သတင်း

ပူတာအိုမြို့ပေါ်တွင် ငါးပစ်ဂိမ်း လောင်းကစားရုံ ပေါ်ပေါ်တင်တင် ဖွင့်လှစ်နေ

ပူတာအိုမြို့ပေါ် လုံးစွပ်ရပ်ကွက်တွင် ငါးပစ်ဂိမ်းလောင်းကစားရုံတစ်ခု ပေါ်ပေါ်တင်တင်ဖွင့်လှစ်ထားကြောင်း ဒေသခံများမှ သိရသည်။

လုံးစွတ်ရပ်ကွက် နယ်မြေ ၅  ဇေယျာမင်းဆီဆိုင်နောက်ကြောရှိ လမ်းကြားထဲတွင် ငါးပစ်ဂိမ်းလောင်ကစားရုံတစ်ရုံကို ဧပြီလ လဆန်းပိုင်းမှစကာ စတင်ဖွင့်လှစ်ထားကြောင်း လေယာဥ်ကွင်းရပ်ကွက်မှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

ငါးပစ်ဂိမ်းပေါ့ လောလောဆယ် ၂ ခုံတော့ဖွင့်ထားတယ် ဆိုင်ခန်းကျယ်တယ် လူစည်ရင်နောက်ထပ် ခုံးတွေ ထပ်တိုးလာနိုင်တယ်။ အခုတောင် တစ်ယောက်စ နှစ်ယောက်စ လာဆော့နေကြပြီဖွင့်တာက မကြာသေးဘူး”ဟု ဆိုသည်။

အဆိုပါ ငါးပစ်ဂိမ်း လောင်းကစားရုံ လာဖွင့်ထားသူမှာ ဒေသခံမဟုတ်ဘဲ အခြားဒေသမှပြောင်းလာ၍ အိမ်ငှားအဖြစ်နေထိုင်ကာ ဖွင့်လှစ်နေကြောင်းသိရပြီး လက်ရှိတွင် မနက် ၉ နာရီခန့်မှ ည ၆ နာရီခန့်အချိန်ထိ လောင်းကစားရုံဖွင့်ပြီး ညဘက်ပိတ်ထားကြောင်း သိရသည်။

ပူတာအိုမြို့ပေါ်တွင် ယခုကဲ့သို့လောင်းကစားရုံ ပေါ်ပေါ်တင်တင်ဖွင့်လှစ်လာသောကြောင့် ဒေသခံလူငယ်များ ပျက်စီးလာမည်ကို စိုးရိမ်နေရကြောင်း လုံးစွတ်ရပ်ကွက်မှ ကလေး ၆ ယောက် ဖခင်တစ်ဦးက KNG ကို ပြောသည်။

ကျနော်တို့ ပူတာအို ဆိုတာက အရင်ကဆို KTV တွေ ဖွင့်မယ်ဆိုရင်တောင် ရပ်ရွာလူကြီးတွေက မဖွင့်ခိုင်းဘူးတားမြစ်ကြတာ။ အခုနောက်ပိုင်းတော့KTV ပေါ်လာပြီ အခုလောင်းကစားရုံလည်းပေါ်လာပြီဆိုတော့လူငယ်တွေတွက်က စိုးရိမ်စရာပဲ။ ဒီကလူငယ်တွေက နဂိုကတည်းက နံပတ်ဖိုး (ဘိန်းဖြူ) ကြောင့် ထိန်းမရပျက်စီးနေတာ”ဟု ပြောသည်။

ငါးပစ်ဂိမ်း၊ ကာစီနို၊ ဂျင်ဝိုင်း အစရှိသည့် လောင်းကစားများသည် စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်း ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ ရွှေကူ အစရှိသည့် မြို့ကြီးများတွင် ပေါ်ပေါ်တင်တင် ဖွင့်လှစ်လာနေကြသည်။

KNG သတင်းဌာန စုံစမ်းအတည်ပြုထားချက်အရ လုံးစွတ်ရပ်ကွက်တွင်ယခု ဖွင့်လှစ်ထားသည့် ငါးပစ်ဂိမ်းလောင်းကစားရုံသည် ပူတာအိုမြို့တွင် ပထမဆုံး လောင်းကစားရုံဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button