တိုက်ပွဲသတင်း

ဗန်းမောက်ဘက်သို့တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို အင်းတော် PDF ကစောင့်ကြိုတိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ကနေ ဗန်းမောက်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မော်တိတ်ဒေသအနီးမှာ အင်းတော် PDF စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၉ ရက်နေ့က အင်းတော်မြို့ကနေ ဗန်းမောက်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ကျော်ပါ တပ်မ ၇၇ နှင့် တပ်မ ၈၈ စစ်ကြောင်းဟာ မော်တိတ်ဒေသထဲ ဇူလိုင်လ ၁၀ ရက်နေ့ တစ်ကြိမ်၊ ဇူလိုင် ၁၁ ရက်နေ့ညနေပိုင်း တစ်ကြိမ် စုစုပေါင်း ၂ ကြိမ်တိတိတိုက်ခိုက်ခံရတာကြောင့် စစ်ကြောင်းဆက်မထိုးနိုင်ပဲ ဖြစ်နေတယ်လို့

အင်းတော် PDF နဲ့နီးစပ်သူတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။

“မနေ့တုန်းကတုံစီအကျော် တောင်ကြီးရွာနဲ့တုံစီလမ်းဆုံမှာဖြစ်တာဖြစ်ပြီးမှအထိနာတော့ တုံစီကျောင်းကို ကိုပြန်ကပ်ခဲ့တာစစ်ကြောင်းကပြန်ကပ်ခဲ့ပြီးညတုန်း ရွာသာရွာပြန်ဆုတ်လာတာဒီနေ့တော့ ရွာသာရွာနားမှာတိုက်ပွဲ ပြန်ဖြစ်နေတယ်”လို့ ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မနေ့က တုံစီဘက်ကနေ ရွာသာရွာကိုပြန်ဆုတ်လာတာဖြစ်ပြီး ဒီနေ့ည ၅နာရီအချိန်မှာ ရွာသာရွာအနီး ကျောင်းသားတပ်မတော်နဲ့ အင်းတော်PDF တို့က နောက်တစ်ကြိမ်တိုက်ခိုက်ခဲ့တာကြောင့်ရွာသာရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့မော်တိတ်ကျေးရွာကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

“မနေ့ကတော့မနက် ၈နာရီထိုးမှာဖြစ်တာ လက်နက်ကြီးပစ်သံတောင် ၇ချက်၈ ချက်လောက်ကြားလိုက်တယ်။ မနေ့ကတိုက်ပွဲတော့နာရီဝက်လောက်ကြာတယ် မနေ့ကတော့ စစ်တပ်ဘက်က လေးယောက်ထိတယ်တဲ့ လမ်းပေါ်မှာ လှဲနေတာလေးယောက်တဲ့ ကာကွယ်ရေးတွေဘက်ကပြောတာ”လို့ အင်းတော် PDF နဲ့ရင်းနှီးတဲ့အမျိုးသားတစ်ဦး ကပြောပါတယ်။

ဒါ့အပြင် အောင်းကုန်းကျေးရွာနဲ့ သက်ကယ်ကျင်းကျေးရွာထဲက အရပ်သား ၄ဦးကိုလည်း လူသားဒိုင်းအဖြစ်ဖမ်းဆီးလာပြီး အထုပ်သယ်ခိုင်းတာနဲ့ စစ်ကြောင်းရှေ့ကနေ သွားခိုင်းတာမျိုးတွေလုပ်နေတယ်လို့လည်း မျက်မြင်တွေ့တဲ့ဒေသခံတွေဆီကနေသိရပါတယ်။

လက်ရှိမော်တိတ်ရွာကိုပြန်ဆုတ်လာတဲ့အဲ့ဒီစစ်ကြောင်းဟာ ကျွန်းတောဘက်ကိုဒီနေ့ ညပိုင်းကနေလက်နက်ကြီးတွေလည်း ရမ်းသမ်း ပစ်ခတ်နေတယ်လို့သိရပါတယ်။

မော်တိတ်ဒေသမှာတော့ လက်ရှိနန့်သာရွာထဲမှာမတ်လကတည်းကတပ်စွဲထားတဲ့ အင်အား ၁၀၀ပါ စစ်ကြောင်းနဲ့ မော်တိတ်ရွာမှာ မေလကတည်းကတပ်စွဲထားတဲ့ အင်အား ၈၀ ပါစစ်ကြောင်းတို့ရှိနေတာကြောင့် အောင်းကုန်း၊တုံ့တော်၊ နန့်သာ၊ တုံစီ၊မော်တိတ်နဲ့အနီးကျင်းဝန်ထဲက ရွာပေါင်း ၁၀ ရွာလောက် ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

Show More

Related Articles

Back to top button