တိုက်ပွဲသတင်း

KIO ဗဟိုဌာနချုပ်အတွက် အရေးပါတဲ့ နမ်ဆန်ယန်မှာ တပ်စခန်းအခြေချဖို့ စစ်ကောင်စီ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ

ကချင်လွတ်လပ်ရေးတပ်မတော် KIO ဗဟိုဌာနချုပ်နယ်မြေ လုံခြုံရေးအတွက် အရေးပါတဲ့ နမ်ဆန်ယန်မှာ စစ်ကောင်စီတပ်က စစ်စခန်း ၃ ခုလောက် အထိုင်ချဖို့ စစ်ကြောင်းထိုးနေရင်း တိုက်ပွဲဖြစ်ပွားနေတာ ရက်ပေါင်း ၁၀ ရက်ကျော် ရှိလာပါပြီ။

စစ်တပ်က နေရာယူဖို့ ကြိုစားနေတဲ့ နေရာတွေကတော့ ဒွမ်ဘန်ဘွမ် (Dumbang Bum)၊ ထွယ်ဝါဘွမ့်(Htoi wa Bum)၊ဖုန်ကရောင်ဘွမ့် (Hpung Krawng Bum) နဲ့ နမ့်ဆန်ယန် တံတားအနီး၊ အထက်တန်းကျောင်းအနီးတွေမှာ ဖြစ်ပါတယ်။ အဲဒီနေရာတွေဟာ မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ်မှာ တည်ရှိသလို၊ လက်ရှိမှာ လိုင်ဇာမြို့ကို အဓိက ဝင်ထွက်သွားလာတဲ့ လမ်းကြောင်းလည်း ဖြစ်ပါတယ်။

စစ်တပ်က အဲဒီစခန်းတွေမှာ ပြန်လည်တပ်ချနေထိုင်ချင်တဲ့အတွက် ပြီးခဲ့တဲ့ ဇွန်လကတည်းက စစ်အင်အားတိုးချဲ့လာတဲ့အတွက် စစ်ရေးတင်းမာလာခဲ့တာလို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG ကို ပြောပါတယ်။

“ဇွန်လ လည်လောက်ကတည်းကနေ စစ်အင်အားတွေ ထိုးထားတာသိရပါတယ်။ အခုလဲပဲ သူတို့ စစ်အင်အားထိုးထားတဲ့ အောင်ဂျာ စခန်းတွေကဘက်ကနေ နမ်ဆန်ယန်တံတားအတိုင်း ထိုးဝင်နေတာဖြစ်တယ်။ နောက်ပြီး ခရာဘွမ်တောင် ဘွမ်ရေဘွမ် အဲ့ဒီနေရာတွေကနေလည်း လက်နက်ကြီးတွေပစ်ခတ်နေပါတယ်” လို့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့က နမ်ဆန်ဘက်ကို စစ်ကြောင်း ၃ ကြောင်းကနေ စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပါတယ်

NLD အစိုးရလက်ထက် အစိုးရမဟုတ်တဲ့ စစ်တပ်က ဦးစီးပြီးတော့ ကချင်ပြည်နယ်မှာ ပထမဆုံး နေရပ်ပြန်တဲ့နေရာဟာ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ နမ်ဆန်ယန်ဖြစ်ပါတယ်။ ဦးဖော့်လားဂမ်ဖန် ဦးဆောင်ပြီး အိမ်ထောင်စု ၁၇ စုက နေရပ်ပြန်ရေးအတွက် ၂၀၁၈ ကတည်းက ကြိုးစားလာခဲ့ရင်း ၂၀၁၉ နှစ်ဆန်းမှာတော့ အိမ်ထောင်စု တစ်ရာကျော် နေရပ်ပြန်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက စစ်တပ်နှင့် KIA ကြား ကျေးရွာထဲ မနေဖို့ဆိုတဲ့ နားလည်မှုနဲ့ စစ်တပ်က နမ်ဆန်ချောင်း တစ်ဖက်ကမ်းမှာဘဲ နေထိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက နမ်ဆန်ချောင်းဖြတ်ပြီး နမ်ဆန်ယန်ဘက်ကို စစ်ရေးလှုပ်ရှားချင်တဲ့ စစ်တပ်ကြောင့် စစ်ရေးတင်းမာ လာရာကနေ အခုနှစ် ဇွန်လ မှာ ပစ်ခတ်မှုတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီနောက် အခုလဆန်းပိုင်းက စတင်ပြီးတော့ စစ်တပ်က နမ်ဆန်ယန်မှာ စစ်စခန်းတည်ဆောက်အခြေချနိုင်ရေးအတွက် စစ်မျက်နှာ ၃ ခုကနေ အင်အားတိုးချဲ့ခဲ့ပါတယ်။ မြစ်ကြီးနား ဝိုင်းမော်- ဂါးရာယန် ဘက်နေ တစ်ကြောင်း၊ နမ့်ဆန်အနောက်ဘက် တာလောကြီးဘက်ကနေ တစ်ကြောင်း နဲ့ အများဆုံးကတော့ ဗန်းမော်ကနေ ဒေါ့ဖုန်းယန် လမ်းကြောင်းကနေ တစ်ကြောင်း အင်းအား တိုးချဲ့နေတာပါ။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ ဇူလိုင်လ ၁၀ ရက်နေ့အထိ နမ်ဆန်ယန်ဘက်ကို ဦးတည်ပြီး ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အား တစ်ထောင်ဝန်းကျင် ရှိလာနိုင်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

