တိုက်ပွဲသတင်း

ဒေါ့ဖုန်းယန်နဲ့ ဒိန်ဂါကြား စစ်ကောင်စီတပ်နဲ့ KIA တပ်ကြား တိုက်ပွဲပြင်းထန်နေ

စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်နဲ့ KIA တပ်ကြား ဒီကနေ့မနက်ကစပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဗန်းမော်ဘက်ကနေ ဇူလိုင်လ ၄ ရက်နေ့ကစပြီး နမ်ဆန်ယန်ဘက်ကို တောက်လျှောက် စစ်ကြောင်းထိုးနေတဲ့အတွက် KIA ဘက်က စောင့်ကြိုတိုက်ခိုက်ရာကနေ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတာယ်။

“ ဒီနေ့ဖြစ်တဲ့အဖွဲ့က အောင်ဂျာမှာအင်အားထပ်ဖြည့်ဖို့တက်လာတာ အောင်ဂျာကနေဆို ဒီဘက်သိပ်မဝေးတော့ဘူးလေ အဲဒါအောင်ဂျာမရောက်ခင် ခလားကဒေါင်နားမှာ ဒီဘက်က KIA ကကြားဖြတ်တိုက်နေတာဟုတ်တယ်။ ဒီမနက်ကတည်းက ခုနေ့လည်အထိ ပစ်နေကြတုန်း”လို့ပြောပါတယ်။

လက်ရှိ နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက ဗန်းမော်မြို့နယ်မှာအခြေစိုက်ထားတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် ၂၁ အောက် ခြေလျင်တပ်ရင်းနဲ့ ခြေမြန်တပ်ရင်း ၁၀ ရင်းကျော်ရှိတဲ့ထဲက ခလရ ၂၃၆ ၊၂၃၇၊ ခမရ ၃၁၉ နဲ့ မိုးမောက်ဘက်က ခမရ ၄၃၈၊ ၄၃၇ တွေဖြစ်ပြီး  ဗန်းမော်မြို့ကနေ တောလမ်းဘက် တချို့၊ ဟူးလီယန်ကနေ မြို့သစ်၊ ကုန်းလော လမ်းကနေ ဒေါ့ဖုန်းယန်ဘက်တောက်လျှောက် စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

နမ်ဆန်ယန်ကျေးရွာဟာ ၂၀၁၂ ခုနှစ် စစ်ကောင်စီတပ်နဲ့ KIA တို့အကြားတိုက်ပွဲကြောင့် ဆယ်စုနှစ်တစ်စုကြာ စစ်ဘေးရှောင်နေရာကနေ ၂၀၁၈ မှာနေရပ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။

ဒေသခံပြည်သူများ လုံခြုံစွာနေရပ်ပြန်လည်နေထိုင်နိုင်ဖို့ လက်နက်ကိုင်နှစ်ဖွဲ့လုံးက နမ်ဆန်ယန်ရွာအနီးမှာ တပ်စွဲနေထိုင်တာတွေမလုပ်ကြဖို့ နှုတ်ကတိနဲ့သဘောတူညီထားတာဖြစ်ပါတယ်။

ဒါပေမယ့် စစ်တပ်က ဒီကတိတွေကိုချိုးဖောက်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတစ်ကြိမ် ဝင်ရောက်လာဖို့ကြိုးစားခဲ့သလို ဒီနှစ် ဇွန်လ ၂၆ ရက်နေ့ကနေစပြီး ဆက်တိုက်စစ်ကြောင်းထိုးဝင်ရောက်လာရာကနေ ထိတွေ့တိုက်ပွဲဖြစ်နေတာပါ။

လက်ရှိမှာ နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို KIA ဘက်က ကြားဖြတ်တိုက်ခိုက်နေတာကြောင့် နေ့စဉ်ဆိုသလိုတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

နမ်ဆန်ယန်ကျေးရွာဟာ မြစ်ကြီးနား- ဗန်းမော်သွားရာ လမ်းမပေါ်မှာရှိတဲ့ကျေးရွာဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရပြီဖြစ်တဲ့အပြင် မြစ်ကြီးနား- ဗန်းမော်ကားလမ်းမလည်း ပိတ်ပင်ထားပြီး စစ်ကောင်စီတပ်က ဗန်းမော်၊မြစ်ကြီးနားဘက်ကနေ နမ်ဆန်ယန်ဘက်ကို စစ်အင်အားတောက်လျှောက်ဖြည့်နေဆဲဖြစ်ပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့မှာတော့ မနေ့ညကစပြီး မာရှယ်လောထုတ်ပြန်လိုက်ပါတယ်။

“အခြေနေကြည့်တာက ဒီထက်ပိုဆိုးလာဖို့ဘဲရှိနေတယ် ခုဆိုကျနော်တို့ပြေးနေရတာ ဆယ်ရက်ကျော်လာပြီ စစ်သားတွေက နမ်ဆန်ယန်ဘက်ကို လာနေတုန်းဘဲလို့ကြားနေရတယ်” လို့ နမ်ဆန်ယန်ရွာကနေ လိုင်ဇာဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်တစ်ဦးကပြောပါတယ်။

နမ်ဆန်ယန်အနီးတစ်ဝိုက် စစ်ကောင်စီတပ်နဲ့ KIA တပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတာ ခုဆို ၂ ပတ်ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။

By;ZM

Show More

Related Articles

Back to top button