တိုက်ပွဲသတင်း

ဆိုင်းဖရာအနီးတစ်ဝိုက် စစ်တပ်အင်အားဖြည့်မည့်သတင်းကြောင့် ဒေသခံများ ထပ်မံ တိမ်းရှောင်နေရ

ဖားကန့် လမ်းမပေါ်သို့ စစ်တပ်အင်အားထပ်ဖြည့်မည်ဟူသော သတင်းကြောင့် ကျေးရွာ ၃ ရွာမှ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်ဟု သိရသည်။

ယမန်နေ့ စစ်ကောင်စီတပ်ဖွဲ့၏ စီးနင်းမှုခံရသည့် ဆိုင်းဖရာကျေးရွာဘက်သို့ စစ်တပ်အင်အားဖြည့်လာမည့်သတင်းကြောင့် အနီးနားရှိ ကျေးရွာများမှာ ဒေသခံများလည်း ထွက်ပြေးနေသည်ဟု ဆိုင်းဖရာဒေသခံတစ်ဦးက KNG ကိုပြောသည်။

ဒီကနေ့အထိ ရွာသားတွေက ကြောက်လို့ တစ်ကွဲတစ်ပြားစီ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်။ အောက်ပိုင်း အထက်ပိုင်းတွေကနေ စစ်ကောင်စီ စစ်သားတွေအများကြီး တက်လာတယ်လို့ သတင်းတွေကြားနေရတယ်။ အဲ့ကြောင့် ဘယ်သူမှ မနေရဲကြသေးဘူး။ ပြီးရင် တစ်ဖက်နဲ့တစ်ဖက် စောင့်ကြည့်နေကြတဲ့ အနေအထားမှာ ဟုတ်တယ်။ နောက် နန့်ယားစစ်တပ်မှာလည်း စစ်အင်အား ပြန်ဝင်နေတယ်လို့ကြားတယ်ဟုပြောသည်။

ထွက်ပြေးနေရသော ကျေးရွာများမှာ ဆိုင်းဖရာကျေးရွာအနီး ခွမ်စိုင်ဇွပ်၊ ကပ်မှော်နှင့် ဂတ်နွယ် တို့ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်သည် ဆိုင်းဖရာကျေးရွာသို့ ဝင်ရောက်စီးနင်းချိန်တွင် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် ဒေသခံ စုစုပေါင်း ၅၀ ကျော်ခန့်ကို လူသားဒိုင်းအဖြစ် ၁၂ ဘီးကား ၂ စီးဖြင့် တင်ဆောင်ပြီး ဖားကန့်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ဂတ်နွယ်ကျေးရွာအထွက်တွင် KIA တပ်ရင်း ၄၄ က စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်ခံရမှုတွင် ဆိုင်းဖရာကျေးရွာမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သား ၅၀ ဦးကျော်ရှိသည့်အနက် ၆ ဦး ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ပြီး တစ်ဦးမှာထိုနေရာတွင် သေဆုံးခဲ့သည်။

ကျန် ၆ ဦးထဲတွင် အသက် ၁၄ နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးသည် ဦးခေါင်းနှင့် ကိုယ်ပေါ်တွင် လက်နက်ကျဉ်ထိမှန်သောကြောင့် အခြေအနေစိုးရိမ်ရသဖြင့် မြစ်ကြီးနားဆေးရုံးသို့ ပို့ဆောင်ခဲ့သော်လည်း အခြေအနေ ဆိုးရွာသည့်အတွက် ဆရာဝန်များက နေရပ်သာပြန်ပို့ရန် ပြောဆိုခဲ့သည်ဟု သတင်းအရင်းအမြစ်က ဆက်ပြောသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခေါ်ဆောင်ခံရသော အရပ်သားများကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျေးရွာအတွင်းသာ နေထိုင်ကြရန်နှင့် ကျေးရွာအပြင်တွင်တွေ့ရှိပါက ပစ်ခတ်မည်ဟု စစ်ကောင်စီတပ်က ဒေသခံများကို ခြိမ်းခြောက်ထားသည်။

မနေ့က ဖမ်းဆီးခံရတဲ့သူတွေကို စစ်သားတွေက အိမ်ထဲမှာသာနေကြဖို့နဲ့ အပြင်မထွက်ဖို့ ပြောလိုက်ကြတယ်တဲ့။ ရွာအပြင်တွေမှာ နောက်တောတွေမှာ ဆက်ရှိနေရင် နင်တို့မလွတ်ဘူး ပစ်မယ်ဆိုပြီးပြောလိုက်တာတဲ့။ အဲ့ကြောင့် ရွာထဲမှာ ပိုပြီးတော့ မနေရဲကြတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စစ်သားတွေက ရွာထဲဝင်ပြီး ပစ်မယ်ဆိုတာကို ကြောက်နေကြတယ်ဟုပြောသည်။

ယခုလို စစ်ကောင်စီတပ်မှ ဆိုင်းဖရာကျေးရွာကို ဝင်ရောက်စီးနင်းခြင်းမှာ KIA စိုးမိုးထားသော ကျေးရွာဖြစ်သည်ဟု ယူဆသောကြောင့် ဖြစ်သည်ဟု ဒေသခံများ သုံးသပ်သည်။

စစ်ကောင်စီတပ်သည် ဧပြီလ ၁၂ ရက်နေ့ နောက်ပိုင်း မိုးကောင်းမြို့နယ်ဘက်မှ စစ်အင်အား ၈၀ ဝန်းကျင်ခန့်ကို နန့်ယားစစ်တပ်စခန်းသို့ အင်အားတိုးချဲ့ထားပြီး လက်ရှိတွင်လည်း စစ်ကောင်စီဘက်မှ စစ်အင်အားထပ်မံတိုးချဲ့ရန် ပြင်ဆင်နေသည်ဟု သိရသည်။

Show More

Related Articles

Back to top button