လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

အရပ်သား ၉ ဦးသတ်ဖြတ်ခံရသောဖြစ်စဉ် အမှုမှန်ဆောင်ရွက်ရေးအတွက် ကြန့်ကြာမှု ရှိနေဆဲ

ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်  လဝါးကျေးရွာအုပ်စု မဂေါင်းတောင် (Magawng Tawng) ကျေးရွာတွင် အရပ်သား ပြည်သူ ၉ ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး တာဝန်ရှိသည့် KIO/KIA သည် အမှုကျူးလွန်သူများနှင့် ဆက်စပ်နေသူတချို့ကို အရေးယူမှုမပြုဘဲ အမှုကြန့်ကြာအောင် လုပ်ဆောင်နေသည်ဟု အမှုမှန်ပေါ်ပေါက်ရေး လူထုကော်မတီ(Mung Shawa Lamtam Commitee)ဆောင်ရွက်နေသူများက ပြောဆိုသည်။

အရပ်သားပြည်သူ ၉ ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၂၀ မှ သတ်ဖြတ်လိုက်သည့်ဖြစ်စဉ်သည် မတ်လ ၂၅ ရက်နေ့တွင် ၂ လတိတိပြည့်ခဲ့ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ လူသတ်မှုကျူးလွန်ထားသူတစ်ချို့ကို ထိန်းသိမ်းထားသည့် အနေအထားသာဖြစ်ပြီး တရားမျှတမှုရရှိအောင် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း အမှုမှန်ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်ပေးနေသည့်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

အခုသူတို့က တကယ်သတ်လိုက်တဲ့ သူတွေ လောက်ကိုပဲ ဖမ်းဆီးထားတယ်။ ဒါပေမယ့် ဒီလိုသတ်ဖြတ်တာတွေ ဖြစ်သွားအောင်အထိ နောက်ကနေ မဟုတ်မမှန်သတင်းပေး သွေးထိုးပေးခဲ့တဲ့ သူတွေကိုပါ ဖမ်းပြီးအရေးယူစေချင် တယ်။ အခုက သတ်လိုက်တဲ့ သူတွေလောက်ပဲ သိကြပြီးတော့ ကျန်တဲ့သူတွေကို ဖုံးဖိဖို့လုပ်နေကြတယ်။ ပြီးရင် KIO/KIA ကိုယ်တိုင်လည်း ဘယ်သူတွေပါဝင်နေတယ်ဆိုတာ သိပြီးသားပဲ။ ဒါကို အခုချိန်ထိ အမှုကြန့်ကြာအောင် လုပ်နေတယ်။ ကျနော်တို့ဘက်ကတော့ အမြန် အဆုံးသတ်ချင်ပြီဟုပြောသည်။

လက်ရှိတွင် မျက်မြင်သက်သေတစ်ချို့နှင့် အမှုကျူးလွန်သူများ ၁၉ ဦးကို KIA တပ်မဟာ ၂ တွင် ထိန်းသိမ်းထားသော်လည်း အသတ်ခံလိုက်ရသော မိသားစုဝင်များအတွက် တရားမျှတမှုရရှိအောင် လုပ်ဆောင်ပေးခြင်း မရှိဟု သိရသည်။

တရားမျှတမှုရရှိရေးအတွက် လုပ်ဆောင်ရန်လိုအပ်သော်လည်း တာဝန်ရှိကြသည့် KIO/KIA ဘက်မှ ရက်ကို ပြောင်းလဲ ချိန်ဆိုမှုသာ လုပ်ဆောင်နေသည်ဟု အထက်ပါ အမှုမှန်ပေါ်ပေါက်ရေးမှ တာဝန်ရှိသူက ဆက်ဆိုသည်။

သူတို့ဘက်ကနေ စုံစမ်းရေးအဖွဲ့နဲ့ ကျနော်တို့ ဒေသခံ စုံစမ်းရေးအဖွဲ့တွေကနေ ရရှိထားတဲ့ အချက်အလက်တွေ ပြန်စီစစ်ရမယ်ဖြစ်တယ်။ ဒါပေမယ့် တွေ့ဖိုရက်ကိုပဲပြောင်းနေတာ။ ဒီပြဿနာထဲမှာ ဘယ်တွေပါတယ် ဆိုတာက သိနေပြီ။ သူတို့ တာဝန်ရှိတဲ့ သူတွေအနေနဲ့ မြန်မြန် မလုပ်တော့ အချိန်တွေက မကြာသင့်ဘဲကြာသွားတယ်။ ပြောချင်တာက ဒီလောက်ကြီးမားတဲ့ လူသတ်မှုကို လုပ်ခဲ့တဲ့သူတွေကို ပေါ့ပေါ့ဆဆ လုပ်နေကြတယ်ဟု ပြောသည်။

တနိုင်းလီဒိုလမ်း လဝါးကျေးရွာ အနီးမကောင်းတောင် ကျေးရွာတွင် သတ်ဖြတ်ခံခဲ့ရသည့် ပြည်သူ ၉ ဦး၏ ရုပ်အလောင်းများကို ပြန်လည် မြေမြှုပ်ထားသည့် မြင်ကွင်းနေရာ

