အပျော်ကနေ ဘဝပျက်ခဲ့ရသူ
လူတစ်ကိုယ်စာလောက်ရှိတဲ့ ဝါးထရံကာအခန်းကျဉ်းလေးထဲမှာ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ယောက်ဟာ ဒူးတစ်ဖက်ထောင်ပြီး ဖယောင်းတိုင်ထွန်းထားတဲ့စားပွဲရှေ့မှာ ခါးကုံးကုံးနဲ့ ထိုင်နေပါတယ်။
ရှုပ်ပွနေတဲ့ အဲဒီအခန်းကျဉ်းလေးမှာ သူနေထိုင်တာဟာ ဆယ်စုနှစ်တစ်စုရှိလာပြီလို့ ပြောပါတယ်။
ပိန်ချုံးလှတဲ့ ခန္ဓာကိုယ်မှာ အင်္ကျီမကပ်တဲ့အပြင် စားပွဲပေါ်မှာတင်ထားတဲ့ခဲပြားပေါ်က အဖြူရောင်အမှုန့်တွေကို မီးခြစ်နဲ့မြိုက်ပြီး ထွက်လာတဲ့အငွေ့တွေကိုတော့ လက်မှာကိုင်ထားတဲ့ ပိုက်အစိမ်းရောင်နဲ့ မျက်စိမှိတ်ပြီး အားရပါးရရှုရှိုက်နေပါတယ်။
“ကျနော်စရောက်တုန်းက ဖားကန့်မှာ ဘိန်းခန်းရှိတယ်။ အဲမှာသူငယ်ချင်းတွေနဲ့ အပျော်သွားလုပ်ရင်းကနေ ခုလိုဖြစ်သွားတာဘဲ” ဆိုပြီး နုတ်ခမ်းထောင့်မှာ ကိုက်ထားတဲ့ ပိုက်အစိမ်းရောင်ပြုတ်ကျဖို့ ကြောက်နေတဲ့အလား ပါးစပ်ကိုမပွင့်တပွင့် ပြောနေပါတယ်။
သူကတော့ ရှမ်းပြည်နယ် လားရှို့မြို့က ကိုကျော်ကျော်ခိုင်ဆိုသူပါ။ မိသားစုစားဝတ်နေရေးအတွက် ငွေရှာဖို့ ဖားကန့်ကို ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်မှာ ရောက်လာရာကနေ အိမ်ပြန်လမ်း ပျောက်ခဲ့ရသူပါ။
ကိုကျော်ကျော်ခိုင်ဟာ ဖားကန့်စရောက်တုန်းက ကျောက်စိမ်းတူးတဲ့အလုပ်ကို တစ်စိုက်မတ်မတ်လုပ်နိုင်ခဲ့တဲ့အတွက် ငွေကြေးအသင့်သင့်အဆင်ပြေခဲ့ပါတယ်။ စားဖို့သောက်ဖို့ လုံလုံလောက်လောက်ရှိတဲ့အပြင် မိသားစုတွေကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့သူပါ။
ဒါပေမယ့် သူ့ဘဝမှာ မလုပ်သင့်တဲ့အရာတစ်ခုကို အပျော်လုပ်မိရာကနေ ဘဝပျက်ပြီးတော့ မိသားစုတွေနဲ့လည်းအဆက်သွယ် မလုပ်ဖြစ်တော့ဘူးလို့ ရင်ဖွင့်လာပါတယ်။
ဖားကန့်မြို့မှာ ငွေလာရှာလို့ ဘဝတိုးတက်ပြောင်းလဲပြီး ကောင်းစားသွားတဲ့သူတွေရှိသလို မူးယစ်ဆေးဝါးတွေကြောင့် လူလုံးမလှ ဘဝပျက်သွားကြတဲ့သူတွေလည်း များစွာရှိနေပါတယ်။
အဲဒီဘဝပျက်သွားတဲ့သူတွေထဲမှာ ကိုကျော်ကျော်ခိုင်လည်းတစ်ယောက်အပါအဝင်ဖြစ်ပြီး သူ့အနေနဲ့ ဒီမူးယစ်ဆေးဝါးကို အကြိမ်ကြိမ်ဖြတ်ဖို့ ကြိုးစာခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ပြတ်သားစွာ မစွန့်လွှတ်နိုင်တဲ့အကျင့်ကြောင့် ကိုယ့်ဘဝကို ဖျက်ဆီးပစ်သလိုဖြစ်နေပြီလို့လည်း သူက ဆက်ပြောပါတယ်။
“ကျနော်ဖြတ်ဖို့အကြိမ်ကြိမ်ကြိုးစားဖူးတယ် ဖြတ်လည်းဖြတ်ဖူးတယ်။ ဒါပေမယ့်ကွာ ဒီနေရာမှာက မူးယစ်ဆေးပေါနေတော့ ဖြတ်ဖို့ဆိုတာမလွယ်ဘူး တစ်ခါစထားမိရင် ဖြတ်ဖို့ဆိုတာ သိပ်မသေချာတော့ဘူး ခနနားတဲ့သဘောဘဲ နောက်တော့ပြန်လုပ်တာဘဲလေ စိတ်မထိန်းနိုင်ဘူး”
ကိုကျော်ကျော်ခိုင်နဲ့အတူ ဆယ်စုနှစ်တစ်စု မူးယစ်ဆေးဝါးသုံးစွဲလာကြတဲ့ သူငယ်ချင်း အများစုကလည်း မူးယစ်ဆေးဝါးကြောင့်ဘဲ ဘဝပျက်ပြီး နိဂုံးချုပ်သွားပြီဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
