လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဖားကန့်လမ်းတွင် လိုင်စင်မဲ့အကြောင်းပြကာ ကားအများအပြားကို စစ်တပ်ဖမ်းဆီးထား

ဖားကန့်သွားလမ်း ကားမိုင်းနှင့် နန့်ယားစစ်တပ်ဂိတ် ၂ နေရာတွင် စစ်ကောင်စီတပ်သည် လိုင်စင်မဲ့ကားများကို အကြောင်းပြကာ ကားအများအပြားကို ဖမ်းဆီးထားသည်ဟု သိရသည်။

ဇွန်လ ၃ ရက်နေ့မှစတင်ကာ မြစ်ကြီးနား၊ မိုးကောင်းဘက် မှတဆင့် ဖားကန့်မြို့ဘက်သို့ တက်လာသည့် အိမ်စီးကားနှင့် ကုန်တင်ကားများကို အဆိုပါစစ်တပ်ဂိတ်တွင် တစ်စီးချင်းစီ စစ်ဆေးခဲ့ရာ ယနေ့အထိ နန့်ယား စစ်တပ်ဂိတ်တစ်ခုတည်း တွင် ကားအစီး ၂၀ ကျော် ဖမ်းဆီးခံထားရသည်ဟု နန့်ယား ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

ကားမိုင်းဂိတ်မှာလည်း စစ်တယ်။ နန့်ယားဂိတ်မှာလည်း စစ်တယ် အဲ့ ဂိတ်၂ နေရာက အကြီးအကျယ်စစ်နေတယ်။ ကားတွေကိုလည်း လိုင်းစင်မဲ့ဆိုပြီး ဖမ်းနေတယ်။ ဒါပေမယ့် စုတ်ပြတ်တဲ့ ကုန်တင်ကားတွေကိုတော့ စစ်ဆေးပြီးမှ ပြန်သွားခွင့်ပေးတယ်။ ကားတိုင်းကိုလည်း မဖမ်းဘူး။ ကားမိုင်းဘက်မှာလည်း ဖမ်းခံရတဲ့ ကားတွေရှိတယ်တဲ့ဟုပြောသည်။

နန့်ယားစစ်တပ်ဂိတ်တွင် ဖမ်းဆီးခံရသော မော်တော်ယာဉ် အစီး ၂၀ ကျော်ရှိအနက် ၁၀ စီးကျော်ခန့်ကို ယနေ့ မြစ်ကြီးနားဘက်ကို ပို့ဆောင်လိုက်ပြီဟု သိရသည်။ ထို့အပြင် ကားမိုင်းမြို့ စစ်တပ်ဂိတ်တွင်လည်း ကားများကို ဖမ်းဆီးထားသည်ဟု သိရသော်လည်း အရေအတွက်ကို စုံစမ်းနေဆဲ ဖြစ်သည်။

စစ်ကောင်စီတပ်သည် ယခုလို မော်တော်ယာဉ်များကို စစ်ဆေးဖမ်းဆီးနိုင်ရန်အတွက် ယခင်က ကားသမားများ စစ်တပ်ဂိတ်ရှောင်ကာ အသုံးပြုသွားလာခဲ့သော လမ်းကြောင်းငယ်များကို ပြီးခဲ့သည့် မေလတွင် ဘက်ဟိုးများဖြင့် ဖြတ်တောက်လိုက်ပြီးနောက် ယခုလို ပိတ်ဆို့ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု သိရသည်။

ယခုနှစ်ဆန်းပိုင်းက နန့်ယားစစ်တပ်ဂိတ်တွင် ကုန်တင်ကားနှင့် ဆီကားများကို မကြာခဏပိတ်ဆို့တားမြစ်မှုနှင့် ငွေကြေးတောင်းခံခဲ့သောကြောင့် ကုန်တင်ကားတစ်ချို့သည် မှောင်ခိုလမ်းကို အသုံးပြုခဲ့ရာမှ ထိုဖြတ်လမ်းနေရာများကို စစ်ကောင်စီက ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

