သတင်း

တနိုင်းချောင်းတံတားအောက်က စွန့်ပစ်အမှိုက်တွေကြောင့် အမှိုက်ပုံနားနေထိုင်တဲ့ ဒေသခံများ ဖျားနာသူများလာ

ကချင်ပြည်နယ် တနိုင်းမြို့ပေါ်တံတားအောက်မှာ စည်းမဲ့ကမ်းမဲ့ လာရောက်စွန့်ပစ်ထားတဲ့ အမှိုက်အညစ်အကြေးကြောင့် အမှိုက်ပုံဘေးပတ်ဝန်းကျင်မှာနေထိုင်တဲ့ ပြည်သူများ ဝမ်းပျက်ဝမ်းလျှောအဖြစ်များလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဟုတ်တယ်၊ အမှိုက်တွေလည်း အရမ်းများတော့ အရမ်းနံတယ်၊ နေ့တိုင်းသွားလာနေရတော့အဲ့ဒီကအနံ့တွေကြောင့် ခေါင်းမူးတာ၊ ဖျားတာတွေရှိတယ်၊ ချောင်းဘေးမှာဆိုတော့ အမှိုက်သာမကရေမသန့်တဲ့အတွက်လည်း ခြင်တွေပေါပြီး ငှက်ဖျားတွေလည်း ဖြစ်တယ်” လို့ အမှိုက်ပုံဘေးနားမှာ နေထိုင်တဲ့ ဒေသခံပြည်သူတစ်ဦးကပြောပါတယ်။

တနိုင်းမှာ ပုံမှန်ဆိုရင် မြို့ပေါ်ရပ်ကွက်နဲ့စျေးတွေမှာ စည်ပင်အမှိုက်ကား တစ်ပတ် ၂ ကြိမ် အမှိုက်တွေ လာသိမ်းတာရှိပေမယ့် ခုနောက်ပိုင်းတွင် လာရောက်သိမ်းဆည်းတာ မရှိတော့ဘူးလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“စည်ပင်ကားမတွေ့တာတောင်တော်တော်ကြာပြီ၊ သူတို့မလာတဲ့အတွက် အကုန်လုံးကအဲ့ဒီချောင်းဘေးမှာဘဲ လာလာပစ်ကြတာပေါ့၊ ဖြစ်နိုင်ရင်တော့ အမှိုက်တွေကို ရေနဲ့ နီးတဲ့နေရာမှာမပစ်ခိုင်းစေချင်ဘူး”လို့ပြောပါတယ်။

ဒီကိစ္စနဲ့ပက်သက်ပြီး တနိုင်းစည်ပင်သာယာရေးဌာနအနေနဲ့ ဖြေရှင်းပေးဖို့ ဒေသခံတွေက သွားရောက်ပြောဆိုခဲ့ပေမယ့် တာဝန်ယူဖြေရှင်းပေးတာ မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဒေသခံတွေအနေနဲ့လည်း အမှိုက်တွေကို စနစ်တကျ ပြန်လည်ရှင်းလင်းခြင်း မပြုဘဲ ဆက်ပြီးစွန့်ပစ်နေမယ်ဆိုရင် အမှိုက်ပုံနားမှာနေထိုင်တဲ့ ပြည်သူတွေ ကျန်းမာရေးပိုမိုထိခိုက်လာနိုင်တယ်လို့ တနိုင်းမြို့ပေါ်က ဆေးဆရာမတစ်ဦး ကပြောပါတယ်။

“အဲ့ဒီလိုသာ ဆက်သွားနေရင် အဲ့ဒီပတ်ဝန်းကျင်မှာနေတဲ့သူတွေက ဝမ်းပျက်ဝမ်းလျှောဖြစ်ရုံသာမကဘူး၊ ပစ်တဲ့အမှိုက်တွေကလည်း ပေါင်းစုံဆိုတော့ အနံ့သက်ဆိုးတွေထွက်တယ်အဲ့ဒီအနံ့တွေကို အမြဲရှူနေရတော့ နောက်ပိုင်းဆို အဆုပ်ရောင်ရောဂါတွေဖြစ်လာမယ်၊ ရေတွေလည်းမသန့်ဘူး ခြင်တွေလည်းပိုများလာတော့ သွေးလွန်တုတ်ကွေးတွေလည်း အဖြစ်များလာနိုင်တယ်” လို့ ပြောပါတယ်။

ဒေသခံများ၏ ပြောဆိုချက်နှင့်ပက်သက်ပြီး တနိုင်းစည်ပင်သာယာရေးရုံးသို့ ဆက်သွယ်ခဲ့သော်လည်း လက်ရှိချိန်ထိ ဆက်သွယ်လို့ မရသေးပါ။

တနိုင်းမြို့ပေါ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှစပြီး မြို့တွင်း အမှိုက်သိမ်းသည့် စည်ပင်ကားပုံမှန်မလာတော့သည့်အပြင် အမှိုက်စွန့်ပစ်ရန် နေရာ သတ်မှတ်ပေးထား တာမျိုးလည်း မရှိကြောင်းဒေသခံများမှ သိရသည်။

Show More

Related Articles

Back to top button