သတင်း

ကျေးရွာ ၃ ရွာက နေရပ်ပြန်ပြည်သူတွေအတွက် ဆေးဝါးကူညီထောက်ပံ့မှုလိုအပ်နေ

မြစ်ကြီးနား- ဗန်းမော် လမ်းပေါ် မှာရှိတဲ့ ဝိုင်းမော်မြို့နယ် ဂါးရာယာန်၊ ကဇူး၊ ဒဘတ် ကျေးရွာက နေရပ်ပြန်ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇွန်လကစပြီး ဖျားနာသူတွေများလာနေတဲ့အတွက် ဆေးဝါး ကူညီထောက်ပံ့မှု လိုအပ်နေတယ်လို့ ဒဘတ်ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

“တစ်ယောက်ဖျားပြီး တစ်ယောက်ပြန်ပျောက်လိုက်နဲ့ပေါ့  ကျွန်တော်တို့ရွာက ကလေးတွေဆိုအကုန်နီးပါးကိုဖျားကြတာ တုတ်ကွေး ငှက်ဖျား ပျောက်ဆေးတွေ တစ်ခြားဆေးဝါးခြင်ထောင်တွေကအစပေါ့ အကူအညီ တွေလိုအပ်နေတာ။  ဒီမှာက မိသားစုတစ်ခုမှာ အလုပ်လုပ်တဲ့သူကဖျားရင် ဝင်ငွေမရှိ အခက်အခဲဖြစ်ကြရမှာ” လို့ပြောပါတယ်။

နေရပ်ပြန်ဂါးရာယန်ကျေးရွာပြည်သူတွေကို ၂၀၂၃ ခုနှစ် မတ်လ ၂၅ ရက်နေ့ ကျန်းမာရေးဌာနက ကွင်းဆင်းဆေးကုသပေးနေပုံ
နေရပ်ပြန်ဂါးရာယန်ကျေးရွာပြည်သူတွေကို ၂၀၂၃ ခုနှစ် မတ်လ ၂၅ ရက်နေ့ ကျန်းမာရေးဌာနက ကွင်းဆင်းဆေးကုသပေးနေပုံ

လက်ရှိမှာ ဒေသခံတွေဟာ ဂါးရာယာန်ရွာမှာဖွင့်ထားတဲ့ဆေးပေးခန်းနှင့် ဒဘတ် အသင်းတော်မှချမှတ်ပေးထားတဲ့ ဆေးပေးခန်းတွေမှာ ဆေးကုသမှုခံယူနေပေမယ့် ဖျားနာသူများနေပြီး ငှက်ဖျားရောဂါဖြစ်သူ အယောက် ၁၀၀ ကျော်ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးရေးဌာန (KBC –HDD) ကလည်း ဆေးကုသပေးတာတွေနဲ့ ဆေးဝါးကူညီတာတွေ ရံဖန်ရံခါ လာရောက်ကုသပေးတာတွေ ရှိနေပေမယ့် ဖျားနာသူများလာတဲ့အတွက်ဆေးဝါးနှင့် ဆေးဝါးအထောက် အကူပစ္စည်း အခက်အခဲများရှိနေကြောင်း ဒဘတ်ကျေးရွာက ဆေးဆရာမတစ်ဦးက KNG ကိုပြောပါတယ်။

“ဖျားတဲ့သူတွေအရမ်းများတယ် နေ့တိုင်းတော့ မဟုတ်ဘူး တစ်ခါတလေဆို ၅၀ ၆၀လည်းရောက်လာတယ်၊ အခုမှဘဲနေရပ်ပြန်တာ မကြာသေးတဲ့အတွက်လည်း ဆေးတွေမစုံဘူး၊ အခုကငှက်ဖျားတွေအများကြီး ဖြစ်နေကြတာ ကလေးကအစ လူကြီးအကုန်၊ KBC ကနေလည်းလာပြီးကုပေးတာတွေရှိတယ် သူတို့လည်း အချိန်ပြည့်မဟုတ်ဘူးလေ၊ ငှက်ဖျားဆေးတွေနဲ့တစ်ခြားဆေးတွေ အရမ်းခက်ခဲနေတယ်”လို့ပြောပါတယ်။

နေရပ်ပြန်ဂါးရာယန်ကျေးရွာပြည်သူတွေကို ၂၀၂၃ ခုနှစ် မတ်လ ၂၅ ရက်နေ့ ကျန်းမာရေးဌာနက ကွင်းဆင်းဆေးကုသပေးနေပုံ
နေရပ်ပြန်ဂါးရာယန်ကျေးရွာပြည်သူတွေကို ၂၀၂၃ ခုနှစ် မတ်လ ၂၅ ရက်နေ့ ကျန်းမာရေးဌာနက ကွင်းဆင်းဆေးကုသပေးနေပုံ

ဂါးရာယန်၊ကဇူး၊ဒဘတ်ကျေးရွာက ပြည်သူတွေဟာ ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေတဲ့ အချိန်ဖြစ်တဲ့အတွက် ရပ်ရွာရှင်းလင်းရေးများကို သေချာ မပြုလုပ်နိုင်သေးတဲ့အတွက် ခုလို ဖျားနာသူတွေများလာတာဖြစ်တယ်လို့ ဆရာမ ဆက်ပြောပါတယ်။

ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်တာ၊ခြင်ကိုက်မခံရအောင် အဝတ်အစားအရှည်တွေကိုဝတ်ကြဖို့နဲ့ သောက်သုံးရေတွေကို သေချာဖုံးကြဖို့၊ မြောင်းပုတ်များကိုရှင်းလင်းရေး လုပ်ဖို့ကိုလည်း ဆေးဆရာမက တိုက်တွန်းထားပါတယ်။

လက်ရှိမှာ ဒေသခံပြည်သူတွေဟာ ကျန်းမားရေးအတွက်စိုးရိမ်နေရသလို မြစ်ကြီးနား- ဗန်းမော်လမ်းမတစ်လျှောက် စစ်ကောင်စီတပ်နဲ့KIA တပ်တွေအကြား စစ်ရေးတင်းမာနေတဲ့အတွက် စားဝတ်နေရေးစိုးရိမ်နေတဲ့အပြင် သွားလာရေးအခက်အခဲနဲ့ စစ်ရေးအခြေအနေတွေကိုလည်းစိုးရိမ်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါသည်။

ဂါးရာယန်၊ကဇူး၊ဒဘတ်ကျေးရွာပြည်သူတွေဟာ  ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ကချင်လွတ်လပ်ရေး တပ်မတော်တို့အကြား တစ်ကျော့ပြန်တိုက်ပွဲကြောင့် ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့တွေမှာ စစ်ရှောင်ခဲ့ကြပြီး ၂၀၂၃ ဖေဖော်ဝါရီကစပြီး အိမ်ထောင်စု ၇၅၉ စု လူဦးရေ ၅၀၀၀ ဝန်းကျင် က နေရပ်ပြန်လည်နေထိုင်ကြတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button