သတင်း

ဗန်းမော်မြို့နဲ့ လဂျားယန်ကြား စစ်ရေးတင်းမာနေပြီး ဒေသခံပြည်သူအချို့ ပိတ်မိနေ

ဗန်းမော်မြို့နဲ့ လဂျားယန်ကြားမှာ စစ်ရေးတင်းမာနေပြီး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေတဲ့အပြင် ဒေသခံပြည်သူတချို့ လည်း ပိတ်မိနေတယ်လို့ ဗန်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့ကစပြီး လဂျားယန်အနီးမှာရှိတဲ့ ဒုန်ခုန်းကျေးရွာဒေသခံတချို့ဟာ ဗန်းမော်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာနိုင်ခဲ့ပြီဖြစ်ပေမဲ့ တစ်ချို့ကတော့ဒုန်ခုန်းကျေးရွာမှာကျန်နေသေးတယ်လို့ သိရပါတယ်။

အလားတူ လွယ်မောက်ယန်က ဒေသခံတွေလည်း ဇူလိုင်လ ၇ ရက်နေ့ကနေ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတဲ့အတွက် လွယ်မောက်ယန်ဘက်ကနေ မန်ဆိုင်းရွာမှာထွက်ပြေး တိမ်းရှောင်လာခဲ့ရာမှ လက်ရှိချိန်  ပိတ်မိနေတယ်လို့ စစ်ရှောင်ကူညီနေတဲ့ ဗန်းမော်မြို့က ဒေသခံတစ်ဦး KNG ကို ယခုလိုပြောပါတယ်။

လွယ်မောက်ယန်က ရွာသားတွေက အရမ်းရှုပ်လာတော့ သိပ်တော့မကြာလောက်ဘူးပေါ့ အခြေအနေပြန်ငြိမ်ရင် ပြန်လာမယ်ဆိုပြီး မန်ဆိုင်းရွာဘက် ခဏတိမ်းရှောင် သွားတာ။ အဲ့ဒါနဲ့ အခုချိန်ထိ အခြေအနေက တင်းမာနေဆဲဆိုတော့ သူတို့အတွက် အရမ်းခက်နေတာ။ ဗန်းမော်ဘက်ကို ဆင်းလာချင်ပေမဲ့ လမ်းအခြေအနေက ဆင်းမရဘူးဖြစ်နေတယ်။ ဒုန်ခုန်းက ရွာသားတချို့လည်း ရွာမှာ ကျန်နေသေးတယ်။ ဗန်းမော်ဘက်က ကားလည်းတက်လို့မရဘူးဖြစ်နေတော့။ ရွာသားတွေ ကြားမှာ ပိတ်မိနေတဲ့အခြေအနေပေါ့” လို့ ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မှာလည်း စစ်ရေးတင်းမာနေတဲ့ ဒေါ့ဖုန်းယန်- လဂျားယန်ကြားမှာရှိတဲ့ လွယ်မောက်ယန်၊ ဒေါ့ဖုန်းယန်၊ နားလုံ၊ မန်ဆိုင်း၊ ဆမ်ပါ စတဲ့ကျေးရွာတွေမှာ ဖုန်းလိုင်းများ ဆက်သွယ်လို့မရဖြစ်နေပြီး အချိတ်အဆက်ပြတ်တောက်နေကြောင်းလည်း သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဇူလိုင် ၇ ရက်နေ့က လွယ်မောက်ယန်ဘက်ကိုစစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ချိန် ရွာအဝင်မှာမိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ရွာသားတွေကို အပြစ်တင်ဖမ်းဆီးစစ်ဆေးပြီး ရိုက်နှက်တာတွေလုပ်ခဲ့တဲ့အပြင် ၊ ဖုန်းများသိမ်းယူတဲ့အထိ ဖြစ်ပွားခဲ့တာပါ။

အဲဒီနောက် လွယ်မောက်ယန်ဘက်မှာ စစ်တပ်နဲ့KIA တပ်တို့အကြား တိုက်ပွဲများဆက်လက်ပြင်းထန်လာတာကြောင့် လွယ်မောက်ရွာဒေသခံတွေဟာ မုန်လိုင်ချောင်းအနီး မန်ဆိုင်းရှမ်းရွာဆီ ယာယီထွက်ပြေးတိမ်းရှောင်သွားခဲ့တာပါ။

လွယ်မောက်ယန်ဒေသခံတွေဟာ လက်ရှိချိန်ထိ မန်ဆိုင်းရွာက ပြန်ထွက်လို့မရဖြစ်နေတဲ့အပြင် ယူဆောင်လာတဲ့ အစားအသောက်တွေလည်း ကုန်နေပြီဖြစ်တာကြောင့် အစားအသောက်ပြတ်လပ်တဲ့ အခက်အခဲကြုံတွေ့နေကြောင်း သိရပါတယ်။

လက်ရှိ မန်ဆိုင်းရွာမှာ ပိတ်မိနေတဲ့ လွယ်မောက်ယန်ဟာ အိမ်ခြေ ၄၂ အိမ်၊ လူဦးရေ စုစုပေါင်း ၁၃၂ ရှိပြီး မန်ဆိုင်းရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေရပြီး နေရာထိုင်ခင်း၊ အစားအသောက်နဲ့ ဆေးဝါးအခက်အခဲများ ကြုံတွေ့နေကြောင်း သိရပါတယ်။

