ဆန်းစစ်ချက် ဆောင်းပါးဆောင်းပါးအမြင်

ကိုယ့်စည်းကို  လုံအောင်စောင့်ကြမယ်

“အချစ် နဲ့ စစ် မှာမတရားတာမရှိဘူး အကုန်လုံးတရားတယ်” ဆိုတဲ့ မြန်မာဆိုရိုးစကားရှိပေမယ့်လို့ လူသားချင်းစာနာမှုရှိဖို့နဲ့ နိုင်ငံတကာစစ်ဥပေဒများကို လက်နက်ကိုင်ထားတဲ့တပ်ဖွဲ့တိုင်းက လိုက်နာဖို့ အထူးပင်လိုအပ်နေပါတယ်။

နွေဦးတော်လှန်ရေးဟာ လူသတ်ပွဲမဖြစ်ချင်ပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိအနေထားအရမှာတော့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား အပြန်အလှန်သတ်ဖြတ်နေမှုဟာ ဓလေ့တစ်ခုဖြစ်လာပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အာဏာသိမ်းမှုကို လက်မခံတဲ့ပြည်သူတွေဟာ လမ်းမပေါ် ထွက်ပြီးတော့ နည်းလမ်းပေါင်းများစွာနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြ ပြည်သူတွေကို စစ်တပ်က လက်နက်အသုံးပြုပြီး အကြမ်းဖက်ဖြိုခွင်းသတ်ဖြတ်တာတွေ၊ ဖမ်းဆီးနှိပ်စက်တာတွေ ၊ နေ့ဖမ်း ညဘက်အလောင်းလာပို့တဲ့စနစ် ကျင့်သုံးလာတဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေဟာ မြန်မာပြည်သူတွေအတွက် လက်နက်ကိုင်လမ်းစဉ်တွေကို ရွေးချယ်ဖို့ အဓိကတွန်းအားတစ်ခုဖြစ်လာခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးကြေညာစာတမ်း အပိုဒ် ၈ မှာဖော်ပြချက်အရ “လူ့အခွင့်အရေး ချိုးဖောက်ခံရပါက ဥပဒေ အကူအညီယူခွင့်ရှိတယ်” ဆိုပြီး ဖော်ပြထားပေမယ့် မြန်မာနိုင်ငံရဲ့လက်ရှိ အခြေနေမှာတော့ ဥပဒေအကူအညီမရှိတော့တဲ့အပြင် ကိုယ့်တရားကို ကိုယ်စီရင်ရမယ့်အခြေနေတစ်ခုရောက်လာခဲ့တာကြောင့် အာဏာသိမ်းမှုကိုလက်မခံတဲ့ မြန်မာပြည်သူတွေဟာ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ခုခံတော်လှန်စစ်အဖြစ် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရာကနေ စစ်ပွဲအဖြစ်သို့ ပြောင်းလဲလာခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှုတွေကလည်း တစ်ဆက်တည်း ပေါ်ပေါက်လာပါတယ်။

ဒီသတ်ဖြတ်မှုတွေအားလုံးရဲ့ တရားခံဟာ စစ်ကောင်စီတပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းလိုက်ရခြင်းရဲ့ အကျိုးဆက်ဖြစ်တယ်လို့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ အခြေနေအရက တရားဥပဒေကိုင်ထားတဲ့သူတွေကိုယ်၌က စပြီးသတ်ဖြတ်လာကြတာဆိုတော့ ပြည်သူတွေကလည်း သူတို့လုပ်သလို တန်ပြန်လုပ်လိုက်မှ တရားမျှတမှုရှိတယ်ဆိုပြီး ခံယူလာကြတာလည်းပါတယ်”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကသာနယ်  မိုးတားကြီးကျေးရွာအနီး ကျွန်းပင်ရွာအပြင်လမ်းဘေးတစ်နေရာမှာ နဖူးမှာ ပစ်သတ်ထားတဲ့ဒဏ်ရာတွေအပြင် လက်ပြန်ကြိုးတုတ်ထားပြီး ရိုက်နှက်သတ်ခံထားရတဲ့အမျိုးသမီး အလောင်းတစ်လောင်းကို ဒေသခံတွေက တွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

