လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဝက်လက်မှာ ဒေသခံအမျိုးသားတစ်ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း ဝက်လက်နယ်‌တောင်ဘက်ခြမ်း ရထားသံလမ်းဘက်ကို ဒီကနေ့ မနက်ပိုင်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က သံလမ်းဘေးက သာလိုင်းရွာဒေသခံအမျိုးသားတစ်ဦးကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကြောင်းဝင်လာတဲ့အချိန် သာလိုင်းရွာအရောက်မှာ ပြည်သူတစ်ချို့လည်းပြေးကြတစ်ချို့ကြလည်း မပြေးကြဘူးပေါ့ဗျာ အဲ့မှာသူတို့နဲ့ပက်ပင်းတိုးပြီး သူတို့ရှေ့ပြေး တယ်ဆိုပြီးတော့ ပစ်သတ်လိုက်တဲ့သဘောပေါ့ ပစ်တာကတော့ရည်ရွယ် ချက်ရှိရှိကိုပစ်တာပါ“ လို့ပြောပါတယ်။

ပစ်သတ်ခံခဲ့ရသူဟာ သာလိုင်းကျေးရွာဒေသခံ အသက်၆၀နှစ်အရွယ် ဦးသံချောင်းဆိုသူဖြစ်ပြီးတော့ ရုပ်အလောင်းကိုတော့ စစ်ကောင်စီစစ်ကြောင်း ပြန်လည်ထွက်ခွာသွားချိန်မှာပဲ ဒေသခံတွေနဲ့ကာကွယ်ရေး တပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးပြုလုပ်ရင်း သဂြိုလ်ပေးခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား၇၀ကျော်ရှိပြီး လက်ရှိမှာ သာလိုင်းရွာနဲ့ ၂မိုင်ကျော်အကွာမှာရှိတဲ့ သုံးဆင့်ကံရွာမှာတပ်စွဲထားတဲ့အတွက် ဒေသခံတွေတိမ်းရှောင်နေကြရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ဒေသခံတွေကတော့ စစ်ကြောင်းကရှိနေသေးတော့ စိတ်မချရသေးဘူးပေါ့ ရထားသံလမ်းဘေးက ရွာပေါင်း၅ရွာထက်မနည်းကလူဦးရေ ၂ ထာင်ကျော်တော့ပြေးနေရတယ်”လို့ပြောပါတယ်။

လက်ရှိထွက်ပြေးနေရတဲ့ဒေသခံတွေဟာ ရုံးသာ၊သာလိုင်း၊သုံးဆင့်ကံ၊ပေါက်ကန်၊ရုံးအိုင်စတဲ့ကျေးရွာတွေ ဒေသခံ၂ထောင်ကျော်ဟာ ဘေးလွှတ်ရာတော တောင်၊ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ တိမ်းရှောင် နေကြရတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်၆ရက်နေ့ကလည်း ဝက်လက်နယ်အရှေ့ခြမ်းက ရွှေပန်းကုန်းကျေးရွာကိုဈေးရောင်းဖို့သွားတဲ့ သမ္မာရိုးရွာနဲ့ ကတို့ကိုင်းရွာက ဒေသခံ၇ဦးလည်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံရေးပဋိပက္ခနှင့်တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာအရပ်သား သေဆုံးသူ ၂၄၀၀ကျော် ရှိတယ်လို့ ပြီးခဲ့တဲ့ ဇွန်၂၆ရက်နေ့က မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေး အင်စတီကျု(ISP Myanmar)ကထုတ်ပြန်ထား ပါတယ်။

Show More

Related Articles

Back to top button