သတင်းဆောင်းပါး

တစ်ကျော့ပြန် ခြိမ်းခြောက်လာတဲ့ မူးယစ်ဆေးဝါးအန္တရာယ်

လူအသွားအလာ နည်းပါးတဲ့အတွက် ဒူးလောက်အမြင့်ရှိတဲ့ ချုံနွယ်ပိတ်ပေါင်းတွေက ထူထပ်လို့နေပြီး ဆိုင်ကယ်တစ်စီးစာမျှသာ ဝင်လို့ရတဲ့ လမ်းကြားကလေးထဲမှာ လူတစ်စု ထိုင်နေကြပါတယ်။

ရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီ ဝတ်ထားတဲ့ အရပ် ၅ ပေကျော်ကျော် အသားခပ်ညိုညိုနဲ့လူ အပါအဝင် လူတစ်စု နဲ့ လျှာထိုးဦးထုပ်လေးဆောင်းပြီး ဘောင်းဘီခပ်တိုတိုကိုဝတ်ထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအပြင် တခြားလူတစ်စုဟာ သူတို့စီးလာတဲ့ 125 ဆိုင်ကယ် ဘေးနား ကပ်လျှက် ဟိုတစ်စု ဒီတစ်စု မြေကြီးပေါ် ဆောင့်အောင့်ထိုင်ကာ တစ်စုံတစ်ရာကို တီးတိုးတိုင်ပင် နေကြပါတယ်။

အဲ့ဒီမြင်ကွင်းဟာ မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားအနီးက စီတာပူရပ်ကွက်လမ်းကြားကလေးထဲ မူးယစ်ဆေးဝါး ရောင်းသူနဲ့သုံးစွဲသူတို့ အ‌ရောင်းအဝယ်လုပ်နေတဲ့မြင်ကွင်းပဲ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာပိုင်တွေက ဖမ်းဆီးမှုတွေ လျော့နည်းလာပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေက ပိုမို ကျယ်ပြန့်လာနေတာပါ။

ဆေးက အခု ခင်ဗျားတစ်ထောင်ဖိုးလိုချင်လား တစ်ထောင်ဖိုးလည်းရတယ်လို့ဆိုလာသူက မန်ခိန်ရပ်ကွက်က ဒေသခံတစ်ဦးပါ။

ဒါ့အပြင် မြစ်ကြီးနားမြို့ ရပ်ကွက်၊ ကျေးရွာများရှိ လူသွား လူလာပြတ်တဲ့ လမ်းကြိုလမ်းကြားတွေနဲ့ ၊ မြစ်ကမ်းနံဘေးတွေမှာ ပြန့်ကြဲနေတဲ့ ဆေးထိုးအပ်တွေကိုလည်း နေရာအနှံ့တွေ့လာရတယ်လို့ မန်ခိန်ရပ်ကွက် ဧရာဝတီမြစ်နံဘေးရှိ ဒေသခံတစ်ဦးကဆိုပါတယ်။

မြစ်ကြီးနားမှာ မူးယစ်ဆေးဝါးရောင်းဝယ်သူနဲ့သုံးစွဲသူ တစ်ဆတစ်ဆပိုပြီး များပြားလာနေပြီ” လို့ လွန်ခဲ့တဲ့ရက်အနည်းငယ်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးနှင့် မူးယစ်ဆေးဝါးအကြောင်း စကားစမြည်ပြောတုန်းက ပြောပြခဲ့တာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင်းက ရပ်ကွက်၊ ကျေးရွာတွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု ပိုမိုများပြားလာနေသလို တစ်ဖက်မှာလည်း သုံးစွဲသူတွေ တစ်ဆပြီးတစ်ဆ ပိုမိုများပြားလာနေတယ်လို့ မြစ်ကြီးနားမြို့ခံတွေက ဆိုပါတယ်။

အခုက ဆေးသုံးနေတဲ့သူတွေထဲ ၁၈နှစ်၁၉နှစ်အရွယ် ကလေးတွေတွေ့နေရတယ် နိုင်ငံရေးအခုလိုဖြစ်ပြီးနောက်ပိုင်း ကျောင်းကလည်းမတက် အလုပ် က လက်မဲ့ဖြစ်နေကြတော့ အဲ့လိုနဲ့ပဲ ပျက်စီးနေကြတာများတယ် “ လို့ မန်ခိန်ရပ်ကွက်က ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း အခုလို မူးယစ်ဆေးသုံးစွဲနေသူတွေထဲ မှာ လူငယ်တွေက ပိုများတယ်လို့ ဆေးရောင်းတဲ့ အိမ်ဘေးမှာနေတဲ့ လူငယ်လေးတစ်ဦးက ပြောပြပါတယ်။

