ဆောင်းပါးသတင်းဆောင်းပါး

KIO ကို လူမျိုးရေး၊ ဘာသာရေးအားဖြင့် သွေးခွဲ တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်

မြန်မာ့သမိုင်း နောက်ပြန်လှန်ကြည့်လိုက်ရင် စစ်ကောင်စီတပ်ဟာ နိုင်ငံရေးအကြပ်ရိုက်လာချိန်တိုင်း ဘာသာရေး၊ လူမျိုးရေး သွေးခွဲတိုက်ခိုက်နည်းကိုအသုံးပြုခဲ့သလို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ခေတ်အဆက်ဆက်အသုံးပြုခဲ့တဲ့ နည်းလမ်းကို  ပြန်လည်ကျင့်သုံးနေပါတယ်။

၂၀၂၂ ခုနှစ်နောက်ပိုင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေဖြစ်တဲ့ Myanmar National Post ၊ တပ်ကြပ်ကြီးဖိုးစီ အကောင့်တွေကနေ ”မင်းတို့နားလည်အောင် ပြောရမယ်ဆိုရင် လိုင်ဇာ KIA က တို့စစ်ကိုင်းတိုင်းအချင်းချင်း ဗုဒ္ဓဘာသာအချင်းချင်းကို အိုးမဲသုတ်ခိုင်းနေတာ” ဆိုပြီး ရုပ်သံဖိုင်တစ်ခု ကနေ ဖြန့်ချီခဲ့ပါတယ်။

ဒီရုပ်သံဟာ ကန့်ဘလူမြို့နယ် မှော်တောရွာမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလမ်ဘာသာဝင်တွေကို ညီညွှတ်အေးချမ်းစွာ နေထိုင်ကြဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆရာတော်ဦးဝါသဝက ကန့်ဘလူနယ်တစ်လျှောက် ရွာစဉ်လှည့်ပြီး ဆုံးမဩဝါဒ ပေးနေချိန် ပြောဆိုခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းခါစက ဗုဒ္ဓဘာသာကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ တပ်မတော်ကြီးအဖြစ် လူထုထောက်ခံမှု ပြန်ရအောင်ဆိုပြီး NLD နဲ့ဒေါ်အောင်ဆန်းစုကြည်အပေါ် အမုန်းစကားပြန့်ပွားအောင် လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် အာဏာသိမ်းပြီး ၂ နှစ်ကျော်ကြာလာချိန်မှာတော့ စစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်နေတဲ့ ခရစ်ယာန်အဖွဲ့တွေဖြစ်တဲ့ K3C လို့ခေါ်တဲ့ KIA  KNU KNPP  CDF အဖွဲ့တွေကို ပိုမိုပစ်မှတ်ထား တိုက်ခိုက်လာတယ်လို့ Beautifier of Diversity Network အဖွဲ့က ဇူလိုင်လ ၂၇ ရက်နေ့ BHRN (Burmar human right Network) ကနေ ဦးဆောင်ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

စစ်တပ်က ကချင်ဒေသမှာ လူမျိုးရေးပဋိပက္ခ ဘယ်လိုဖန်တီးနေလဲ

စစ်တပ်ဟာ ရန်သူကို ထိထိရောက်ရောက်ထိခိုက်နိုင်မယ့် လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်တဲ့ နည်းဗျူဟာတစ်ချို့ကို ကချင်ပြည်နယ်မှာ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်ကတည်းက ထုတ်သုံးနေပြီးသားဖြစ်တယ်လို့ မြန်မာနိုင်ငံရေးကို နှစ်ပေါင်းများစွာ သတင်းသုံးသပ်ချက်များနဲ့ စာအုပ်ရေးလာခဲ့တဲ့  သတင်းစာဆရာ ဘာတေးလင့်တနာ က ပြောပါတယ်။

အရင် မဆလ ခေတ်ကတည်းက ရှမ်းနဲ့ကချင်ကြားက ပဋိပက္ခကို အခွင့်ကောင်းယူပြီး သုံးတယ်။ ခုနောက်ပိုင်းမှာတော့ ရှမ်းအပြင် လီဆူကိုထပ်သုံးလာတာတွေ့ရတယ်

ကချင်ပြည်နယ် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်မှာ ၁၉၇၃ ခုနှစ်မှာဖြစ်ခဲ့တဲ့ ကချင်ရှမ်း လူမျိုးရေးပဋိပက္ခဟာ ဒီနေ့ထိ လူပြောများပြီး ဒီဖြစ်စဉ်ကိုပဲ စစ်တပ်က အခွင့်ကောင်းယူပြီး လူမျိုးရေး၊ ဘာသာရေးမှိုင်း သွေးခွဲမှုတွေ ဆက်တိုက်လုပ်ခဲ့တယ်လို့  နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

