သတင်း

သံချပ်ကာနဲ့ အမြှောက်တပ်တွေပါမယ့် စစ်တပ်စခန်းကို တနိုင်းမြို့အနီးမှာ စတင်ဆောက်လုပ်နေ

လီဒိုလမ်းမပေါ်  တနိုင်းမြို့အဝင် နမ့်ဖျက်ကျေးရွာနဲ့ ကပ်လျက် ဧက ၂၀ ကျော်မှာ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာတပ် ၊ အမြောက်တပ်တွေစခန်းချမယ့် တပ်စခန်းကြီးတစ်ခုကို စစ်တပ်က တည်ဆောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်ရင်း ၄ ခုလောက်စခန်းချနိုင်မယ့် အဲဒီစစ်တပ်အတွက် ကျေးရွာနဲ့ ပေ ၅၀၀ လောက်အကွာ မြေဧက ၂၀ ဝန်းကျင်မှာ အုပ်တံတိုင်း ကာတာ၊ နှစ်ရှည်ပင်စိုက်ပျိုးတာတွေ၊ ဘုရားစင်နေရာ ဆောက်လုပ်တာတွေကို မြင်တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ တပ်စခန်းနေရာဟာ လူနေအိမ်တွေနဲ့ နီးကပ်လွန်းတဲ့အတွက် ဆောက်လုပ်မယ့်အစီစဉ်ကို ရုပ်သိမ်းပေးဖို့ ဒေသခံရပ်မိရပ်ဖတစ်ချို့က နမ့်ဖျက်ရွာမှာ အခြေစိုက်ထားတဲ့ ခမရ ၃၉၀ တပ်ရင်းမှူးနဲ့ သွားရောက်တွေ့ဆုံပြီး တောင်းဆိုခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ယောက်က KNG ကို ပြောပါတယ်။

“ကျနော်တို့တွေက ရွာထဲမှာဖြစ်နေတဲ့အတွက် အဲ့ဒီနေရာမှာ မထားပေးဖို့ သွားပြောခဲ့သေးတယ်။ ဒါပေမယ့် သူတို့ဘက်က ကန့်ကွက်မယ်ဆိုရင် အခုကန့်ကွက်လို့ မရတော့ဘူး။ သူတို့ကဒီနေရာမှာ လာနေတာ သုံး၊ လေးနှစ်လောက် ကြာပြီဖြစ်တယ်။ စာချုပ်ချုပ်ထားတဲ့နေရာဖြစ်တယ်။ ပြီးရင် စာထုတ် အသိပေးထားတာလည်းရှိတယ်ပြီးဆို လက်မခံဘူးဆိုပြီးပြောလာတယ်” လို့ ပြောပါတယ်။

ဆောက်လုပ်နေတဲ့ တပ်စခန်းပြီးစီးသွားရင် ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်းကနေ နမ့်ဖျက်ကျေးရွာမှာ ရောက်နေတဲ့ ခမရ ၃၉၀ တပ်ရင်းရဲ့ သံချပ်ကာတပ်၊ လေတပ်၊ အမြှောက်တပ် တွေအတွက် အခိုင်အမာစခန်းဖြစ်လာမယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

အဲ့ဒီနေရာကို စစ်တပ်ကနေ ၂၀၂၁ မှာ တပ်ပိုင်မြေနေရာအဖြစ် သတ်မှတ်ယူလိုက်ပြီးတော့ အခုနှစ် မေလအတွင်းမှာပဲ တပ်စခန်းသစ် ဆောက်လုပ်မှုကို စတင်လာချိန် ဒေသခံတွေက ကန့်ကွက်နေတာဖြစ်ပါတယ်။

“သွားရေးလာရေး ခက်ခဲလာမှာထက် အခုက ရွာထဲမှာကို ဖြစ်နေတာဖြစ်တဲ့အတွက် ရွာသားတွေက ပိုပြီးကြောက်နေကြတယ်။ အိမ်တွေနဲ့လည်း ကပ်ယက်ဖြစ်သလို ကားလမ်းနဲ့လည်း ဖာလုံလောက်ပဲရှိတာ။ အဲ့ထဲမှာရွာကလည်း သေးသေးလေးဆိုတော့ ရွာနေရာလည်းဘာမှ မကျန်တော့ဘူး။ ရွာကြီးလာဖို့တောင် ခက်ခဲနေတဲ့အချိန်မှာ ဒီလိုမဖြစ်သင့်ဘူး။ အဲ့ကြောင့် ဖြစ်နိုင်ရင်တော့ ရုတ်သိမ်းပေးစေချင်တယ်”လို့ နမ့်ဖျက် ဒေသခံတစ်ယောက်က ပြောပါတယ်။

