သတင်း

ဖတ်မာချောင်း ရွှေတူးဖော်နေမှုကို ရပ်တန့်စေလိုကြောင်း ဒေသခံများ တောင်းဆို

ပူတာအိုမြို့နယ် ဖတ်မာကျေးရွာရှိ ဖတ်မာချောင်းတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေမှုအား အမြန်ဆုံးရပ်တန့်ပေးစေလိုကြောင်း ဒေသခံများ တောင်းဆိုနေကြသည်။

မြစ်ကြီးနားပူတာအိုကားလမ်းဘေးတည်ရှိသည့် ဖတ်မာကျေးရွာ ဖတ်မာချောင်းတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး လုပ်ငန်းရှင်အချို့နှင့် ရပ်ကျေးတာဝန်ခံများ သဘောတူညီမှုဖြင့် ၄ လတာ သဘောတူညီချက်ဖြစ် ရွှေတူးဖော်ခွင့်ပြုထားကြောင်း ဒေသခံများက ပြောသည်။

သို့သော် သဘောတူညီထားသည့် သတ်မှတ်ကာလကျော်လွန်နေသော်လည်း ရွှေတူးဖော်မှု ဆက်လက်လုပ်ဆောင်နေသည့်အတွက် အမြန်ဆုံးရပ်တန့်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

ရွှေတူးဖော်တာကို သဘောတူတယ်ဆိုတဲ့စာချုပ်ကိုလည်း ကျွန်တော်တို့ ဒေသခံတွေကိုလည်း ဘာမှမပြောဘဲ အုပ်ချုပ်ရေးမှူးတွေဘဲ သူတို့ဘာသာသူတို့ လက်မှတ်ထိုးပေးပြီး မှ ကျွန်တော်တို့ကိုလာပြောတော့ အခုဒီ ဧပြီလထိဘဲ စာချုပ်ချုပ်ထားတယ်တဲ့ အခုလလည်းကုန်ပြီလေ တူးနေကြတုန်းဘဲ၊ သူတို့တူးဖော်နေတဲ့ နေရာမှာလည်း ဒေသခံတွေ ဝင်လာလို့တောင်မရဘူးဟုဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဖတ်မာချောင်းသည် ဖတ်မာကျေးရွာအပါအဝင် ဖတ်မာကျေးရွာအုပ်စုမှ လုံဂါယာန်၊ လုံဂါဂေါင်၊ ဖတ်မာဒါး၊ ဖတ်မာဒီ၊ ဖတ်မာဇွပ် ကျေးရွာမှ ပြည်သူများအဓိက သောက်သုံးရေနှင့် လယ်ယာစိုက်ပျိုးရေးအဖြစ် အဓိကအားထားရသည့် ချောင်းဖြစ်သော်လည်း လက်ရှိတွင် ရွှေတူးဖော်နေမှုကြောင့် ချောင်းရေများ ပျက်စီးညစ်ညမ်းလာပြီး ဒေသခံပြည်သူများအတွက်သောက်သုံးရေ ခမ်းခြောက်လာကြောင်း ဒေသခံများပြောသည်။

ထို့ပြင် ဒေသခံများ၏ ပြောဆိုချက်အရ ဖတ်မာချောင်းအနီး ရွှေတူးဖော်နေမှုအပြင် သစ်စက်လုပ်ငန်းများလည်း လာရောက်လုပ်ကိုင်နေကြပြီး အဆိုပါသစ်စက်မှထွက်လာသည့် လွှစာမုန့်သည်လည်း ချောင်းတွင်းထဲသို့ ဝင်ရောက်နေသည့်အတွက် ချောင်းရေညစ်ညမ်းမှု ပိုမိုဆိုးရွားလာကြောင်းသိရသည်။

အဆိုပါ သစ်စက်လုပ်ငန်း လုပ်ကိုင်သူများသည် ၂၀၁၂ ခုနှစ်တွင် ဖတ်မာကျေးရွာအပြင်တွင်သာ လုပ်ကိုင်ခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင်ကျေးရွာအတွင်းသို့ တိုးချဲ့လုပ်ကိုင်လာကြကြောင်း သိရသည်။

သစ်စက်များ၏ လွှစာမုန့်ကြောင့် ယခုကဲ့သို့ ချောင်းအတွင်းထိခိုက်လာမည်ကို ကြိုပြီး သတိမထားမိခဲ့ကြောင်း နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဖတ်မာဒေသအတွင်း ပြည်သူအဖွဲ့အစည်းပိုင်းသစ်တော ကြိုးဝိုင်းဟူ၍မရှိသည့်အတွက် အုပ်ချုပ်ရေးပိုင်းများကလည်း ငွေကြေးကောက်ခံပြီး သစ်တောများ စည်းမဲ့ကမ်းမဲ့ ခုတ်ခွင့်ပေးထားကြောင်း သိရသည်။ 

ဖတ်မာချောင်းဆိုတာ နောက်တစ်နှစ်၊ နှစ်နှစ်ဆိုရင် ပျောက်တော့မှာ၊ သစ်ပင်တွေ ဆိုရင်လည်း သစ်စက်လုပ်ငန်းကြောင့် အကုန်ပြောင်တော့မှာ၊ ရေတွေ ညစ်ပြီး သုံးလို့တောင် မရတဲ့ကြား ချောင်းဘေးပတ်ဝန်းကျင်က သစ်ပင်တွေ ခုတ်ပြီး ချောင်းဘေးမှာဘဲ သစ်စက်လုပ်ငန်းတွေလုပ်တော့ သစ်မှုန့်တွေက ချောင်းထဲကို ပြန်ဝင်တော့ချောင်းက ဒီထပ်ပျက်စီးရုံဘဲရှိတော့တယ်ဟုပြောသည်။

အထက်ပါ ရွှေတူးဖော်မှုနှင့် သစ်စက်လုပ်ငန်းများ ရပ်တန့်မှုမရှိဘဲ ဆက်လက်လုပ်ကိုင်သွားမည်ဆိုလျှင် ကျေးရွာအတွင်း ဆိုကျိုးများ၊ ထိခိုက်မှုများ ပိုမိုများလာနိုင်ကြောင်း ဖတ်မာဒေသခံတစ်ဦးက KNG ကိုပြောသည်။

သူတို့တွေဒီလို ဆက်လုပ်နေမယ်ဆိုရင် စားဝတ်နေရေးအတွက် လယ်ယာလုပ်ဖို့တောင် တော်တော်ခဲရင်းသွားမယ်၊ ရေကလုံးဝမသန့်ရှင်းတော့ဘူး ဒီရေကိုဘဲ ဆက်သုံးနေရင် ရောဂါတွေ ဖြစ်လာမှာ၊ သစ်တောဖြုန်းတီးနေရင် ရာသီဥတုကပိုဆိုးလာမယ်၊ သစ်စက်လုပ်တယ်ဆိုရင်လည်း သစ်မှုန့်တွေကို စနစ်တကျပြန်သိမ်းပေးပါလို့ဟုပြောသည်။

ဖတ်မာချောင်းကို အဓိကအသုံးပြုနေသည့် ကျေးရွာများသည် ဖတ်မာကျေးရွာအုပ်စုမှ လုံဂါယာန်၊ လုံဂါဂေါင်၊ ဖတ်မာဒါး၊ ဖတ်မာဒီ၊ ဖတ်မာဇွပ် ကျေးရွာများဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြကြောင်း သိရသည်။

Show More

Related Articles

Back to top button