သတင်း

လေကြောင်းတိုက်ခိုက်ခဲ့ရပြီးနောက် ရွှေဘိုမြိုနယ်က ဒေသခံထောင်ချီစစ်ရှောင်နေရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တကန်သာရွာကို စစ်တပ်က လေကြောင်းကနေပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၇လုံးမီးလောင်ပျက်ဆီးခဲ့ရပြီး ဒေသခံထောင်ချီလည်း ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မနေ့က ဇူလိုင်၁၈ရက်နေ့ ညနေ ၆နာရီလောက်မှာ မုံရွာအနောက် မြောက်တိုင်း စစ်ဌာနချုပ်ကနေတက်လာတဲ့ Mi 35 ရဟတ်ယာဥ်နဲ့ ၁နာရီခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။

“တကန်သာရွာကိုလည်း လေကြောင်းကနေတိုက်ခိုက်ခဲ့တာ အိမ် ၇လုံးလောက် မီးထဲပါသွားတယ် ဒေသခံ တစ်ဦးတော့ ခေါင်းနည်းနည်းထိတယ် စိုးရိမ်စရာတော့မရှိပါဘူး လက်ရှိတော့ ဒီအခြေနေတွေကြောင့် တကန်သာရော ညောင်ကန်ရော အဲ့နားက ရွာတွေပါပြေးနေရတာပေါ့ “ လို့ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မူမတိုင်ခင်မှာ တကန်သာရွာနဲ့ ညောင်ကန်ရွာအကြားက ထန်းတောထဲမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေအကြား ၁နာရီကျော်တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ စစ်ကောင်စီတပ်ဘက်က အထိနာခဲ့တဲ့အတွက် အခုလိုလေကြောင်းကနေတိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက အခုလိုပြောပါတယ်။

“လေကြောင်းတိုက်ခိုက်မူမတိုင်ခင်တော့ ကျနော်တို့နဲ့ထိတွေ့မူဖြစ်တာ သူတို့ဘက်က၄ယောက်လောက် ထိသွားတယ် သူတို့အထိနာသွားတော့ လေကြောင်းစစ်ကူခေါ်တာ တိုက်ပွဲဖြစ်တဲ့တော်လှန်ရေးအင်အားစု ဘက်ခြမ်းကိုလေကြောင်းကပိတ်ပစ်တာ အဲ့မှာတကန်သာရွာကိုလည်းပစ်ခဲ့တာပေါ့”လို့ပြောပါတယ်။

ဓာတ်ပုံ-ဇူလိုင်၁၈ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာ မီးရှို့ခံနေရတဲ့ သာတကန်ရွာ
ဓာတ်ပုံ-ဇူလိုင်၁၈ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာ မီးရှို့ခံနေရတဲ့ သာတကန်ရွာ

အိမ်ခြေ ၂၀၀ကျော်ရှိတဲ့ တကန်သာရွာကို စစ်ကောင်စီတပ်ဘက်ကလေကြောင်းတိုက်ခိုက်တာပထမဆုံး အကြိမ်ဖြစ်ပြီးတော့ အာဏာသိမ်းပြီးကတည်းက စစ်ကြောင်းထိုးခံရ တာ၂ကြိမ်ရှိပြီလို့ ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေကပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဟာ ရွှေဘို အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်က အင်အား ၈၀ခန့်ရှိတဲ့ စစ်ကြောင်းဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ တကန်သာရွာကို မီးရှို့နေတဲ့အပြင် စစ်ရေးလှုပ်ရှားမှုတွေလည်းရှိသေးတဲ့အတွက် တိုက်ပွဲတွေဆက်ဖြစ်လာနိုင်တယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကသုံးသပ်ပါတယ်။

စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစလို့ ဒေသခံ၈သိန်းနီးပါး ဘေးလွှတ်ရာကိုတိမ်းရှောင် နေကြရတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်၁၅ရက်နေ့က ကုလသမဂ္ဂလူသားချင်း စာနာမူဆိုင်ရာပေါင်းစပ်ညှိနှုင်းရေးမှူး ရုံး (UNOCHA)က ထုတ်ပြန်ထားပါတယ်။

 By;AM

Show More

Related Articles

Back to top button