“ အဲဒါ သူနာပြုဆေးဆရာမဟုတ်တယ် နာမည်က ဒေါ်သဲသဲဝင်းတဲ့ ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတာ စစ်တပ်သတင်းပေး (ဒလန်)တွေက တိုင်လို့ဆိုဘဲ စစ်သားတွေဖမ်းသွားတာ။ အလောင်းတွေ့တာ အလောင်းတွေ့တဲ့ချိန် လက်ပြန်ကြိုးတုပ်ပြီး တစ်ကိုယ်လုံးရိုက်နက်ထားတဲ့ဒဏ်ရာနဲ့ ပြီးတော့ နဖူးမှာ သေနတ်ပစ်သတ်ထားတဲ့ဒဏ်ရာနဲ့သေနေတာ” ဆိုပြီး ဒေသခံတွေက ပြောပါတယ်။

ဒီအမျိုးသမီးကတော့ ကသာမြို့နယ် မိုးတားကြီးကျေးရွာကဖြစ်ပြီး အာဏာသိမ်းမှုမဖြစ်ခင် ချင်းပြည်နယ် ဖလန်းမြို့နယ် ပြည်သူ့ဆေးရုံမှာ အထက်တန်းသူနာပြု တာဝန်ထမ်းဆောင်ခဲ့တဲ့သူပါ။

ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်ခဲ့ပြီးနောက် သူမရဲ့နေရပ်ဖြစ်တဲ့ ကသာမြို့နယ် မိုးတားလေးကြီး ကျေးရွာမှာ လာရောက်နေထိုင်ပြီးတော့ လမ်းဘေးတစ်နေရာမှာ ဓါတ်ဆီရောင်းပြီး ဝမ်းစာရှာဖွေနေသူဖြစ်ကြောင်း ဒေသခံတွေက အတည်ပြုပြောဆိုပါတယ်။

ဒါဟာ စစ်ကောင်စီတပ်အနေနဲ့ သေချာစီစစ်ခြင်းမရှိဘဲ သတင်းပေးသူများရဲ့ပြောစကား သံသယရှိရုံနဲ့ အပြစ်မဲ့ပြည်သူတစ်ယောက်အပေါ် လူသားချင်းစာနာမှုမရှိဘဲ ရည်ရွယ်ချက်ရှိရှိတဲ့ သတ်ဖြတ်လိုက်တာပါ။

အဲဒီ CDM ဆရာ အသတ်ခံလိုက်ရပြီးနောက် ၅ ရက်ခန့်အကြာမှာတော့ ကသာ မိုးတားလေးကျေးရွာထဲက နောက်ထပ် အမျိုးသမီး ၂ ဦးကိုလည်း အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးသွားပြီး ရက်ရက်စက်စက် သတ်ဖြတ်ထားတဲ့အလောင်းကို ဒေသခံတွေ တွေ့ရှိခဲ့ပါတယ်။

အဲဒီ အမျိုးသမီး ၂ ဦးဟာ မတ်လ ၁ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ နေအိမ်ကနေဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်လိုက်တာလို့ သိရပါတယ်။

သတ်ဖြတ်ခံလိုက်ရတဲ့ အမျိုးသမီး ဒေါ်ရီစင် အသက် ၃၅ နှစ်နဲ့ ဒေါ်စိန်ကြည် အသက် ၄၉ နှစ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာလည်း ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် ကားကြီးဝင်းထဲမှာနေထိုင်တဲ့ အသက် ၄၀ နှစ်အရွယ် ကိုအောင်နိုင်ဆိုသူကိုလည်း အမည်မသိလက်နက်ကိုင်ထားတဲ့ လူငယ် ၂ ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး ပစ်သတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေရဲ့ပြောဆိုချက်အရ ပစ်သတ်ခံရတဲ့ ကိုအောင်နိုင်ဆိုသူဟာ စစ်တပ်နဲ့ပတ်သက်ဆက်နွယ်သူတစ်ဦးဖြစ်တာကြောင့် ရှင်းလင်းခံလိုက်ရတာလို့ သုံးသပ်ပြောဆိုနေကြပေမယ့် တိတိကျကျ စုံစမ်းရာမှာ ခက်ခဲမှုတွေရှိနေပါတယ်။