လူကိုဖျက်ဆီးတဲ့ ဒီမူးယစ်ဆေးတွေကို မသုံးသင့်မှန်းသိပါလျှက်နဲ့ သူ့အနေနဲ့ မူးယစ်ဆေးသမားဘဝကနေ မလွတ်မြောက်နိုင်တော့ဘူးလို့ မျက်လွှာလေးချကာ စိတ်ပျက်တဲ့လေသံနဲ့ပြောပြပါတယ်။
သူ့အနေနဲ့ လူငယ်တွေကို မှာချင်တဲ့စကားလေးတစ်ခွန်းကိုတော့ ဒီဆောင်းပါးမှာထည့်ပေးပါလို့ တောင်းဆိုလာပါတယ်။
“ဖြစ်နိုင်ရင်တော့ လူငယ်တွေကိုကျနော်တို့လို မလုပ်စေချင်ဘူး မမိုက်စေချင်ဘူး ။ ဖားကန့်ကိုလည်း အထင်မကြီးကြဖို့ ဘာဖြစ်လို့လဲဆိုရင် ဖားကန့်ရောက်မှ ဘဝမပျက်စေချင်ဘူး။ ဖြစ်နိုင်ရင်တော့ ကိုယ်တတ်တဲ့ပညာနဲ့ကိုယ့်ဒေသမှာ လုပ်ကိုင်စားသောက်ကြပါလို့ ပြောချင်တယ်”
မြန်မာပြည်မြောက်ပိုင်းမှာရှိတဲ့ ဖားကန့်ဒေသဟာ ဒေါ်လာဘီလျံချီတန်ဖိုးရှိတဲ့ ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိတဲ့ လူသိများပေမယ့် ဖားကန့်ဒေသရဲ့အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်တဲ့ မူးယစ်ဆေးဝါးပြသာနာကိုတော့ သိသူနည်းပါးပါတယ်။
ဖားကန့်မြို့ရဲ့ မူးယစ်ဆေးဝါးပြသာနာဟာ ကျောက်စိမ်း လောကထက်ပိုနက်နဲလာတယ်လ်ို့လည်း ဖားကန့်ဒေသခံတွေက ပြောပါတယ်။
ခေတ်အဆက်ဆက်ဘယ်အစိုးရကမှ ဖြေရှင်းမပေးနိုင်ခဲ့တဲ့ မူးယစ်ဆေးဝါးပြသာနာဟာ အာဏာသိမ်းပြီးနောက် ရောင်းဝယ်ဖောက်ကား သုံးစွဲသူတွေ တစ်ရက်ထက်တစ်ရက် ပိုများလာပြီး ဘိန်းဖြူ၊ ရာမ၊ ဘိန်းမဲ အစရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဟင်းရွက် ကန်ဇွန်းရွက်ဝယ်သလို လွယ်လူ့တကူ ဝယ်လို့ရတဲ့နေရာဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်ပြီးတဲ့နောက် တစ်နိုင်ငံလုံးအတိုင်းအတာကုန်စျေးနူန်းတွေ မတရားထိုးတက်နေပြီး ဖားကန့်မှာ ခေါက်ဆွဲတစ်ပွဲကို တစ်ထောင့်ငါးရာဖြစ်နေပေမယ့် ဘိန်းဖြူတစ်ခါထိုး တစ်ထောင်နဲ့လုံလောက်နေသေးတယ်လို့ လုံးခင်းရပ်ကွက်မှာနေထိုင်တဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးကလည်း ခုလိုပြောပါတယ်။
“ကျနော်တို့ ပိုက်ဆံမရှိတဲ့အဆုံး တစ်ထောင်ဖိုးဆိုရင် တစ်ခါထည့်ရုံလုံလောက်တယ်“
ခုနောက်ပိုင်း မူးယစ်ဆေးသုံးစွဲသူတွေဟာ အုပ်စုလိုက်ဂိုဏ်းဖွဲ့ပြီး လုံးခင်းသင်္ချိုင်းမှာ နေထိုင်သူရှိသလို မြို့ပြင်နေရာတွေမှာလည်း မိုးကာတဲထိုးပြီး တစ်ယောက်တည်း နေထိုင်သူတွေလည်း ရှိနေပါတယ်။
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေများလာတာနဲ့အမျှ ခိုးဆိုးလုယက်မှုတွေကလည်း များနေပြီး နောက်ပိုင်းမူးယစ်ဆေးဝါးသုံးစွဲနေသူတွေကို ဖားကန့်မြို့ရဲ့ လမ်းကြိုလမ်းကြားတွေမှာ အပ်တန်းလန်းနဲ့ မြင်တွေ့နေရတာတွေလည်း ရှိနေတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။
ဒါပေမယ့် အာဏာရယူထားတဲ့ စစ်တပ်ကိုယ်၌က ဒီမူးယစ်ဆေးဝါးဖမ်းဆီးတာတွေကို မျက်ကွယ်ပြုနေတဲ့အတွက် ဖားကန့်ဒေသရဲ့မူးယစ်ဆေးဝါးပြသာနာကိုတော့ ဖြေရှင်းနိုင်ဖို့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။