စစ်တပ်စခန်းတည်ဆောက်မယ့်နေရာဟာ KIA တပ်မဟာ ၂ လက်အောက်မှာရှိတဲ့ KIA တပ်ရင်း ၁၄ ၊ ၄၃ တပ်ဖွဲ့တွေ အဓိက နယ်မြေစိုးမိုးထားတဲ့ နမ့်ဗျူ၊ နမ့်ခမ်၊ အင်ဂါးဂါး၊ ဂါးရှားရား၊ ပရင်းမှော်၊ မိုင်းခွန် နဲ့ လပူခစတဲ့ ဒေသတွေနဲ့ ၈ မိုင်၊ ၁၀ မိုင်အကွာလောက်သာရှိတဲ့အတွက် စစ်တပ်ဟာ အဲ့ဒီနေရာတွေကိုပါ ထိန်းချုပ်ဖို့ အခုလိုလုပ်ဆောင်တာဖြစ်တယ်လို့ သုံးသပ်သူလည်း ရှိပါတယ်။

“ဘာလို့လဲဆိုတော့ KIA ထိန်းချုပ်ထားတဲ့ အောင်လောဒ်ကျေးရွာတွေကိုလည်း ဒီကနေ လက်လှမ်းမှီတယ်လေ။ အဲ့ဒီထဲမှာ တပ်ရင်း ၄ ခုပါဝင်တယ်ဆိုတော့ ပိုပြီး စိုးရိမ်တယ်။ သူတို့သာ ဒီနေရာမှာ ထိုင်လိုက်ပြီဆိုရင် စစ်အင်အားထိုးပြီးသွားစရာတောင် မလိုတော့ဘူး ဒီကနေ လက်နက်ကြီးတွေနဲ့ လှမ်းထုရင်ရတယ် အဲ့ကြောင့် အဓိက KIA ကိုအဓိကထားပြီး လုပ်လာတယ်လို့ပဲ မြင်ပါတယ်”လို့ပြောပါတယ်။

ဒါ့အပြင် တနိုင်း၊ လီဒိုလမ်းမပေါ်မှာရှိကြတဲ့ နမ့်ဖျက်ကျေးရွာအပါအဝင် တိန်းကောက်၊ အောင်ရာ ကျေးရွာဒေသခံတွေဟာ ဒေသတွင်း မသင်္ကာမှုတွေကြောင့် ဖမ်းဆီးရိုက်နက်ခံရမှုတွေ၊ သတ်ဖြတ်ခံရမှုတွေ ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။

အခုလို စစ်တပ်တပ်က စစ်စခန်းတည်ဆောက်လာတဲအတွက် ဒေသခံ တစ်ချို့ ကျေးရွာကနေ ရွှေ့ပြောင်းနေထိုင်ချင်ကြပေမယ့် ရွှေ့ပြောင်းမှုတွေ မလုပ်ကြဖို့ စစ်တပ်က တားမြစ်ထားတယ်လို့ ဆိုပါတယ်။

အခု တပ်နေရာအသစ်ချထားတဲ့ မြေနေရာဟာ ယခင် ယုဇနကုမ္ပဏီက ဒေသခံတွေဆီကနေ ရယူသိမ်းပိုက် ထားတဲ့ မြေနေရာဖြစ်ပြီးတော့ ၂၀၂၁ မှာ ယုဇနကုမ္ပဏီက ဟူးကောင့်ဒေသကနေ ထွက်ခွာသွားတဲ့နောက်ပိုင်း အဲ့ဒီမြေနေရာတွေကို စစ်တပ်က ပြန်လည်သိမ်းယူလိုက်ပြီး အခုလိုတပ်နေရာပြန်တည်ဆောက်လာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီမြေနေရာဟာ ယခင်က နမ့်ဖျက်ကျေးရွာဟောင်းဖြစ်ပြီးတော့ ၂၀၀၇ ယုဇနကုမ္မဏီဝင်ရောက်လာပြီးနောက် ဒေသခံတွေ ပိုင်ဆိုင်တဲ့ မြေနေရာတွေကို သိမ်းယူလိုက်ပြီး စိုက်ပျိုးမြေသတ်မှတ်ခံလိုက်ရတာလည်း ဖြစ်ပါတယ်။

နမ့်ဖျက်ကျေးရွာကနေ တနိုင်းမြို့ပေါ်အထိ စစ်တပ် စခန်း ၄ ခု နဲ့ စုပေါင်းဂိတ်တစ်ခု စသဖြင့် စုစုပေါင်း စစ်ဆေးရေးဂိတ် ၅ ခုရှိပြီး နမ့်ဖျက်ရွာမှာရှိတဲ့ ခမရ ၃၉၀ တပ်ရင်း၊ တိန်းကောက်ကျေးရွာက ခမရ ၃၈၂ တပ်ရင်း၊ ကောင်ရာ ခလရ ၂၆၀ တပ်ရင်းနဲ့ ၅ မိုင် တပ်စခန်းတစ်နေရာ တို့ဖြစ်ကြပါတယ်။

လက်ရှိမှာတော့ အဲဒီစစ်တပ်တွေကို တနိုင်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) က ထိန်းချုပ်နေပြီး ဟူးကောင့်ချိုင့်ဝှမ်းဒေသ KIA တပ်မဟာ ၂ ကိုထိန်းချုပ်ဖို့ စစ်ဗျူဟာအရ လုပ်ဆောင်လာတာဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

Show More

Related Articles

Back to top button