လက်ရှိ KIO/KIA ထိန်းသိမ်းထားသူများမှာ သတ်ဖြတ်မှု တိုက်ရိုက်ကျူးလွန်ထားသူများကိုသာဖြစ်ပြီး သတ်ဖြတ်မှုဖြစ်ပွားအောင် သတင်းပေး လှုံ့ဆောင်ပါဝင်ခဲ့သူများအား ချန်လှပ်ထားသည်ဟု အသတ်ခံရသော မိသားစုဝင်များနှင့် အမှုမှန်ပေါ်ပေါက်ရေးလုပ်ဆောင်နေသည့် လူထုကော်မတီဝင်များက ပြောသည်။

ထို့ကြောင့် သတ်ဖြတ်ခံရသည့် အရပ်သား ၉ ဦး၏ မိသားစုဝင်များသည်လည်း တရားမျှမှုရရှိအောင် အမြန်ဆုံးဆောင်ရွက်ပေးရန်နှင့် သတ်ဖြတ်ခံရသူများသည် စစ်ကောင်စီနှင့် ဆက်နွယ်ပတ်သက်မှု မရှိကြောင်း KIO/KIA အနေဖြင့် အမှားဝန်ခံ ဖြေရှင်းပေးရန်အတွက် အမှုမှန်ပေါ်ပေါက်ရေးအဖွဲ့ကို တောင်းဆိုထားသည်ဟု သိရသည်။

အမှုမှန် စုံစမ်းပေါ်ပေါက်ရေး ၁၇ ဦးကော်မတီ အနေဖြင့် အခင်းဖြစ်ပွားခဲ့သော နေရာသို့ သွားရောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ယခုသတ်ဖြတ်ခံရမှုသည် သတင်းပေးကာ ဖမ်းဆီးခိုင်းစေမှုမှ စတင်ခဲ့သည်ဟု အမှုမှန်ပေါ်ပေါက်ရေးကော်မတီ အဖွဲ့ဝင်များက ပြောသည်။

သတ်ဖြတ်ခံရသူ ၉ တွင်ပါဝင်သော ဦးကျော်စိုး သည် မဂေါင်းတောင်ဒေသခံတချို့ကြား လွန်ခဲ့သည့် ၂ နှစ်ခန့်တွင် မြေယာပြဿနာရှိခဲ့ကြောင်း ထပ်မံ သိရသည်။

လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်ဝန်းကျင် လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာတွင် မြစ်ကြီးနားကတ်သလစ်ဘုန်းတော်ကြီးတပိုင် (Myitkyina Jau Ginwang) မှ ဒေသခံပြည်သူများ မွေးမြူရေးအတွက် စားကျက်မြေအဖြစ် မြေဧက တစ်ထောင်  လျှောက်ထားရယူခဲ့ကြသည်။

ထို့နောက် ၂၀၁၈ ခုနှစ်တွင် ထိုစားကျက်မြေ အဖြစ်ရယူထားသည့် မြေနေရာပေါ်တွင် မဂေါင်းတောင် ဒေသခံပြည်သူတစ်ချို့က လယ်ယာလုပ်ငန်းသာ လုပ်ကိုင်လိုကြောင်း ကန့်ကွက်ပြောဆိုမှုများ ရှိလာသောကြောင့် မြေယာအငြင်းပွားမှုများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဖြေရှင်းပေးခဲ့ရသည်ဟု သိရသည်။

စားကျက်မြေရယူထားသူများက ၎င်းတို့၏ စားကျက်မြေနေရာ တရားဝင်ဖြစ်ရန်အတွက် အစိုးရ နှစ်ဖက်ထံ တောင်းလျှောက်မှုပြုလုပ်ခဲ့ရာတွင် ယခုသတ်ဖြတ်ခံလိုက်ရသည့် ဦးကျော်စိုး သည် ငွေကုန်ကျခံကာ လိုက်ပါ ဆောင်ရွက်ခဲ့သောကြောင့် စားကျက်မြေရရှိသည့် ဒေသခံပြည်သူများက  ဦးကျော်စိုးကို မြေဧက ၁၀၀ ကျော်ခန့်ကို ပြန်လည်ခွဲဝေ ပေးခဲ့သည်ဟု သိရသည်။

ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ ဦးကျော်စိုးသည် ကျွဲ၊ နွား ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်ပြီး မဂေါင်တောင် ကျေးရွာတွင် ရရှိထားသည့် မြေနေရာပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ကာ နေထိုင်ကြောင်း သိရသည်။

ကျနော်က အခုဖြစ်သွားတဲ့ ကိစ္စနဲ့ဆက်စပ်ပြီးပြောရမယ်ဆိုရင် ဒီမြေပြဿနာတစ်ခုကြောင့်နဲတော့ မဖြစ်နိုင်ဘူး။ သူတို့ရဲ့ လှုပ်ရှားမှုကြောင့်သာ မြေယာက တရားခံဖြစ်သွားတယ်လို့မြင်တယ်။ ကျနော်တို့တွေ မသိနိုင်တဲ့ လူမှုရေးကိစ္စတွေလည်း ရှိနိုင်တာပဲလေ။ အသေးစိတ်တော့ မသိနိုင်ဘူး” ဟု မဂေါင့်တောင် ဒေသခံတစ်ဦးက KNG ကို ပြောသည်။