“ဖားကန့်မြို့ စည်ပင်သာယာစျေးမှာ KIA ,PDF အကြမ်းဖက်ဆိုတဲ့စာ ဗီနိုင်းတစ်စောင်တက်သွားတာရှိတယ် အဲဒါကိုတော်လှန်ရေးအဖွဲ့တွေက စုံစမ်းကြည့်တော့ စျေးအနားမှာနေတဲ့သူတစ်ချို့ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အချက်နဲ့ပါဝင်ပတ်သက်နိုင်တယ်လို့ သုံးသပ်ပါတယ်”

မည်သို့ပင်ဆိုစေကာမှု အာဏာသိမ်းပြီးနောက် လုပ်ကြံသတ်ဖြတ်မှုတွေ သံသယနဲ့သတ်ဖြတ်မှုတွေဟာ တစ်ရက်ထက်တစ်ရက် ပိုမိုဆိုးရွာလာလို့နေပါတယ်။

အာဏာသိမ်းမှု ၂ နှစ်တာကာလအတွင်း သတ်ဖြတ်ခံရမှုဟာ ၃၁၁၃ ဦး ထိရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး AAPP က ထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာလည်း အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလကနေ မတ်လအထိ အကြမ်းဖက်သူများကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူ ကလေးသူငယ်များ၊ CDM ဝန်ထမ်းများ ဆရာမများ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအပါအဝင် ပြည်သူ ၅၁၅၅ ဦးကို သတ်ဖြတ်ခံထားရကြောင်း ကုလသမ္မဂ မဟာမင်းကြီးရဲ့ အစီရင်ခံစာကို စစ်ကောင်စီဘက်ကနေ တုံ့ပြန်ထားတဲ့ ထုတ်ပြန်ချက်တစ်စောင်ကို  ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ကာ ဖော်ပြထားပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် လူသတ်မှုဖြစ်စဉ်တိုင်းဟာ စစ်တပ်သတင်းပေး (သို့မဟုတ်) တော်လှန်ရေးအဖွဲ့တွေကို သတင်းပေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ တရားဝင်လူသတ်ခွင့်ရနေကြတာပါ။

မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ အရပ်သားပြည်သူတွေအပေါ် အခုလိုဥပဒေမဲ့ ညှင်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ကြတာကို ကြည့်မယ်ဆိုရင် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေကို အပြည့်အဝလိုက်နာကျင့်သုံးနိုင်မှု မရှိဘူး ဆိုတဲ့အချက်ပေါ်လွင်နေပါတယ်။

မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးကြေညာစာတမ်းကို လက်မှတ်ထိုးထားသော်လည်း နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) ကဲ့သို့ နိုင်ငံတကာလူ့အခွင့်အရေး သဘောတူစာချုပ်တစ်ချို့မှာ လက်မှတ်ရေးထိုးထားခြင်း မရှိပေ။

ထို့ကြောင့် အာဏာသိမ်းစစ်တပ်ဟာ တရားမဝင်အာဏာဖြင့် ပြည်တွင်း ဥပဒေဘောင်များကို ပြင်ဆင်ပြောင်းလဲပြီး သူတို့ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တရားဝင်စေဖို့ ကြိုးပမ်းခြင်းဖြင့် ထိုအခွင့်အရေးချိုးဖောက်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနိုင်အောင် ဆောင်ရွက်နေပါတယ်။