ဒေါ့ဖန်းယန်နဲ့ လဂျားယန်ကြား ကားလမ်းမပေါ် ကျေးရွာ ၄ ခုခန့်ရှိတဲ့အနက် လက်ရှိဒိန်ဂါရွာနဲ့ ခလားကျေးရွာဒေသခံတွေဟာ ဒေါ့ဖုန်းယန်မှာ စစ်ရှောင်နေကြရပြီး အလားတူ ဒုန်ခုန်းရွာက ဒေသခံတစ်ချို့ကတော့ ဗန်းမော်မြို့ပေါ်သို့စစ်ရှောင်နေကြတာပါ။

ဒါပေမယ့် ဒုန်ခုန်းရွာကဒေသခံတစ်ချို့နဲ့ လွယ်မောက်ယန်ဒေသခံတွေကတော့ စစ်တပ်စစ်ကြောင်းထိုးနေတဲ့အတွက် ပိတ်မိနေသေးကြောင်း ဗန်းမော်မြို့က စစ်ရှောင်ကူညီသူတစ်ဦးက ခုလိုပြောပါတယ်။

အများပိုင်းတော့ ကိုယ်သိရာ ကျွမ်းရာဆီ၊ ခိုလှုံလို့ရတဲ့နေရာတွေဆီ ယာယီထွက်ပြေးသွားကြသူများတယ်။ ဒီဘက် ဗန်းမော်ဘက်ကို ရောက်လာတာက ဒုန်းခုန်းကပဲ။ သူတို့တောင် ရွာကနေ တဝက်လောက် သူတို့ကားနဲ့ဆင်းလာကြပြီး ဒီဘက်ကနေ လမ်းတဝက်ကနေ ပြန်လာခေါ်နိုင်တာ။ အခု လမ်းတစ်လျှောက် စစ်ကြောင်းတွေက သေနတ်တွေပစ်ဖောက်ပြီး တက်လာတာဆိုတော့ ဘယ်သူမှဖြတ်သွားလို့မရဖြစ်နေတယ်။” ဟု စစ်ရှောင်ကူညီနေတဲ့ ဗန်းမော်မြို့က ဒေသခံတစ်ဦး ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့မှာတော့ ဒုန်ခုန်းကျေးရွာက အိမ်ခြေ ၁၅ လူဦးရေ ၅၀ ခန့်တော့ ဗန်းမော်ကနေ ၂ မိုင်အကွာအဝေးမှာရှိတဲ့ အောင်သာ KBC အသင်းတော်ဝင်းထဲသို့ထွက်ပြေးတမ်းရှောင်လာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

လက်ရှိ ဗန်းမော်မြို့ဘက် ထွက်ပြေးလာနိုင်ပြီဖြစ်တဲ့ ဒုန်ခုန်းကျေးရွာက စစ်ရှောင်ပြည်သူတွေမှာလည်း အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေကြောင်း အခုလို ဆက်ပြောပါတယ်။

ဒုန်ခုန်းကျေးရွာက ရွာသားတွေပဲ ထွက်ပြေးလာနိုင်ခဲ့သေးတယ်။ အခုဒီစစ်ရှောင်တွေအတွက်လည်း အစားအသောက်ခက်ခဲနေတယ်။ အောင်သာအသင်းတော်ကနေပဲ ကျွေးနေတော့ အစားအသောက်ခက်တယ်၊ ဆေးဝါးလည်းအရေးကြီးတယ်။ ဖျားတာနာတာများတော့ ဆေးဝါးလည်းအရေးပေါ်လိုအပ်နေတယ်။” ဟု စစ်ရှောင်ကူညီနေတဲ့ ဗန်းမော်မြို့က ဒေသခံတစ်ဦး ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီတပ်တွေဟာ အခုချိန် ဗန်းမော်ကနေ ဒေါ့ဖုန်းယန်-နမ်ဆန်ယန်ဘက်သို့ စစ်အင်အားဖြင့် ဆက်တိုက်ထိုးစစ်ဆင်လှုပ်ရှားနေကြောင်း ဒေသခံတွေပြောပါတယ်။

ဗန်းမော်ကနေ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ဒေါ့ဖုန်းယန်အလွန် ဒိန်ဂါ၊ ခလားကျေးရွာအနီးတဝိုက် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ၅ တပ်ရင်း ၁၈ နဲ့ တပ်ရင်း ၁၉ တပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် လက်ရှိချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေသေးကြောင်း သိရပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြီး လက်ရှိချိန်ထိ မြစ်ကြီးနား၊ တာလောကြီး၊ ဗန်းမော်စတဲ့ဘက်က စစ်ကောင်စီတပ်တွေကလည်း ဆက်တိုက်ထိုးစစ်ဆင် အင်အားဖြည့်နေသေးကြောင်း ဒေသခံတွေပြောဆိုနေကြပါတယ်။

By; LD

Show More

Related Articles

Back to top button