သတင်း

ဝေးလံခေါင်ဖျားတဲ့နေရာတွေမှာ လှည့်လည်ဆေးကုပေးနေတဲ့ ကချင်နယ်လှည့်ကျမ်းမာရေးလုပ်သားအဖွဲ့ ဆေးဝါးပြတ်လပ်မှုအခက်ခဲကြုံနေရ

ဝေးလံခေါင်ဖျားတဲ့ ကချင်တောင်ပေါ်ဒေသက ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် လှည့်လည်ဆေးကုသပေးနေတဲ့ ကချင် နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ ( Kachin Backpack)ဟာ လက်ရှိဆေးဝါးပြတ်လပ်မှုအခက်ခဲကြုံနေရကြောင်း သိရပါတယ်။

မိုးရာသီအကူးအပြောင်း ဖျားနာမှုများပြားနေတဲ့ကာလမှာတင် ဆေးဝါးပြတ်လပ်မှု ပြသနာကြုံနေသောကြောင့် ကျေးလက်ဒေသတွေမှာ အရေးပေါ်လိုအပ်နေတဲ့ ဆေးဝါးတွေကို ပို့ဆောင်ကုသပေးနိုင်ဖို့ ခက်ခဲနေတယ်လို့ ကချင် နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ ( Kachin Backpack) အဖွဲ့မှ တာဝန်ခံ Mr.Zet က KNG ကို ခုလိုပြောပါတယ်။

ကျနော်တို့ဆီ အခုဆေးဝါးမရှိသလောက်ဖြစ်နေတယ်။ လူနာကများ ဆေးကပြတ်လပ်ဖြစ်နေတယ်။ အရင်ကူညီပေးနေတဲ့အဖွဲ့တွေထဲကလည်း တချို့က ရပ်နားလိုက်ပြီ။ တချို့က လျှော့ချလိုက်ပြီ၊ ဆိုတော့ ကျနော်တို့မှာ ဆေးဝါးမလုံးလောက်ဘူး။ ကျနော်တို့ကိုယ်တိုင်က ခက်နေတော့။ ဆေးဝါးစျေးနှုန်းတွေလည်း တစ်နေ့နဲ့တစ်နေ့ မတူဘူး။ တစ်နေ့ပြီးတစ်နေ့ တက်နေတာ။ အဲ့ထဲမှာ ဝယ်စုထားဖို့လည်း ခက်တယ်။ ဟု သူကပြောသည်။

 ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ဆေးလှည့်လည်ကုပေးနေစဉ်
ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ဆေးလှည့်လည်ကုပေးနေစဉ်

ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့(Kachin Backpack) ဟာ အစိုးရနှစ်ဖက်စလုံးလက်လှမ်းမမှီနိုင်တဲ့ တောင်ပေါ်ဒေသအပါအဝင် တနိုင်း လီဒိုလမ်းမကြီးတစ်လျှောက်ရှိ ကျေးလက်ဒေသများ၊ ပူတာအို မချန်းဘော့ ဒေသများ နှင့် ကချင်တြိဂံနယ်မြေ အင်ဂျန်းယန်ဒေသတွေမှာ အဆက်မပြတ် လှည့်လည်ဆေးဝါးကုသကူညီပေးနေတာဖြစ်ပါတယ်။

လက်ရှိချိန်မိုးတွင်းကာလရောက်နေတဲ့အတွက် ကျေးလက်ဒေသက ပြည်သူများအတွက်သွေးလွန်တုတ်ကွေးနှင့်၊ နာစီးချောင်းဆိုး၊ ဖျားနာမှုများစွာကြုံတွေ့နေကြပြီး နာတာရှည်ရောဂါသည်များလည်း ပိုမိုတိုးမြှင့်လာနေတယ်လို့ ဆက်ပြောပါတယ်။