သို့သော် လက်နက်ကိုင်ထားတဲ့စစ်သည်တိုင်းလိုက်နာရမယ့် အခြေခံစစ်သည်တော်သည်ကျင့်ဝတ်တွေနဲ့ နိုင်ငံတကာ စစ်ဘက်ဆိုင်ရာဥပဒေတွေ၊ ဂျနီကွန်ဗားရှင်တွေကို အပြည့်အဝလေးစားလိုက်နာမှုမရှိဘူးဘဲ လူ့အခွင့်ရေးချိုးဖောက်နေတဲ့ စစ်တပ်ဟာ ပြစ်မှုပြစ်ဒဏ်တွေကိုတော့ စီရင်ခံရမှာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့  ၁၉၅၃ ခုနှစ်မှာပြဌာန်းထားတဲ့ စစ်သည်တော်တွေလိုက်နာရမယ့် ကျင့်ဝတ် ၆၀ ချက်ထဲမှာ ပြည်သူတွေရဲ့ဆန္ဒကို အစဉ်ဦးထိပ်ထားပြီး ပြည်သူတွေနဲ့ ရေလိုလလို ကျင့်ရမယ်ဆိုတဲ့အချက်ပါဝင်ပေမယ့် လက်ရှိ စစ်တပ်ဟာ ပြည်သူတွေကို မီးလို နေလို ကျင့်နေတယ်လို့လည်း စစ်မှုထမ်းဟောင်းတစ်ဦးကပြောပါတယ်။

တစ်ဖက်မှာလည်း နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို NUG အစိုးရအနေနဲ့ မိမိတို့ရဲ့တော်လှန်ရေးတပ်ဖွဲ့တွေ လူ့အခွင့်အရေးချိုးဖောက်မှု မဖြစ်ရအောင် ဘယ်လိုထိန်းချုပ်ကိုင်တွယ်သွားမလဲဆိုတာ အလွန်ပင်အရေးကြီးတဲ့ အခန်းကဏ္ဍတရပ်ဖြစ်လာပါတယ်။

ဒီလိုသတ်ဖြတ်မှုတွေနဲ့ သွားနေတဲ့ နွေဦးတော်လှန်ရေးဟာလည်း မိမိတို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကို အဟန့်အတားဖြစ်စေသလို အာဏာရှင်စနစ်ကို တွန်းလှန်တဲ့အချိန်မှာ ကိုယ်တိုင်အာဏာရှင်စနစ်ကို မကျင့်သုံးမိဖို့ အလေးနက်သတိချပ်ရမှာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက်ရက်စက်သတ်ဖြတ်မှုတွေ တုန့်ပြန်လိုတဲ့ စိတ်နဲ့ တစ်ချို့နေရာတွေမှာ သတ်ဖြတ်မှုထိဖြစ်လာခဲ့ကြတာပါ။ ဖြစ်ပျက်သွားတဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ တစ်ခုစီတိုင်းရဲ့အကြောင်းအရင်းကို အသေးစိတ် နားမလည်ပေမယ့် မတရားမှုကိုတွန်းလှန်တဲ့ချိန်မှာ မတရားတဲ့သူတွေရဲ့ခြေလှမ်းအတိုင်း လုပ်ဆောင်ဖို့မဖြစ်သင့်သလို မတရားတဲ့သူတွေရဲ့ ခြေလှမ်းအတိုင်း မသွားသင့်သလို မိစ္ဆာကို တွန်းလှန်ရင်းနဲ မိစ္ဆာလမ်းကြောင်းအတိုင်း သွားရန်မသင့်ပေ။

လူသားချင်းစာနာမှုနဲ့ နိုင်ငံတကာစစ်ဘက်ဆိုင်ရာ ဥပဒေတွေကိုတော့ စစ်တပ်နဲ့တော်လှန်အင်အားစုတွေအနေနဲ့ လိုက်နာသင့်တယ်လို့ မြစ်ကြီးနားမှာ နေထိုင်တဲ့ နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။

