေါ် အလျင်စလို မတင်ဖို့ တားမြစ်တာရှိတယ်။ တင်လို့ မှားခဲ့ရင် တာဝန်ယူရမယ်။ ရိုးရိုးယာဉ်တိုက်မှုတို့၊ ရေနစ်သေတာတို့၊ မီးလောင်တာတို့ တင်တာ ကိစ္စမရှိဘူးတဲ့။ တစ်ချို့သတင်းတွေကို ခွင့်ပြုချက်မရဘဲ မတင်ဖို့ လာပြောခံရတာရှိတယ်” လို့ ပြောပါတယ်။

ခုလို ပြောဆိုထားတာကြောင့် ပရဟိတအသင်းတွေအနေနဲ့ မှုခင်းဖြစ်စဉ်တွေမှာ သွားရောက်ကူညီတဲ့အခါ ဓာတ်ပုံနဲ့ ရုပ်သံမှတ်တမ်းယူတာ၊ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လူမှုကွန်ရက်ပေါ် မျှဝေတာတွေမှာ အရင်ထက် ပိုသတိထားလာရပြီး လုပ်ငန်းလုပ်ကိုင်ရတာ ပိုခက်လာတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းဝင်တချို့က ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေ များလာနေတဲ့အခြေအနေမှာ မှုခင်းဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ ဓာတ်ပုံနဲ့ ရုပ်သံတွေကို လိုင်းပေါ် မျှဝေဖို့ ကန့်သတ်လာတာဟာ ပြည်သူတွေ မြို့တွင်းလုံခြုံရေးအခြေအနေကို အချိန်မီသိရှိဖို့ အခက်အခဲရှိလာနိုင်တယ်လို့ မြို့ခံတချို့က ပြောပါတယ်။

မြစ်ကြီးနားမှာ ခုနောက်ပိုင်း မှုခင်းနဲ့ မတော်တဆမှုတွေ ဖြစ်တဲ့အခါ လူမှုကွန်ရက်ကနေ အရင်သိရတာများလာတာကြောင့် ပရဟိတအသင်းတွေက မှုခင်းဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မျှဝေဖို့ အခက်အခဲရှိလာရင် ပြည်သူတွေကို အချိန်မီ အသိပေးနိုင်ဖို့လည်း အခက်အခဲရှိလာနိုင်တယ်လို့ မြစ်ကြီးနားမြို့အမျိုးသားတစ်ဦးက ပြောပါတယ်။

အခုနောက်ပိုင်း မှုခင်းတွေဖြစ်ရင် လိုင်းပေါ်ကနေ အရင်သိရတာများတယ်။ ပရဟိတအသင်းတွေကလည်း ဓာတ်ပုံ၊ ဗီဒီယိုတွေ မတင်ရဘူးဆိုရင် ပြည်သူတွေကို အချိန်မီ အသိပေးဖို့ အခက်အခဲရှိသွားနိုင်တယ်” လို့ သူက ပြောပါတယ်။

ဒီလို မှုခင်းသတင်းတွေကို မျှဝေဖို့ ကန့်သတ်တာဟာ မြို့တွင်းလုံခြုံရေးအခြေအနေ၊ ရဲတပ်ဖွဲ့ရဲ့ မှုခင်းထိန်းချုပ်နိုင်မှုနဲ့ လုံခြုံရေးအားနည်းချက်တွေ လူထုအကြား ပိုမြင်သာလာမှာကို စိုးရိမ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေ ပိုများလာနေပြီး အုပ်စုဖွဲ့လုယက်မှု၊ ဓားနဲ့လုယက်မှုတွေပါ ဖြစ်လာနေပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း KNG က စုစည်းထားတဲ့အချက်လက်တွေအရ မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှု ၅၀ ကျော်ရှိခဲ့ပါတယ်။

အဲဒီလို မှုခင်းတွေ မကြာခဏဖြစ်နေချိန်မှာ ပရဟိတအသင်းတွေကို မှုခင်းနဲ့ပတ်သက်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ လိုင်းပေါ်မတင်ဖို့ ပြောဆိုထားတာကြောင့် ပြည်သူတွေ အချိန်မီ သတင်းအချက်အလက်ရရှိရေး အခက်အခဲရှိလာနိုင်တယ်လို့ မြို့ခံတချို့က ပြောပါတယ်။

By – Hope

Show More

Leave a Reply

Back to top button