နေ့တိုင်းလိုလိုစစ်တယ် ဖမ်းခံရတဲ့ ကားတွေက ဘယ်လောက်ရှိတယ်ဆိုတာက မသိရဘူး။ သူတို့က လိုင်စင်မပါရင် ဖမ်းတယ်လို့တော့ပြောတယ်။ ဂိတ်နေရာဆိုတာမျိုးလည်းမရှိဘူး သူတို့ စစ်ချင်တဲ့နေရာမှာ ထွက်ပြီး စစ်ကြတယ်။ မြို့ထဲမှာလည်းစစ်တယ် မြို့အပြင်မှာလည်း စစ်တယ်။ အရင်တုန်းကလည်း စစ်တာတော့ရှိတယ်။ ဒါပေမယ့် ဒီလောက် တင်းကြပ်တာမျိုးမရှိဘူးဟုကားမိုင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ နန့်ယားစစ်တပ်ဂိတ်တွင် ကားများကို အသေးစိတ် စစ်ဆေးနေသောကြောင့် တစ်ရက်လျှင် ကုန်ကား ၁၀ စီး ဝန်းကျင်သာ ဖားကန့်ဘက်ကို ဖြတ်သန်းခွင့်ရရှိနေကြောင်း သိရသည်။

ဒေသခံများ၏ ပြောဆိုချက်အရ လက်ရှိ နန့်ယားစစ်တပ်ဂိတ်တွင် ဖားကန့်ဘက်ကို တက်လာသည့် ကုန်တင်ကား အစီး ၇၀ ဝန်းကျင်ခန့် ပိတ်ဆို့နေပြီး စစ်ဆေးဖမ်းဆီးမှုများလည်း လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။

ယခုလို ကားမိုင်း နှင့် နန့်ယား စစ်တပ်ဂိတ်တွင် စစ်တပ်က ပိတ်စို့ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းသည် ပြည်သူလူထံမှ ငွေကြေးကောက်ခံဖို့သာ ဖြစ်နိုင်သည်ဟု  ခွမ်စိုင်ဇွပ် (Hkumtsai Zup) ဒေသခံ အမျိုးသမီးက  KNG ကို ပြောဆိုထားသည်။

စစ်တပ်ဂိတ်မှာ ပိုက်ဆံအရမ်းကောက်လို့ ပြည်သူတွေက မှောင်ခိုလမ်းနဲ့သွားကြတယ် အခုက အဲ့ဒီလမ်းကိုလည်း ပြန်ဖြတ်တောက်ပေးလိုက်တယ်။ ကားသမားတွေက တခြားသွားမယ့်လမ်းမရှိတော့ စစ်တပ်ဂိတ်ကိုပဲ ပြန်ဖြတ်ရတယ်။ ပြောချင်တာက ပိုက်ဆံကောက်စားဖို့ သက်သက်ပဲဟုပြောသည်။

ထို့သို့ စစ်ကောင်စီဘက်မှ ဂိတ်ဖြတ်သန်းသွားလာခွင့်ကို နံနက် ၉ နာရီခွဲမှ ညနေပိုင်း ၄ နာရီဝန်းကျင်ထိသာ ခွင့်ပြုထားသောကြောင့် ကားသမားများအပြင် ဂိတ်အနီးရှိ ခရိုင်ရွန်း၊ ဆိုင်းဖရာ၊ ဂတ်နွယ်၊ ပျားအုံနှင့် ခွန်စိုင်ဇွပ် စသည့် ဒေသခံပြည်သူများကလည်း နေ့စဉ်အသက်မွေးဝမ်းကြောင်းအတွက်ဖြတ်သန်းသွားလာရာတွင် အခက်အခဲ ကြုံတွေ့နေရသည်။

အဆိုပါ ကျေးရွာ ၅ ရွာသည် စစ်တပ်၏ လမ်းပိတ်စို့မှု နှင့် ကျေးရွာအတွင်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မကြာခဏ ခံနေကြရသည်ဟု သိရသည်။

ထို့အပြင် နန့်ယားစစ်တပ်ဂိတ် မှ ညအချိန်တွင် KIA နှင့် PDF ရှိသည်ဟု ယူဆရသော နေရာဘက်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေသည်ဟု ဒေသခံများ ပြောသည်။

ပြီးခဲ့သော မတ်လ နှစ်ဝက်ပိုင်း နန့်ယားစစ်တပ်ဂိတ်နေရာတွင် တပ်မ ၃၃ လက်အောက်ခံ စစ်အင်အား ၂၀၀ ဝန်းကျင်ခန့် စစ်အင်အားတိုးချဲ့ထားခဲ့ပြီးနောက် ယခုနှစ်နောက်ပိုင်း အဆိုပါ တပ်အရွှေ့အပြောင်းပြုလုပ်ထားသည့် စစ်ကောင်စီတပ်ဖွဲ့က နန့်ယားပြည်သူ့စစ်အဖွဲ့နှင့်ပူးပေါင်းပြီး ယခုလို စစ်ရေးတင်းကြပ်မှုများလုပ်ဆောင်လာကြောင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

Show More

Related Articles

Back to top button