တိုက်ပွဲသတင်း

ယင်းမာပင်တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ဦးကျဆုံးပြီး ဒေသခံအဘွားအို တစ်ဦးမီးထဲပါသွား

စစ်ကိုင်တိုင်း ယင်းမာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ပြီး အဘွားအိုတစ်ဦး မီးထဲပါသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။

အင်အား ၁၀၀ကျော်ပါတဲ့ စစ်ကောင်စီတပ်တွေနဲ့ကာကွယ်ရေးတပ်တွေအကြားမနေ့ကဇူလိုင်လ၁၂ရက်နေ့ နေ့လည်ပိုင်းကစပြီး ယင်းမာပင်မြို့နယ် ရွာထောင်ရွာနဲ့ မြေကြက်ဆူကျေးရွာ အနီးတစ်ဝှိုက်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့ စစ်ကောင်စီတပ်ဘက်က ဝေဟင်ကပါပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီက မြေပြင်မှာစစ်ကြောင်းထိုးတာ လွန်ခဲ့တဲ့၅ရက် လောက်တည်း ကဦးတည်လှုပ်ရှားနေတာ မနေ့ကကျတော့ လေယာဥ် ပစ်ကူတောင်းပြီးတော့ မြေပြင်ကိုအပြတ်သတ်ချေမှုန်းတာပေါ့ ဝေဟင်က ပစ်ခတ်မူကြောင့် ရဲဘော်တစ်ယောက်ကျဆုံးခဲ့တယ် “ လို့ပြောပါတယ်။

စစ်ကောင်စီတပ်က ဝေဟင်ကနေ Mi35 ရဟတ်ယာဥ်နှစ်စီးနဲ့ ၃နာရီကြာဝဲကာ ပစ်ခတ်ခဲ့တာဖြစ်ပြီး မြောက်နုံးကျေးရွာက နေအိမ်အချို့နဲ့အဆောက်အဦး အချို့ပျက်ဆီးခဲ့ရတယ်လို့သူက ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က မြေပြင်ရောဝေဟင်ကပါ အင်အားသုံး တိုက်ခိုက်လာတာကြောင့် ကာကွယ်ရေးတပ်တွေနောက်ဆုတ်ပေးခဲ့ရပြီး ညနေ၅နာရီလောက်မှာ မြို့ကြီးရွာကို ဝင်ရောက်စီးနင်းမီးရှို့ ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“သူတို့ကမြေပြင်ရောဝေဟင်ရောသုံးတော့ကာကွယ်ရေးတပ်တွေပြန်ဆုတ်ခဲ့ရတာပေါ့ အဲ့မှာ မြေပြင်စစ်ကြောင်းကမီးရှို့တာကြောင့် မြို့ကြီးရွာက နေအိမ် ၄၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ် မြို့ကြီးရွာကိုပဲဝင်ပြီးမီးရှို့တာပေါ့ “ လို့ ပြောပါတယ်။

ဒါ့အပြင် မြို့ကြီးကျေးရွာကိုမီးရှို့ခံရမူမှာ ဒေသခံအဘွားအိုတစ်ဦးလည်း မပြေးနိုင်ဘဲ မီးလောင်သေဆုံးခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ မြို့ကြီးရွာကိုမီးရှို့ပြီးတဲ့နောက်မှာ ယင်းမာပင်မြို့ပေါ်ကအထိုင်စခန်းကို ပြန်လည်ဝင်ရောက်သွားခဲ့ပေမဲ့ နှစ်ဘက် စစ်ရေးတင်းမာနေဆဲဖြစ်သလို တိုက်ပွဲတွေဆက်ဖြစ်လာနိုင်တယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အခုလိုပြောပါတယ်။

“ ဒီနေ့ထိတော့စစ်ရေးကတင်းမာနေဆဲလို့ပြောလို့ရတယ် သူတို့ကမြို့ထဲ ကိုဝင်သွားပေမဲ့လို့ တိုက်ပွဲတွေဆက် ပြင်းထန်လာမယ်လို့ထင်တယ် မိုးတွင်း ရောက်ပြီဆိုရင် ဒီမှာက‌မြေကစီးတယ် ပွိုင့်ဖိနပ်တွေစီးလို့မရဘူး ချောင်းမြောင်း လည်းပေါတယ် အခုမိုးမကျ ခင်မှာစစ်ကြောင်းက မဖြစ်မနေထိုးအုံးမယ် လို့ထင်တယ်” လို့သုံးသပ်ပါတယ်။

photo- ယင်းမာပင်နယ်မှ စစ်ဘေးရှောင်များ

လက်ရှိအခြေနေတွေကြောင့်လေးရွာ၊ရွာထောင်၊မြေကြက်ဆူ၊မြို့ကြီးနဲ့မြောက်နုံးရွာတွေအပြင် အနီးတစ်ဝှိုက်က ဒေသခံ၇ထောင်ကျော် ဘေးလွှတ်ရာသို့ထွက် ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကိုင်းတိုင်းမှာ ဒေသခံ၇သိန်းခွဲကျော်အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမူ ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမူးရုံး (UN OCHA) က ပြီးခဲ့တဲ့ဇွန်လ၁၃ရက် နေ့က ထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button