တိုက်ပွဲသတင်း

ရွှေကူနယ်တွင် စစ်ရေးတင်းမာလျက်ရှိနေပြီး လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ ပြတ်တောက်ခံထားရ

စစ်ရေးတင်းမာမှုရှိနေသည့် ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်က လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း ဒေသခံများထံမှသိရသည်။

မတ်လ ၂၃ ရက်နေ့မှစတင်ကာ ရွှေကူအရှေ့ဘက်ခြမ်းနေရာတွင် စစ်ကြောင်း ၃ ခုဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF တို့ကြား တိုက်ပွဲ ၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာမှုရှိနေဆဲဖြစ်သည်။

ယခုလို စစ်ရေးတင်းမာမှုရှိနေသည့်အတွက်ကြောင့် မတ်လ ၂၇ ရက်နေ့မှ လျှပ်စစ်မီးများ ဖြတ်တောက်ခံထားရသည်ဟု ရွှေကူဒေသခံတစ်ဦးက KNG ကိုပြောသည်။

လျှပ်စစ်မီးလည်းဖြတ်ထားတယ် ။ မနေ့ကတစ်နေကုန် တစ်ညလုံးမလာဘူး ဒီနေ့လည်းခုထိမလာသေးဘူး ရွှေကူမှာခါတိုင်းဒီလိုင်မီးမပျက်ဘူး။ ရွှေကူတစ်မြို့နယ်လုံးပဲရွာတွေလည်းမလာဘူး ဗန်းမှော်မြို့နယ်ထဲတော့လာတယ်ဟုပြောသည်။

ထို့အပြင် ဆက်သွယ်ရေးဖုန်းလိုင်းများဖြစ်ကြသည့်  Atom ဖုန်းလိုင်း၊ Mytel ဖုန်းလိုင်းနဲ့၊ MPT ဖုန်းလိုင်းများလည်း နေရာကွက်ပြီး ဖြတ်တောက်ထားခံရကြောင်း နောက်ထပ် ရွှေကူဒေသခံတစ်ဦးကပြောသည်။

ဖုန်းလိုင်းကမြို့ထဲမှာတော့ရတယ်။ တယ်လီနောတော့သိပ်မပေါချင်ဘူးမြို့ထဲမှာလည်း ရွာဘက်တွေမှာတော့ တယ်လီနော၊ MPT Mytel တွေဖြတ်ထားတယ် နေရာကွက်ကျားဖြတ်ထားတယ်။ ဆက်လို့မရဘူးဟုပြောသည်။

တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် နောက်ပိုင်းမှ ဆက်သွယ်ရေးဖုန်းလိုင်းများစတင်ပြတ်တောက်လာပြီး ယနေ့ မတ်လ ၂၈ ရက်နေ့အထိ ရွှေကူမြို့နယ်အတွင်း ဖုန်းလိုင်းများပိုမိုခက်ခဲသွားကြောင်း သိရသည်။

လက်ရှိ စစ်ရေးတင်းမာမှုဖြစ်ပွားနေသည့် နေရာသည် တိုက်ပွဲဖြစ်ပွားခဲ့သော ရွှေကူမြို့အရှေ့ဘက်ခြမ်း မံဝိန်း၊ ဝင်ဝ၊ ငှက်တံတား၊ နောင်လတ်ကြီး ၊ စီသောင်၊ စီမူလေးစသည့်ကျေးရွာများဖြစ်ကြပြီး ထို ကျေးရွာနေရာများတွင် စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုး ဝင်ရောက်နေဆဲရှိနေကြောင်း ဒေသခံများကပြောသည်။

ရွှေကူအရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သဖြင့် KIA PDF တို့က ကြားဖြတ်ဝင်ရောက်ခဲ့သောကြောင့် မတ်လ ၂၄ မနက်ပိုင်းနောင်လတ်ကြီးကျေးရွာအနီးတွင်တစ်ကြိမ်၊ မတ်လ ၂၃ ရက်နေ့က ငှက်တံတားကျေးရွာအနီးတွင်တစ်ကြိမ်နဲ့ မတ်လ ၂၆ ရက်နေ့ မနက်ပိုင်း စီမူလေးကျေးရွာအတွင်းတွင် တစ်ကြိမ် သုံးကြိမ်တိတိတိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြားပြီး စစ်သား ၅ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။

Show More

Related Articles

Back to top button