ယခုဖြစ်စဉ်သည် ပြီးခဲ့သော ဇန်နဝါရီလ ၂၄ ရက်နေ့ မဂေါင်းတောင်ကျေးရွာတွင် ဦးကျော်စိုးရှိနေသည့် အခင်းနေရာတွင် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၂ ဦးရှိနေစဉ် KIA စစ်သားများနှင့် PDF အဖွဲ့များက ည ၈ နာရီဝန်းကျင်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၆ နာရီအကြာတွင် သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။

အရပ်သားပြည်သူ ၉ ဦးသတ်ဖြတ်ခံရသည့် တစ်လပြည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မိသားစုဝင်များနှင့် အမှုမှန်ပေါ်ပေါက်ရေး အဖွဲ့တို့က သတ်ဖြတ်မြုပ်နှံ့ထားသော ရုပ်အလောင်းများ သွားရောက်ထုတ်ယူကာ မြေမြှုပ်သဂြိုလ်ပေးခဲ့ကြသည်။

သတ်ဖြတ်ခံလိုက်ရသူများမှာ အသက် ၄၇ နှစ် ဦးလော်ဒေးယောဟန်၊ အသက် ၄၉ နှစ် ဦးကျော်စိုး၊ အသက် ၅၆ နှစ် ဦးလဇွပ်တူးလွမ့်၊ အသက် ၃၅ နှစ် လဇွမ်ထွယ့်ရှောင်၊ အသက် ၂၈ နှစ် ဖော်မာခေါန်ဘူ၊ အသက် ၂၈ နှစ် အင်ဒေါင်ထုနန်၊ အသက် ၂၇ နှစ်ထွန်းယုံ၊ အသက် ၅၀ နှစ်အရွယ် မြင့်ထွေးနှင့် ဖိုးလေးတို့ဖြစ်ကြသည်။

အဆိုပါ သတ်ဖြတ်ခံရသည့် အထဲက ဦးလော်ဒေးယောယန်သည် နမ္မတီးမြို့ ဒေသခံတစ်ဦးဖြစ်ပြီး ဦးလဇွပ်တူးလွမ့်၊ လဇွပ်ထွယ်ရှောင်၊ ဦးမြင့်ထွေး၊ ထွန်းယုံ စသည့် ၄ ဦးသည် ဗန်းဒေသခံများဖြစ်ကြသည်။ ဒေါ်ဖော်မာခေါန်ဘူနှင့် အင်ဒေါင်ထုနန် ၂ ဦးသည် ဆားမှော် ဒေသခံများဖြစ်ကြပြီး ဦးကျော်စိုးက မိုးကောင်းမြို့ ဒေသခံဖြစ်သည်။

အရပ်သားပြည်သူ ၉ ဦးအကြောင်းမဲ့ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး မိသားစုဝင်များနှင့် အမှုမှန်စုံစမ်းဖော်ထုတ်ရေး ကောက်မတီအနေဖြင့် တရားမျှတမှုအမြန်ဆောင်ရွက်ပေးရန် တောင်းဆိုနေသော်လည်း KIO/KIA ဘက်မှ လက်ရှိအချိန်အထိ စုံစမ်းစစ်ဆေးနေသည့် အဆင့်တွင်သာရောက်ရှိနေသေးကြောင်း KIO ဗဟိုဌာန ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ယခုလိုပြောသည်။

စစ်ဆေးနေဆဲဖြစ်တယ် စစ်ဆေးမှုပြီးမြောက်လာတဲ့ အခြေအနေမှာတော့ရှိနေပြီလို့ ပြောလာတယ်။ ဆုံးဖြတ်တဲ့အပိုင်းတွေတော့မရောက်သေးဘူး။ ဘာကြောင့်ဖြစ်သွားတယ်ဆိုတာက စစ်ဆေးလိုက်ရင်အဖြေက ထွက်လာမှာပဲ စစ်ဆေးတာတွေ မပြီးသေးတော့ သေချာပြောဖို့ကဆက်နေသေးတယ်ဟုပြောဆိုသည်။

လက်ရှိ ၂ လ ပြည့်သွာသည်အထိ သတ်ဖြတ်ခံရသော အရပ်သား ၉ ဦးအမှုနှင့်ပတ်သက်ပြီး တရားမျှတမှုရရှိရေးအတွက် တာဝန်ရှိသော KIO အစိုးရ၏ လုပ်ဆောင်မှုကို အားမရသလို အမှုကို ကြန့်ကြာအောင် လုပ်ဆောင်နေသလား မေးခွန်းထုတ်ဖွယ်ရှိကြောင်းလည်း အမှုမှန်ပေါ်ပေါက်ရေးလူထုကော်မတီက ပြောဆိုသည်။

Show More

Related Articles

Back to top button