အဲခေတ်ကတည်းက မိုးညှင်းဘက်မှာ ရှမ်းနီကများပါတယ်။ ဒါပေမယ့် ရှမ်းနီပြည်သူ့စစ်တော့ မဟုတ်ပါဘူး တကယ်တော့ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ အောင်သပြေရပ်ကွက်ဆိုတာ ရဲစခန်းနဲ့ လမ်းတစ်ဖက်ပေမယ့် သွေးထွက်သံယိုဖြစ်တာတွေကို လာတားတာ မရှိသလို စုံစမ်းဖော်ထုတ်တာတွေ အရေးယူတာမရှိဘူးလို့မှတ်ချက်ချကြပါတယ်။

လူနာမျက်ဖြူစိုက်လေ ဆရာကြိုက်လေ ဆိုတဲ့ပုံစံမျိုးလုပ်ခဲ့တာ လို့ မြစ်ကြီးနားမှာနေထိုင်တဲ့ ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက ပြောတာပါ။

၂၀၂၂ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာလည်း ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာမှာ ရှမ်းနီ စာပေနဲ့ ယဉ်ကျေးမှုကော်မတီ နာယက ဦးသန်းဖေ သတ်ဖြတ်ခံလိုက်ရတဲ့ ကိစ္စနှင့် ပတ်သက်ပြီး ရှမ်းနီ နှင့် ကချင်ကြား လူမျိုးရေး ပြဿနာအသွင်ဆောင်မယ့် ဝါဒဖြန့်မှုတွေ ရှိခဲ့ပါတယ်။

သတ်ဖြတ်မှုဟာ KIA လက်ချက်ဖြစ်တယ်လို့ ရှမ်းနီအမျိုးသားများတပ်မတော် SNA က ၂၀၂၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ ဦးသန်းဖေဟာ ဖားကန့်မြို့နယ်ရှိ ရှမ်းနီတွေ နေထိုင်ရာကျေးရွာအဝင်မှာ ကချင်မနောတိုင် စိုက်ထူမှုနဲ့ စာသင်ကျောင်း ကိစ္စတွေနဲ့ပတ်သက်လို့ ကချင်ဘာသာရေး ခေါင်းဆောင်တစ်ဦးနဲ့ စကားအချေအတင်ဖြစ်ခဲ့ပြီး အဲဒီ ညနေမှာပဲ သတ်ဖြတ်ခံရကြောင်း ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို KNG သတင်းဌာနက ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၆ ရက်နေ့မှာ ဆက်သွယ်မေးမြန်းရာမှာတော့ KIA ဘက်က အရပ်သားတွေကို သတ်ဖြတ်တာမရှိသလို ဒီသတ်ဖြတ်မှုဟာလည်း KIA ဘက်က မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

ဦးသန်းဖေ သတ်ခံရတဲ့ကိစ္စဟာ ယနေ့ထိ တရားခံရှာ မတွေ့သေးတဲ့အပြင် ဒီကိစ္စရပ်တွေဟာ ရှမ်းနဲ့ ကချင်အကြားမှာ စစ်တပ်က လူမျိုးရေးပြဿနာ ဖန်တီးနေတာဖြစ်တယ်လို့ အရင်က မိုးညှင်းမြို့မှာ နေထိုင်ခဲ့ပြီး လက်ရှိ မြစ်ကြီးနားမြို့ဘက်ကို ပြောင်းရွှေ့နေထိုင်နေတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောပါတယ်။

အမှန်ကတော့ ကျနော်တို့ကချင်တွေရော ရှမ်းနီတစ်ချို့တွေက ပြီးခဲ့တာတွေ နှစ်ဖက်စလုံးထိခိုက်သေဆုံးမှုတွေအများကြီး ရှိပြီးသားမို့ အပြစ်တွေခဝါချပြီးနေထိုင်လာစပြုနေပြီဖြစ်တယ်။ ဒါကို စစ်တပ်က မလိုချင်လို့ တမင်ဖန်တီးနေတာလို့ဘဲ သုံးသပ်ပါတယ် လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က KIA ကို ထိန်းချုပ်နိုင်ဖို့အတွက် ကချင်မျိုးနွယ်စုထဲက ဂျိန်းဖေါ့၊ လော်ဝေါ်၊ လီဆူ၊ ရဝမ် တို့အကြားမှာလည်း သွေးခွဲတဲ့နည်းကို အသုံးပြုနေပါတယ်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ကြတဲ့ ဦးရွှေမင်းဦးဆောင်တဲ့ လီဆူအမျိုးသားတိုးတက်ဖွံ့ဖြိုးရေးပါတီ LNDP နဲ့ လော်ဝေါ်အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ LNUDP က ခေါင်းဆောင်တစ်ချို့ကို စစ်တပ်က သင်တန်းပေးပြီး လက်နက် တပ်ဆင်ပေးနေတယ်လို့ သတင်းထွက်ပေါ် ခဲ့ပါတယ်။

ဒါပေမယ့် လော်ဝေါ် မျိုးနွယ်စုကိုယ်စားပြုလိုတဲ့ ပြည်သူ့စစ်ဖွဲ့စည်းရေး စည်းရုံးမှုကိုတော့ မျိုးနွယ်စုတစ်စုလုံးရဲ့ ကန့်ကွက်မှုတွေကြောင့် ရပ်နားခဲ့ကြပါတယ်။