စစ်တပ်က စစ်အင်အားတိုးချဲ့လာတဲ့ လမ်းကြောင်းတစ်လျောက်မှာ KIA က ကြားဖြတ်တိုက်ခိုက်မှုတွေလည်း ဆက်တိုက်ရှိနေပါတယ်။

ဇူလိုင် ၁၂ ရက်နေ့ မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ ရွှေညောင်ပင် ဘက်ကနေ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဂတ်မိုင်ယန်နဲ့ ဂျာပူကျေးရွာကြားမှာ KIA က တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဘက်က အထိနာသွားပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ခရီးသည်ကားနဲ့ မြစ်ကြီးနားဘက်ကို သယ်ဆောင်သွားတယ်လို့ မျက်မြင်ဒေသခံတွေ ပြောပါတယ်။

ဗန်းမော်ဘက်ကနေ တက်လာတဲ့ စစ်ကောင်စီတပ်က မြို့သစ်၊ ကုန်းလောဘက်ကနေ ဒေါ့ဖုန်းယန်အထိ ကားနဲ့ တက်လာပြီးတော့ လိုင်ဇာအနီးက ခရာဘွမ် (Hkaya Bum) အထိ စစ်ကြောင်း တစ်ကြောင်းပြီး တစ်ကြောင်း တက်လာနေတယ်လို့ ဒေါ့ဖုန်းယန် ဒေသခံတစ်ယောက်က အခုလို ပြောပါတယ်။

“စစ်ကြောင်းတွေ့ရတာက ဇူလိုင်လ ၁ ရက်နေ့နောက်ပိုင်း တွေ့ရတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ၂ ဖွဲ့တက်သွားတာ တွေ့ရတယ်။ နောက်တစ်ဖွဲ့ကလည်း ပြန်တက်ဖို့ နွမ်လန့်မှာ ရောက်နေတယ်။ ကျနော်တို့ သိရတာက အခုတိုက်ပွဲဖြစ်နေတဲ့ နမ်ဆန်ယန်ဘက်ကို တက်သွားတယ်လို့သိရတယ်။ တစ်ဖွဲ့တက်သွားရင် ၁၀၀ ကျော်လောက်ရှိတယ်။ တစ်ချို့က ခရာဘွမ်မှာရောက်နေကြပြီလို့ သိရတယ်” လို့ ပြောပါတယ်။

photo - ရှေ့တန်းတစ်နေရာက KIA, PDF တပ်ဖွဲ့ဝင်များ
photo – ရှေ့တန်းတစ်နေရာက KIA, PDF တပ်ဖွဲ့ဝင်များ

စစ်ကောင်စီတပ်ဟာ အထူးသဖြင့် ဗန်းမော်ကားလမ်မအတိုင်းတက်လာချိန် ဒေါ့ဖုန်းယန်အကျော် ခလားကျေးရွာ၊ လွယ်မောက်ယန်၊ နားလုံ၊ မဒီးယန်၊ အောင်ဂျာ စတဲ့နေရာတွေမှာ ပုံမှန် တိုက်ခိုက်ခံနေရပါတယ်။

“အခုအများဆုံးဖြစ်နေတာက မဒီးယန် နဲ့ ခရာဘွမ်ကြားမှာလို့ ပြောလို့ရမယ်။ စစ်ကောင်စီတပ်တွေက KIA က ဘယ်လောက်ပဲ ခုခံတိုက်ခိုက်နေပါစေ အချက်အချာကျတဲ့ KIA ရဲ့ တပ်စခန်းနေရာတွေမှာ ပြန်ထိုင်ချင်တဲ့ သဘောနဲ့ အခုလို ထိုးစစ်ဆင်နေတာပါ။ အဲ့ကြောင့် KIA အခု မဒီးယန်ဘက်မှာ စစ်တပ်က ထိုးစစ်အင်အားပိုကြီးလာလို့ ဒေါ့ဖုန်းယန်နေရာအနီးတဝိုက်မှာ လမ်းဖြတ်တောက်ရေးတွေ ပြန်လုပ်နေတယ်။ အဲ့ကြောင့် ဒီတစ်လျှောက်မှာက စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေသေးတယ်” လို့ KIA နဲ့ နီးစပ်သူ ဒေသခံတစ်ယောက်က အခုလို ဆက်ပြောပါတယ်။