“စစ်ရေးဘောင်ကျယ်တာနဲ့အမျှ လုပ်ကြံသတ်ဖြတ်မှုတွေဟာ ပြည်သူတွေအပေါ်မှာ သက်ရောက်မှုတွေရှိလာတယ်။ ဥပမာ ဆီးရီးယားမှာဆိုလည်း ဒါမျိုးတွေက ရှိခဲ့ကြတာဘဲလေ။ အဲတော့ ဒီအကြမ်းဖက်သတ်ဖြတ်မှုတွေကို လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေအားလုံး တရားရုံးကနေ စစ်ဆေးမေးမြန်းတာတွေလုပ်ပြီး တရားသဖြင့်ဖြေရှင်းနိုင်မှု မရှိဘူးဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ဒီထက် ပိုဆိုးရွားလာနိုင်ဖို့ဘဲရှိတယ်။ အဲကြောင့် လက်နက်ကိုင်ထားတဲ့သူတွေအားလုံး လူသားချင်းစာနာမှုနဲ့ နိုင်ငံတစ်ကာစစ်ဘက်ဆိုင်ရာ ဥပဒေတွေကို လိုက်နာသင့်တယ်လို့ ပြောချင်ပါတယ်”

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း ခုခံကာကွယ်မှု လုပ်ဆောင်တာကို လက်ခံပေမယ့် လက်စားချေမှုကိုဦးတည်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပြင် အကြောင်းအရာသေချာတိကျမှုမရှိဘဲ စွပ်စွဲသတ်ဖြတ်တာတွေမလုပ်ဖို့ ကိုလည်း သတိပေးထုတ်ပြန်ထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခအတွင်း အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေဟု သိကြသော နိုင်ငံတကာ စစ်စည်းမျဉ်းများကို ဖောက်ဖျက်ကျူးလွန်သောလုပ်ရပ်များကို စစ်ရာဇဝတ်မှုဟု အတိအလင်းသတ်မှတ်ထားပါတယ်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေက စစ်ပွဲအတွင်း လုပ်ရပ်များကို ကြပ်မတ်ထိန်းကျောင်းပြီး အလွန်အကျွံထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း သို့မဟုတ် ပျက်စီးစေမည့် စစ်ရေးလုပ်ဆောင်ချက်များကို တားမြစ်ခြင်း လက်နက်ကိုင်နှင့် အရပ်သားအကြားခွဲခြားခြင်းနှင့် အရပ်သားများကို ထိခိုက်နစ်နာစေခြင်း အစရှိတဲ့ အခြေခံမှုများကို ဖောက်ဖျက်ခြင်းဟာ စစ်ရာဇဝတ်မှုမြောက်တယ်ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။

ထို့ကြောင့် လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အရပ်သားပြည်သူတွေရဲ့ အသက်ကို တန်ဖိုးထားတတ်ပြီး လူသားချင်းစာနာစိတ်ထားဖို့နဲ့ မိမိတို့လိုက်နာရမယ့် စစ်သည်ကျင့်ဝတ်၊ လူ့ကျင့်ဝတ်ကို အထူးလိုက်နာကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

လက်နက်မဲ့ပြည်သူတွေရဲ့ ဘဝလုံခြုံစိတ်ချမှုရရှိစေရေးနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းများအဖြစ် ယုံကြည်မှုရရှိရေး၊ စစ်ရာဇဝတ်မှုများလျှော့ပါးစေရေးတို့အပြင် ပြည်တွင်းစစ်ကြောင့် ဖြစ်ပွားလျှက်ရှိနေတဲ့ အမုန်းတရားများ လျှော့ပါးစေရေးတို့အတွက် စစ်သည်တော်တွေ ကျင့်ဝတ်များအား အထူးအလေးနက်စားလိုက်နာကျင့်သုံးဖို့ လိုအပ်နေပါတယ်။

ဇမီ

Show More

Related Articles

Back to top button