တိုက်ပွဲသတင်း

ကားမိုင်းအနီး တိုက်ပွဲဖြစ်နေချိန် ဆိုင်ကယ်ဖြတ်မောင်းလာတဲ့ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံး

ဖားကန့်မြို့နယ် ကားမိုင်းမြို့အနီး စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲဖြစ်ပွားနေစဉ် ကားလမ်းတိုင်း ဆိုင်ကယ်နဲ့ ဖြတ်လာတဲ့ အမျိုးသားတစ်ဦး လက်နက်ထိမှန်သေဆုံးသွား တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇူလိုင် ၁၂ ရက်နေ့ ဒီမနက် ၁၀ နာရီဝန်းကျင်ကစပြီး ကားမိုင်း၊လဝါးလမ်း အင်ဘရော့် လမ်းဆုံမှာ စစ်တပ်နဲ့ KIA ကြား ၁ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားနေချိန် ဆိုင်ကယ်နဲ့ဖြတ်လာတဲ့ ကားမိုင်းဒေသခံပြည်သူတစ်ဦး ကျည်ထိမှန်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ ကားမိုင်းဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီမနက် ၁ နာရီလောက်ကြာတယ် အချင်းချင်းတိုက်ပွဲဖြစ်နေတာ။ အဲ့တာနဲ့ ကားမိုင်းက ပြည်သူတစ်ယောက်ဆိုင်ကယ်လာတာ တိုက်ပွဲဖြစ်နေစဉ်ဖြတ်လာလို့ လက်နက် ထိပြီးသေသွားတယ်”လို့ ပြောပါတယ်။

လက်နက်ထိမှန်သေဆုံးသွားသူမှာ ကားမိုင်းမြို့  ဇီးကျွန်းရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်စိန်မ၏ အမျိုးသားဖြစ်သူ အသက် ၅၀ ကျော်အရွယ် ကျော်ဆွေဦး ဖြစ်ကြောင်းသိရပြီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက် ကားမိုင်စစ်တပ်စခန်းမှ လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ကားမိုင်းမြို့အဝင်ဂိတ်မှာတပ်စွဲနေထိုင်တဲ့ စစ်တပ်ဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာတစ်ကြိမ် သွား ရောက်တိုက်ခိုက်တာတွေရှိသလို ၂၀၂၃ ခုနှစ် မတ်လမှာလည်း မိုးကောင်းမှဖားကန့်ဘက်ကို တက်လာတဲ့ကုန်ကားမောင်းသူတစ်ဦးကို စစ်တပ်ပစ်သတ်လိုက်တဲ့ဖြစ်စဉ်တွေလည်း ရှိပါတယ်။

ကားမိုင်းမြို့နယ်ဟာ မိုးကောင်း-ဖားကန့်သွားရာ လမ်းမကြီးပေါ်မှာရှိတဲ့မြို့နယ်ဖြစ်ပြီး အာဏာသိမ်းပြီးတဲ့နောက် မကြာခနဆိုသလို စစ်ကောင်စီတပ်နဲ့ KIAတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သလို စစ်တပ်က ကားမိုင်းမြို့နယ်မှာရှိတဲ့ ကျေးရွာတစ်ချို့က အရပ်သားပြည်သူတွေကို မကြာခနလူသားဒိုင်းအဖြစ် ဖမ်းဆီးတာတွေရှိနေဆဲဖြစ်ပါတယ်။

Show More

Related Articles

Back to top button