လိုင်ဇာမြို့တွင်း လှုပ်ရှားမှုတွေကို အပေါ်စီးကနေ လှမ်းမြင်ရတဲ့ Hka Ya Bum ၊ Hpun Pyen Bum တပ်စခန်းတွေကို စစ်ကောင်စီတပ်က ၂၀၁၃ ကတည်းက သိမ်းပိုက်နေရာယူထားပါတယ်။ လက်ရှိ နမ်ဆန်ယန် တိုက်ပွဲမှာလည်း စစ်တပ်က အဲဒီတောင်ပေါ်ကနေ KIA ရှိနိုင်တဲ့ နေရာဘက်ကို ၁၀၅ မမ၊ ၁၂၀ မီလီမီတာရှိတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေါ့ဖုန်းဘက်က ဒေသခံတွေက ပြောပါတယ်။

၂၀၁၉ ခုနှစ်မှာ နေရပ်ပြန်ခဲ့တဲ့ နမ်ဆန်ယန်စစ်ရှောင်တွေကတော့ လက်ရှိတိုက်ပွဲတွေကြောင့် အရင်စစ်ရှောင်စခန်းရှိတဲ့ မြစ်ကြီးနား၊ ဝိုင်းမော်ဘက်ကို ပြန်လည်ထွက်ပြေးနေရပါပြီ။

စစ်တပ်ဟာ နေရပ်ပြန်နမ်ဆန်ယန်ကျေးရွာကို မငဲ့ဘဲ ကျေးရွာအထဲ နေရာပြန်ယူဖို့ တိုက်ပွဲစတင်ရတဲ့ အကြောင်းရင်းများစွာရှိတယ်လို့ မြစ်ကြီးနား ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက KNG ကို အခုလို ပြောပါတယ်။

“KIO ကို ညှိနှိုင်းဆွေးနွေးတဲ့ဘက်ကို ဖြစ်လာဖို့အတွက် တွန်းအားပေးနေတယ်လို့မြင်တယ်။ ပြီးခဲ့တဲ့မေလမှာ တရုတ်ကြားဝင် ပေးမှုနဲ့ ဆွေးနွေးပွဲမှာ KIO က ငြင်းဆိုထားတာတွေရှိတော့ စစ်တပ်က အဲ့ဒီဘက်ကို ပြန်ရောက်ဖို့ လုပ်နေတယ်လို့မြင်တယ်။ ဒါက ပထမမြင်တာပေါ့လေ။ ပြီးရင်နောက်တစ်ခုကျတော့ စစ်ကိုင်းဘက်မှာ PDF တွေအားကောင်းလာတော့ ဒါတွေကလည်း KIO/KIA ရဲ့ ထောက်ပို့ဖြစ်တယ်ဆိုပြီး ဒါကိုအားနည်းသွားအောင် လုပ်လာတာလည်းဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုအနေအထားမှာ စစ်ကောင်စီဘက်ကနေ ကြီးမားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တိုက်ခိုက်ဖို့ ဖြစ်နိုင်ခြေနည်းပေမယ့် နမ်ဆန်ယန်ဒေသဟာ KIA ရဲ့ အဓိက အရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် ထိုးစစ်ဆင်ပြီး KIA ရဲ့တပ်စခန်းနေရာတွေကို ဝင်ရောက်တိုက်ခိုက်တာတွေရှိလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

“နမ်ဆန်ယန်ဒေသက KIA ရဲ့ အဓိက အရေးပါးတဲ့လမ်းဖြစ်တယ်။ ဒီနေရာတွေကို စစ်တပ်က ထိန်းချုပ်လိုက်နိုင်ရင် တစ်ဖက်မှာ စစ်ကိုင်းတို့ နေရာဘက်မှာ စစ်အင်အားတော့ နည်းသွားနိုင်တယ်။ ဒီဟာတွေကိုလည်း သူတို့ကမြင်ပြီးသားဖြစ်တယ်။ အဲ့ကြောင့်လည်း ဖြစ်နိုင်တယ်။ ပြီးရင် သူတို့က KIA စခန်းနေရာတွေကိုတော့ မရရအောင် ထိုးစစ်ဆင် တိုက်ခိုက်တာတွေတော့ ရှိလာနိုင်ပါတယ်” လို့ ပြောပါတယ်။

ဇူလိုင်လ ၄ ရက်နေ့ ရက်စွဲနဲ့ လိုင်ဇာနှင့်နီးကပ်တဲ့ နေရာတဝိုက်မှာ စစ်ကောင်စီဘက်ကနေ ထိုစစ်ဆင်ပြီး စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက် လုပ်ဆောင်နေတဲ့အတွက် ပြည်သူများအနေနဲ့ သွားလာရေးတွေမှာ သတိထားသွားလာကြဖို့ လိုင်ဇာ KIO ဗဟိုဌာန အုပ်ချုပ်ရေးက သတိပေးထုတ်ပြန်ခဲ့ပါတယ်။

Show More

Related Articles

Back to top button