သတင်း

မြစ်ကြီးမြို့တွင် ၃ လအတွင်း နေအိမ် ၁၈ လုံး မီးလောင်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် ၃ လ အတွင်း မီးလောင်မှု ၁၀ ကြိမ်အထိရှိခဲ့ပြီး နေအိမ် ၁၈ လုံး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

မီးလောင်ခဲ့ရသည့် အကြောင်းအရင်းများမှာ လျှပ်စစ်ဝိုင်ယာရှော့မီး ၅ ကြိမ်၊ မီးဖိုမီး ၃ကြိမ် ၊ ပေါ့ဆမီး ၂ ကြိမ် စုစုပေါင်း ၁၀ ကြိမ်ရှိခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လက်ရှိတဖြေးဖြေး ပူလာတဲ့ အပိုင်းကိုရောက်လာပြီ၊ ပြည်သူတွေအနေနဲ့ သုံးစွဲတဲ့မီးတွေကို မီးဖိုမီးနဲ့ ချက်လို့ဖြစ်ဖြစ်၊ လျှပ်စစ်နဲ့ ချက်လို့ဖြစ်ဖြစ်ပေါ့ အခုချိန်က မီးလာတာ ပျက်တာမမှန်တဲ့အတွက် အပြင်ထွက်မယ်ဆိုရင် သက်ဆိုင်ရာမိန်းတွေကို အကုန်ချ၊ မီးသွေးတို့ ထင်းတို့နဲ့ ချက်တယ်ဆိုရင်လည်း အမြဲလူစောင့်ကြည့်ဖို့၊ မီးဖိုဘေးမှာ ရေတွေဖြန်းထားဖို့ ဒါလေးတွေမှာချင်တယ်” ဟု ပြောသည်။

မီးလောင်မှု သတင်းပေးသည့် အချိန်တွင်လည်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ လမ်း၊ တည်နေရာတွေကို တိကျမြန်ဆန်စွာ သတင်းပေးပို့ရန် အကြံပြုချင်ကြောင်း ခရိုင်မီးသတ်ဦးစီးဌာန တာဝန်ရှိသူက ဆက်ပြောသည်။

ထို့အပြင် အပြင်ထွက်လျှင် မိန်းချထားရန်၊ သတ်မှတ်ဝင်အားထက် ကျော်လွန်ပြီး လျှပ်စစ်တွေကို မသုံးစွဲရန်၊ မီးသွေး မီးဖို သုံးစွဲသူများ မီးသေချာသတ်ပေးရန် လိုအပ်ကြောင်းလည်း ပြောသည်။

မြစ်ကြီးနားခရိုင် မီးသတ်ဦးစီးဌာနမှ စုစည်းထားသည့် စာရင်းအရ မြစ်ကြီးနားခရိုင်တွင် မီးလောင်မှုများမှာ ဇန်နဝါရီလတွင် ၂  ကြိမ်၊ ဖေဖော်ဝါရီလတွင် ၄ ကြိမ် နှင့် မတ်လတွင် ၄ ကြိမ်အထိရှိခဲ့သည်။

မတ်လ ၁၉ ရက်နေ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်နယ်မြေ ဂျေယန့်စစ်ရှောင်စခန်း မီးလောင်မှုတွင် နေအိမ် ၃၆ လုံး မီးလောင်ပျက်စီးသွားခဲ့သည်။ ဧပြီလ ၃ ရက်နေ့တွင်လည်း မြစ်ကြီးနား၊ ဒူကထောင်ရပ်ကွက်တို့တွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

Show More

Related Articles

Back to top button