တုတ်ကွေးအဖြစ်များတယ်၊ သွေးလွန်တုတ်ကွေးပေါများလာတယ်။ ဒါတွေက အရင်နှစ်တွေနဲ့မတူပဲ ပိုဖြစ်နေတယ်။ ဝမ်းဗိုက်ဆိုင်ရာပြသနာတွေ၊ အရည်ပြားနဲ့ပတ်သက်တဲ့ ရောဂါတွေလည်း အဖြစ်များနေကြတာတွေ့ရတယ်။ အခုကျနော်တို့ဆီမှာက သွေးလွန်တုတ်ကွေး(Malaria)ဆေးပြတ်နေတယ်။ အခြားအဖွဲ့တွေမှာလည်း ဒီဆေးပြတ်နေတယ်။ အခြားဆေးဝါးတွေလည်လောလောဆယ် ပြတ်လပ်နေတယ်။ အခုဆိုပိုဆိုးပေါ့ ကျနော်တို့ အဖွဲ့တွေသာမရောက်ရင် ဘယ်သူမှမရောက်တဲ့ နေရာဒေသတွေလည်းရှိတော့ ပိုခက်တယ်။ ကျနော်တို့မရောက်ရင် ငွေကြေးမရှိတဲ့ သူတို့အတွက် ပိုထိခိုက်စေနေတယ်။ဟု Kachin Backpack အဖွဲ့ တာဝန်ခံ Mr.Zet KNG ကပြောပါတယ်။

 ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ဆေးလှည့်လည်ကုပေးနေစဉ်
ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ဆေးလှည့်လည်ကုပေးနေစဉ်

လက်ရှိချိန်မှာ နေရာဒေသအများပိုင်းက ပြည်သူတွေဟာတုတ်ကွေးအဖြစ်များနေပေမယ့် တုတ်ကွေးရောဂါအတွက်ဆေးဝါးများ ပြတ်လပ်နေသောကြောင့် ဝယ်ယူရန်ပင်ခက်ခဲနေတဲ့အပြင် အခြေခံဆေးဝါးပစ္စည်းများလည်း စျေးနှုန်းပိုမိုမြှင့်တက်နေသောကြောင့် ဝယ်ယူစုဆောင်းပြီး ဆေးကုသပေးနိုင်ဖို့ စိန်ခေါ်မှုများစွာရှိနေကြောင်း သိရပါတယ်။

ဒါ့အပြင် အင်ဂျန်းယန်ဒေသသို့ သွားရောက်နိုင်ဖို့ ရေလမ်းကြောင်းမှတစ်ဆင့် ဆေးဝါးများကို သယ်ယူပို့ဆောင်ရာမှာလည်း ဆေးဝါးသယ်သူခ ကုန်ကျစရိတ် ၂ ဆခန့်မြှင့်တက်သွားနေတဲ့အတွက် ယခင် ၁ သိန်းခွဲသာကုန်ကျသော်လည်း လက်ရှိချိန်မှာတော့ ၄ သိန်းခန့်ကုန်နေကြောင်း သိရပါတယ်။

လမ်းခရီး၊သယ်ယူပို့ဆောင်ရေး စျေးများမြင့်တက်နေပေမယ့် ကချင်ကျန်းမာရေးလုပ်သားအဖွဲ့ဟာ ( Kachin Backpack ) ပြီးခဲ့တဲ့ ဇွန်လမှာ အင်ဂျန်းယန်ဒေသဘက်ကို သွားရောက်လှည့်လည်ပြီး ဆေးကုသပေးခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဒါကြောင့် လက်ရှိ အင်ဂျန်းယန်ဒေသက ပြည်သူတွေရဲ့ကျန်းမာရေးအခြေနေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ခုလိုပြောပါတယ်။

ဘွမ်ရာယန်ဘက်ဆို အဓိက ရေခက်နေကြတယ်။ မိုးရွာရင် ရေတွေက ညိုညစ်ကုန်ပြီး ရေမသန့်တာကြောင့် ဝမ်းလျှော ဝမ်းပျက်ပြသနာတွေကြုံနေတယ်။ ကြားထဲမှာ အဓိကခက်နေတာ ၁၀ ရွာလောက်ရှိတယ်။ အခုဆို ရွှေမှော်တွေမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေ၊ တချို့က အောက်ပိုင်းက မိသားစုလိုက် ရွှေ့ပြောင်းအလုပ်လုပ်နေကြတာတွေ၊ ရွှေတူးနေကြသူတွေ အဓိကသူတို့က ကျန်းမာရေးအတွက် ဘာဆေးဝါးမှမရှိတာ ပြသနာက။ ဆေးဆိုင် နည်းနည်းပါးပါးရှိပေမဲ့ အနာတခြား ရောဂါတခြား သုံးစွဲနေကြတယ်။ ဘယ်ကမှ လက်လမ်းမမှီဘဲ ကြားထဲမှာ ကြားကျနေတာပေါ့။ လွတ်နေတဲ့အခြေအနေဖြစ်နေတာပေါ့” လို့ပြောပါတယ်။ 

 ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ဆေးလှည့်လည်ကုပေးနေစဉ်
ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ဆေးလှည့်လည်ကုပေးနေစဉ်

အင်ဂျန်းယန်ဒေသဘက် အဓိကခက်ခဲနေတဲ့ကျေးရွာများမှာ ဘွမ်ရာယန် နှင့် ဂွေထောင်ကြား အပါအဝင် ရွာပေါင်း ၁၀ ရွာထက်မနည်းရှိပြီး KIO အစိုးရနှင့် စစ်အစိုးရ နှစ်ဖက်လုံး လက်လှမ်းမမှီတဲ့နေရာမှာရှိနေတဲ့အတွက် ကျန်းမာရေးပိုင်း အခက်အခဲများစွာကြုံတွေ့နေကြကြောင်းလည်း ဆက်ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်တောင်ပေါ်ဒေသများဆီ တာဝန်ကျတဲ့ ကျန်းမာရေးအစိုးရဝန်ထမ်းများ အားလုံးနီးပါး CDM ပြုလုပ်သွားကြတဲ့အပြင်  ဝေးလံခေါင်ဖျားတဲ့နေရာတွေမှာ ဆေးဝါးပိုင်း ကူညီထောက်ပံ့သူများ မရှိသလောက်ဖြစ်သွားခဲ့ချိန် Kachin Backpack ကျန်းမာရေးလုပ်သားအဖွဲ့က ခက်ခဲမှုများကြားကနေ တောင်ပေါ်၊ ကျေးလက်ဒေသတွေမှာ လှည့်လည်ဆေးကုသကူညီပေးနေခဲ့ကြတာလည်းဖြစ်ပါတယ်။

“ သူဌေးတွေပဲဖြစ်ဖြစ်၊ ပရဟိတတွေပဲဖြစ်ဖြစ်  ကူညီလာမဲ့သူတွေသာရှိရင်တော့ ကျနော်တို့လည်း တစ်ဆင့်ခံပြန်ပြီး ပို့ဆောင်ကုသပေးလို့ရတဲ့ လမ်းကြောင်းတော့ရှိတယ်။ အရင်ကဆိုရင် အလှူရှင်တွေ ဝယ်ပေးထောက်ပေးတဲ့ ဆေးဝါးတွေနဲ့ ကျနော်တို့လှည့်လည် ဆေးကုသပေးတာဖြစ်တယ်။ အခုက အလှူရှင်တွေလည်း ပေါ်ပေါ်ထင်ထင်လုပ်ရကိုင်ရခက်တဲ့အချိန် ကျနော်တို့ဆီ ဆေးဝါးတွေ အထောက်ပံ့ပေးနိုင်တော့တဲ့ကြား ကျနော်တို့ ဆေးဝါးပြတ်လပ်လာတယ်။ ဆေးဝယ်ဖို့ ငွေကြေးကူညီလို့လည်းရသလို ဆေးဝါးဝယ်ယူပြီး ဆေးဝါးကူညီတဲ့နည်းလမ်းတွေနဲ့ ကျနော်တို့နဲ့ အားဖြည့်လို့ရတယ်။” ဟု Kachin Backpack ကျန်းမာရေးလုပ်သားအဖွဲ့တာဝန်ရှိသူ Mr.Zet ကပြောပါတယ်။

 ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ဆေးလှည့်လည်ကုပေးနေစဉ်
ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ဆေးလှည့်လည်ကုပေးနေစဉ်
Show More

Related Articles

Back to top button