သတင်း

နောင်မွန်မြို့နယ်ထဲမှာ ဆန်ပြတ်လပ်လာပြီး ဒေသခံများစားသောက်ရေးအခက်တွေ့နေ

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်ထဲက ဆန်အရောင်းဆိုင်တွေမှာ ဆန်ပြတ်လပ်စပြုနေပြီး ဆန်စျေးနှုန်းတွေ မြင့်တက်လာနေတာကြောင့် ဒေသခံပြည်သူတွေ စားသောက်ရေးပိုမိုခက်ခဲလာတယ်လို့ နောင်မွန်းမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

နောင်မွန်မြို့နယ်နဲ့ပူတာအို့မြို့နယ်ထဲမှာ ၂ လကျော်ကြာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ပူတာအို- နောင်မွန်ကားလမ်းပိုင်း မြေပြိုမှုတွေရှိနေတဲ့အပြင် ကုန်ကားကြီးတွေသွားလာရခက်ခဲလာပြီးတဲ့နောက် နောင်မွန်မြို့နယ်ထဲ ဆန်တွေရောက်နည်းလာပြီး ဆန်အရောင်းဆိုင်တွေမှာ ဆန်ပြတ်လပ် လာတာဖြစ်တယ်လို့ နောင်မွန်းမြို့ အမှတ်(၂)ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“ကုန်စျေးနှုန်းတွေကမကျဘူးနော် ကြက်ဥဆိုတစ်လုံး ၅၀၀လဆန်တွေလည်းမရောက်ဘူး ခုဆန်တစ်အိတ်ဆို သိန်းဂဏန်း ကုန်ကားတွေမလာဘူး ကားအသေးတွေပဲလာတော့ တင်ခစျေးကြီးတယ် အဲ့ကြောင့်ဆန်ဆိုင်တွေကလည်းမကိုက်တော့မတင်ကြဘူး ဘယ်လိုရောင်းရောင်းအရင်းပြုတ်တယ်”လို့ ပြောပါတယ်။

နောင်မွန်မြို့နယ်ထဲမှာ ကုန်ကားအဝင်မရှိတော့တာဟာ တစ်လနီးပါးရှိလာပြီဖြစ်ပါတယ်။ ဒါကြောင့် ဆန်အရောင်းဆိုင်တွေဟာ ကားသေးလေးတွေနဲ့ ဆန်မှာယူတဲ့အခါ တင်ခနဲ့မကိုက်တဲ့အတွက် ဆန်တင်သွင်းမှုကိုရပ်တန့်ထားကြပြီး လက်ရှိ လက်ကျန်ဆန်တွေကိုလည်း တစ်အိတ် ၁၆၀၀၀၀ ကျပ်နဲ့ ၁၇၀၀၀၀ ကျပ်နီးပါးအနီစျေးတင်ရောင်းလာကြတာကြောင့် ဒေသခံတွေက ဝယ်မစားနိုင်ပဲအခက်အခဲ ဖြစ်နေတယ်လို့နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“မိုးတာအားရွာတယ်ဒီမှာမိုးရွာတာ သုံးလလောက်ရှိပြီ လုံးဝမတိတ်ဘူး။ စပါးလှန်းဖို့နေလည်း မပူဘူး အရမ်းခက်ခဲတယ် ဒီနှစ်တော့ မြို့ပေါ်ကလူတွေကတော့ အရမ်းကြီးမခက်ခဲဆိုနိုင်ပေမယ့် ရွာတွေမှာတော့အရမ်းကိုခက်ခဲနေတယ်။ ထမင်းအစား အူလိုင်တွေချက်စားနေရတယ် တခြားတောထဲကဟာတွေရှာစားရတဲ့အထိဖြစ်နေတယ်။ဆန်စျေးကတက် စပါးလှန်းဖို့နေတာမပူအဲ့လိုဖြစ်နေတာ”လို့ အခြားဒေသခံတစ်ဦးကပြောပါတယ်။

photo- ပြီးခဲ့တဲ့လ ပူတာအို- နောင်မွန်းလမ်းပျက်စီးနေပု
photo- နောင်မွန်းမြို့အဝင်ဆိုင်းဘုတ်

လက်ရှိမှာ ဆန်စျေးမြင့်တက်မှုနှင့်အတူမိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် စပါးလှန်ဖို့အခက်အခဲ ဖြစ်နေတဲ့ကာလမှာ နောင်မွန်မြို့ပေါ်က ငွေကြေးတတ်နိုင်သူတွေအနေနဲ့ ဆန်ဝယ်နိုင်ပေမယ့် ငွေကြေးမတတ်နိုင်တဲ့ ကျေးရွာနေပြည်သူတွေဟာ ဆန်မဝယ်စားနိုင်တဲ့အတွက် ထမင်းအစား တော်ထဲက ထွက်တဲ့အူလိုင်နဲ့အခြား တောထွက် အစားအစာတွေစားသောက်ပြီးနေရတယ်လို့ဒေသခံတွေကဆိုပါတယ်။

ဇွန်လ ၁၀ ရက်နေ့က နောင်မွန်မြို့နယ် ရပ်ဘော့နှင့် ကဆမ်ဒမ်းကျေးရွာကြားမှ လမ်းအရှည်ပေ ၁၀၀ ကျော်ပြိုကျပျက်စီးခဲ့ပြီး တံတားငယ်အချို့ပျက်ဆီးခဲ့တဲ့နောက် ကုန်ကားအဝင်မရှိတော့ဖြစ်ပြီး လက်ရှိအချိန်ထိလည်းမိုးရွာသွန်းနေဆဲဖြစ်ပြီး ဒေသခံတွေအနေနဲ့ရေရှည်မှာ အငတ်ဘေးဒီထက်မက ကြုံရနိုင်တယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

နောင်မွန်မြို့ဟာပင်လယ်ရေမျက်နှာပြင် အထက် ၁၇၉၈ပေ မှာတည်ရှိပြီး မြို့ပေါ် ရပ်ကွက် ၆ခု နှင့်ကျေးရွာအုပ်စု ၁၃ စုကျေးရွာပေါင်း ၄၀ ကျော်အထိရှိပါတယ်။

By;14

Show More

Related Articles

Back to top button