တိုက်ပွဲသတင်း

ကွတ်ခိုင်မြို့အနီး စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရ

ရှမ်းမြောက်၊ ကွတ်ခိုက်မြို့အနီး စစ်ကောင်စီယာဉ်တန်းကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကား ၁ စီးထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

ကွတ်ခိုင်ကနေ မူဆယ်ဘက်သို့ ဦးတည်လာတဲ့ စစ်ကောင်စီအင်အား ၈၀ လောက်နဲ့ စစ်ရိက္ခာလက်နက်ပစ္စည်းတွေတင်ထားတဲ့ ကား ၃ စီး  ဇူလိုင် ၁၁ မနေ့ညနေ ၂ နာရီခွဲခန့် နမ်ဖတ်ကာအနီး ဖာခစ်ကျေးရွာ( Hpahkik) နားမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက် တပ်မဟာ ၄ တပ်ရင်း ၆ ကြားဖြတ်ခိုက်ခဲ့တယ်လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

“သေဆုံးမှုရှိမရှိတော့မသိဘူး။ ကားတစ်စီးတော့ထိသွားတာ လူနာတင်ကားရောက်လာပြီး ကွတ်ခိုင်ဆေးရုံကို တင်သွားတယ်လို့သိရတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ကွတ်ခိုင်ကနေ မူဆယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KIA တပ်ရင်း ၃၉ က ကွတ်ခိုင်အထက် နောင်ရွှေနားမှာ စောင့်ကြိုတိုက်ခိုက်ခဲ့ပါသေးတယ်။

ဇူလိုင်လဆန်းပိုင်းကနေစပြီး ၁၀ ရက်အတောအတွင်း ကွတ်ခိုင်မြို့ အနီး စစ်ကောင်စီယာဉ်တန်းကို KIA ဘက်မှ ၇ ကြိမ်ထက် မနည်း ကြား ဖြတ်တိုက်ခိုက်ခံရကြောင်း ကွတ်ခိုင်ဒေသခံက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ KIA ဌာနချူပ်အနီး နမ်ဆန်ယန်ဘက်ကို စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေစဉ် ရှမ်းမြောက်ဘက်လည်း စစ်ကောင်စီယာဉ်တန်း မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံနေရပြီး တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

အဲ့ဒါအပြင် လက်ရှိ ကျောက်မဲဒေသတွင်လည်း စစ်ကောင်စီနဲ့ TNLA က စစ်ရေးတင်းမာနေတယ်လို့ ဆက်လက်သိရပါတယ်။

Show More

Related Articles

Back to top button