စစ်ပြေးဒုက္ခသည်များသတင်း

ခင်ဦးတွင် စစ်ဘေးရှောင်ရင်း အဘွားအိုတစ်ဦး အမောဖောက်သေဆုံး

ခင်ဦးမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်ဝင်လာပြီး ကျေးရွာမီးရှို့မှုများကြောင့် စစ်ဘေးရှောင် ထွက်ပြေးရင်း အဘွားအိုတစ်ဦး အမောဖောက် သေဆုံးခဲ့ရသည်ဟု သိရသည်။

ဖြစ်စဉ်သည် ဇွန်လ ၄ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး အမောဖောက်သေဆုံးသွားသော အဖွားအိုမှာ မရမ်းအင်းကျေးရွာမှ အသက် ၆၆ နှစ်အရွယ် ဒေါ်ခင်မြဝင်းဆိုသူဖြစ်သည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိ သူတစ်ဦးကဆိုသည်။

မနေ့ကမနက်ပိုင်းမှာဖြစ်သွားတာပါ ကျနော်တို့ဆီမှာစစ်ရှောင်နေရတာ ၅ရက်ရှိပါပြီ အဲ့မှာမနေ့ကတော့ စစ်ရှောင်ရင်းနဲ့ အဘွားအိုတစ်ဦး သေဆုံးသွားတာပေါ့။ သူကတောတွင်းတစ်နေရာမှာပဲ သေဆုံးခဲ့တာပါ။ ကျေးရွာအတွင်း တော့ပြန်ပြီး မသယ်နိုင်ခဲ့ပါဘူး စစ်ရှောင်တဲ့နေရာမှာပဲ သင်္ဂြိုလ်ခဲ့ရပါတယ်ဟုဆိုသည်။

ခင်ဦးမြို့နယ် အနောက်တောင်ဘက်နှင့် အနောက်မြောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသည်မှာ ၅ရက်ခန့် ကြာမြှင့်ပြီဖြစ်ပြီး ကျီးအိုင်ကျေးရွာ၊ ရွာသစ်ကျေးရွာ နှင့် ကံသစ်ကျေးရွာကိုလည်း မီးတင်ရှို့ခဲ့သေးသည်ဟု ဒေသခံများထံမှ သိရသည်။

ထို့ကြောင့် လက်ရှိတွင် စစ်ဘေးရှောင်ဒေသခံများအတွက် အခက်အခဲများစွာ ကြုံတွေ့နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အရေးပေါ်အကူညီများ လိုအပ်နေပြီး ကူညီလှူဒါန်းပေးကြဖို့ စစ်ဘေးရှောင်ကူညီတစ်ဦးက ဆိုသည်။

ကျနော်တို့ စစ်ရှောင်တွေအတွက် အကူညီတွေလိုအပ်နေပါတယ်။ စစ်ရှောင်တွေကအရမ်းများတော့ ထမင်းထုပ်ဝေတာလည်း မလောက်ဘူး။ ကျန်းမာရေးကုသမှုနှင့် နေစရာတွေလည်းလိုအပ်နေပါတယ်။ ဒေသတွင်းအကူညီတွေနဲ့လည်း မလောက်တော့လို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်ပရောက် မြန်မာပြည်သူတွေရော အမြန်ဆုံးကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်ဟုစစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။

ခင်ဦး စစ်ဘေးရှောင်ပြည်သူများအတွက် တစ်စုံတစ်ရာကူညီလှူဒါန်းလိုပါက ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး ဖေ့စ်ဘုတ်ပေ့ချ်မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း စစ်ဘေးရှောင်ကူညီနေသူ များက ဆိုသည်။

လက်ရှိ ခင်ဦးတွင် ဝင်ရောက်နေသော စစ်ကောင်စီတပ်ဖွဲ့သည် ရေဦးမှလာသောစစ်ကြောင်းနှင့်အင်းပတ်ကွေ့ အထိုင် စစ်ကောင်စီတပ်ဖွဲ့များ၊ ပျူစောထီးများပါဝင်ပြီး အင်အား၁၀၀ကျော်ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ များထံမှ သိရသည်။

ခင်ဦးမြို့နယ်သည် ကျေးရွာပေါင်း ၁၄၇ ရွာရှိသည့်မြို့နယ်ကြီးတစ်ခုဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ကျေးရွာပေါင်း ၇၇ ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ လူဦးရေ ၃ သောင်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ် သွားခဲ့ရသည်ဟု ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

Show More

Related Articles

Back to top button