တစ်ရက်ကို လူအယောက် ၆၀ လောက်အဝင်အထွက်လုပ်နေတာ ပြီးရင်ညနေပိုင်းဆို အဲ့ဒီအိမ်နား လူငယ်တွေ ရစ်သီရစ်သီနဲ့ သွားနေကြတာ လာတဲ့သူတွေထဲ လူကြီးတွေလည်းရှိပါတယ် ဒါပေမဲ့ ကျနော်တို့ထက်ငယ်တဲ့ သူတွေကပိုများတယ် လို့ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ လူငယ်လေး၏အိမ်ရှေ့ ရှိ လမ်းကြားကလေးထဲ တစ်နေ့တစ်နေ့ ၁၈ နှစ် ၁၉ နှစ်အရွယ် လူငယ်တွေ ဆေးရောင်းသူအလာကို မကြာခန ရပ်စောင့်နေတတ်သလို ဆေးရောင်းသူလာသည်နှင့် အိတ်ကပ်ထဲက ပိုက်ဆံကို ကဗျာကယာ အမြန်ထုတ်ပေးပြီး ဆေးရောင်းဝယ်နေတဲ့ မြင်ကွင်းဟာ သူ့အတွက်ရိုးနေပြီလို့ ဆိုပါတယ်။

မူးယစ်ဆေးသုံးစွဲသူတွေထဲ လူငယ်တွေလည်း သိသိသာသာများပြားလာသလို တစ်ဖက်မှာ မူးယစ်ဆေး သုံးလက်စရှိခဲ့တဲ့ သူတွေကတော့ ပိုမိုသုံးစွဲလာပြီး လူပျက်တဲ့လမ်းကြားတွေမှာဆို ဆေးထိုးအပ်တန်းလန်းနဲ့ မှိန်းနေတဲ့ သူတွေကိုပါ ပေါ်ပေါ်ထင်ထင် မြင်လာရတယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို မူးယစ်ဆေးသုံးစွဲမှုတွေများပြားလာရခြင်းမှာ မူးယစ်ဆေးဝါးစျေးနှုန်းတွေ သိသိသာသာ ကျဆင်းသွားတာကြောင့် ဖြစ်နိုင်တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ဆောင်နေတဲ့ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ဆိုပါတယ်။

မူးယစ်ဆေးဝါး အမျိုးအစားတွေထဲက ဘိန်းဖြူ မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က လက်ညိုးနှစ်ဆစ်စာ ပင်နီဆလင်ပုလင်း တစ်ပုလင်းဆိုရင် ကျပ် ၅ သောင်းခန့်ရှိခဲ့ရာကနေ လက်ရှိကာလပေါက်စျေးမှာတော့ တစ်ပုလင်းကို ကျပ် ၁ သောင်းခွဲ ဝန်းကျင်သာရှိတော့တယ်လို့ အသက် ၄၂ နှစ်အရွယ် မူးယစ်ဆေးစွဲနေသူ အမျိုးသားတစ်ဦး ကဆိုပါတယ်။

အရင်ကျနော်တို့သုံးစွဲတုန်းကဆိုရင် ၅ ထောင်ဖိုးတောင်မလွယ်ဘူး။ အခု ဟိုဖက်ကမ်းမှာဆို ငါးရာဖိုး တစ်ထောင်နှစ်ထောင်ဖိုးလည်းရတယ်။ စျေးကတော်တော်ကျသွားတာ ကျနော်အံ့သြနေတာလို့ဘိန်းဖြူကို အနှစ်၂၀ ကြာသုံးစွဲခဲ့ဖူးသူ အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးက ဆိုပါတယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကို ဦးဆောင်နေတဲ့ အသက် ၅၀ခန့်အရွယ်အမျိုးသား တစ်ဦးကတော့ မူးယစ်ဆေးဝါးတွေ အလွန်အကျွံပေါတဲ့ ခေတ်မျိုး ပြန်ရောက်မှာ စိုးရိမ်တယ်လို့ ဆိုပါတယ်။

ကျနော်တို့ငယ်ငယ်တုန်းကဆို လမ်းကြိုလမ်းကြားတွေမှ မဟုတ်ဘူး လမ်းမတွေမှာလည်း ဆေးသမားတွေပွဲလိုပဲ ဟိုမှာတစ်စု ဒီမှာတစ်စုနဲ့ အဲ့ဒီထဲကျနော်တို့ ကိုယ်တိုင်လည်းပါခဲ့တာပေါ့ အဲ့ဒီခုနှစ်တွေကိုတော့ တစ်ကျော့မပြန် စေချင်ဘူး

Show More

Related Articles

Back to top button