တိုက်ပွဲသတင်း

ဂျာပူရွာနားမှာ စစ်တပ်နဲ့ KIA တပ်ကြားတိုက်ပွဲပြင်းထန်နေ

နမ်ဆန်ယန်ဘက်ကို စစ်အင်အားဖြည့်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ဂတ်မိုင်ယန်(Gat Mai Yang) နဲ့ ဂျာပူကျေးရွာကြား ကြားဖြတ်တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

ရွှေညောင်ပင်စစ်တပ်ဂိတ်မှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင် ၁၂ ရက်နေ့ ဒီမနက် ၈ နာရီလောက်မှာ ဂျာပူကျေးရွာအနီးမှာ KIA ဘက်မှ ကြားဖြတ်တိုက်ခိုက်နေပြီး လက်ရှိချိန်ထိ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတွေပြောပါတယ်။

“ပြီးခဲ့တဲ့ရက်က မြစ်ကြီးနား၊ ဝိုင်းမော်ဘက်ကနေ စစ်ကြောင်း ရွှေညောင်ပင်ထိရောက်ထားတယ်။ စစ်အင်အားဘယ်လောက်လဲတော့မသိဘူး။ အဲ့ကနေဆက်ချီတက်လာပုံရတယ်။ အခုဂျာပူနဲ့ ဂတ်မိုင်ယန်ကြားမှာ အတကုန်ပစ်နေကြတယ်။ ဒီမနက် ၈ နာရီကနေ စကြားပြီ။ ခုထိ လက်နက်ကြီးတွေနဲ့ ပစ်နေကြတုန်း”လို့  ဝိုင်းမော်ဘက်ရောက်နေတဲ့ ဂျာပူဒေသခံတစ်ဦးက ပြောပါတယ်။

ဂျာပူကျေးရွာမှာ တောင်ယာအခင်းလုပ်ကိုင်ရင်း နေထိုင်နေတဲ့ ဒေသခံတစ်ချို့ရှိနေသေးတာကြောင့်  စိုးရိမ်မှုတွေလည်းရှိနေတယ်လို့ ပြောပါတယ်။

ဝိုင်းမော်-လိုင်ဇာကြား နမ်ဆန်ယန်ကျေးရွာဘက်ကို စစ်ကောင်စီစစ်ကြောင်းဟာ မြစ်ကြီးနား-ဝိုင်းမော်ဘက်မှ တစ်ကြောင်း၊ ဧရာ၀တီမြစ်ကြောင်းအနီး တာလောကြီးဘက်မှ တစ်ကြောင်း၊ ဗန်းမော်ဘက်ကနေ တစ်ကြောင်းနဲ့ စစ်ကြောင်း ၃ ကြောင့်နဲ့ ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

“ဒီ ၃ ရက်အတောအတွင်းတော့ ခဏငြိမ်နေတာဟုတ်တယ်။ ဒါပေမဲ့ အခု ဗန်းမော်၊ တာလောကြီးနဲ့ မြစ်ကြီးနား ဘက်နေ စစ်ကြောင်းတွေ ဒီဘက်ကို အင်အားဖြည့် ထပ်ချီတက်လာနေပြီကြားတယ်။ ဒီမနက်အစောကတည်းကနေ ဂါးရာယန်ကနေ စစ်ကြောင်းဖြတ်လာတာ အခုဂျာပူမှာ ကြားဖြတ်တိုက်ခိုက်နေပုံရတယ်။” ဟု နမ်ဆန်ယန်ကျေးရွာဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ဇူလိုင် ၁၁ ရက် မနေ့ညအထိတော့ နမ်ဆန်ယန်ကျေးရွာတဝိုက် လေယာဉ်နဲ့ လာရောက်ပျံဝဲသွားမှုရှိတယ်လို့ သူကဆိုပါတယ်။

မြစ်ကြီးနားဗန်းမော်ကားလမ်းပေါ်ရှိ နမ်ဆန်ယန်ကျေးရွာအနီးနား တောင်တဝိုက် စစ်တပ်အထိုင်စခန်းချချင်တာကြောင့် အဘက်ဘက်ကနေ စစ်ကြောင်းဆက်ထိုးနေပြီး တိုက်ပွဲဆက်လက်တင်းမာနေတယ်လို့ ဒေသခံတွေပြောပါတယ်။

နမ်ဆန်ယန်အလွန် လိုင်ဇာအနီးကိုလည်း စစ်ကောင်စီစစ်ကြောင်း အင်အား ၁၀၀၀ ခန့်ရောက်နေပြီး ဖြစ်တယ်လို့လည်း ဆက်လက်သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်ကတည်းက နမ်ဆန်ယန်အနီးတဝိုက် စစ်တပ်နဲ့ KIA တိုက်ပွဲပြင်းထန်လာတာကြောင့် ဒေသခံပြည်သူများ မြစ်ကြီးနား၊ ဝိုင်းမော်၊ လိုင်ဇာ နယ်စပ်တွေဆီ ထွက်ပြေးထပ်မံ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button