သို့သော် လီဆူမျိုးနွယ်စုဖြစ်တဲ့ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ကိုတော့ စစ်တပ်က လက်နက် တပ်ဆင်ပေးပြီး KIA တပ်ရင်း () နယ်မြေမှာ အုပ်ချုပ်စေခဲ့တဲ့အပြင် ဆဒုံး– ဝိုင်းမော်လမ်းတစ်လျှောက်မှာ လီဆူပြည်သူ့စစ် အင်အားပွားများလာအောင် ထူထောင်ပေးနေတာလည်း ဖြစ်ပါတယ်။

ဆဒုံးမှာဖြစ်တဲ့ တိုက်ပွဲတိုင်း ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့က ပါဝင်ပြီး စစ်တပ်ကလည်း ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ကို ဆဒုံးတိုက်နယ်ကို အုပ်ချုပ်ခွင့်ပေးထားတယ်လို့လည်း တပ်နဲ့ နီးစပ်သူတွေကပြောပါတယ်။

၂၀၂၂ ခုနှစ် ဩဂုတ်လတုန်းကလည်း လီဆူအမျိုးသားရေးဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးရွှေမင်းက “KIA အကြမ်းဖက်အဖွဲ့တွေက လီဆူတွေကို မတရားဖမ်းတာ၊ ပိုင်ဆိုင်မှုတွေ မတရားသိမ်းတာ ဒါကြောင့် မြို့ရွာတွေကို မင်းတို့ KIO, KIA မိသားစုနဲ့ပိုင်ဆိုင်မှုတွေ သတိထားနေကြပေတော့“ ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်စာ မျက်နှာမှာ ရေးသားထားပါတယ်။

အလားတူ မဆလ ခေတ်ကတည်းကလည်း ရဝမ် နဲ့ KIO KIA ကြားမှာ လူမျိုးရေး ပဋိပက္ခဖြစ်စေတဲ့ အကြောင်းအရာတွေ ရှိခဲ့တယ်လို့ ကချင်နိုင်ငံရေးသုံးသပ်သူတစ်ဦးကလည်း အခုလိုပြောပါတယ်။

ပူတာအို ခန်ခူးဘက်မှာဖြစ်ခဲ့တာဟုတ်တယ် အဲတုန်းက အာဏာသိမ်း မဆလက ဒေသခံတွေကို ပြည်သူ့စစ်ဖွဲ့ပြီး လက်နက်တွေ စထုတ်ပေးလာတယ်။ဘာလို့လဲဆိုရင် အဲတုန်းက KIO, KIA ကစ တည်ထောင်လာတဲ့ချိန်ဆိုတော့ ရွာတွေစည်းရုံးရေး ဆင်းတာကြတာ အဲချိန်မှာ ဒေသခံတွေကလက်မခံဘဲ ကန့်ကွက်တာတွေရှိခဲ့တယ်။ ဒါကိုအခွင့်ကောင်းယူပြီးတော့ ရဝမ်နဲ့ ဂျိန်းဖော့ကြားမှာ ရဝမ်လူမျိုးတွေကို ကေအိုင်အေ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဖြန့်နေတာလည်းတွေ့ရပါတယ်

ဒါကြောင့် အခုနှစ် ဖေဖော်ဝါရီလ  ရက်နေ့ကျရောက်တဲ့ ကချင်တော်လှန်ရေး (၆၂နှစ်ပြည့်မိန့်ခွန်းမှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက “ပြည်ထောင်စု တည်ထောင်ခဲ့တဲ့ နှစ်ပေါင်း ၇၅ နှစ်အတွင်း ခေတ်အဆက်ဆက် အစိုးရတွေကျင့်သုံးခဲ့တဲ့ မဟာလူမျိုးကြီး ဝါဒဟာ စပါးအုံးမြွေကြီး သမင်မြိုသလို လူမျိုးတစ်မျိုးမျိုးပျောက်ကွယ်သွားစေနိုင်တဲ့ စွမ်းအားရှိတယ်ဆိုတာကို နားလည်ပြီး ပြည်သူတွေကိုယ်တိုင် တွန်းလှန်ကြဖို့နဲ့  နှစ်ပေါင်းများစွာ ကချင်လူမျိုးတွေနဲ့တူယှဉ်တွဲနေထိုင်တဲ့ ရှမ်းလူမျိုးတွေက လည်း  ဒီမဟာလူမျိုးကြီးဝါဒကို အမြင်ရှင်းဖို့ သွေးခွဲစကားတွေကို ခွဲခြမ်းစိတ်ဖြာပြီးနားလည်ဖို့ လိုအပ်တယ်” ဆိုပြီး မိန့်ခွန်းမှာ ထည့်သွင်းပြောကြားထားတာလည်း ဖြစ်ပါတယ်။

ဒီဝါဒမှိုင်းဟာ ဗမာအများစုရဲ့ထောက်ခံမှုရဖို့အတွက် စစ်တပ်အသုံးပြုနေတဲ့လက်နက်ဖြစ်တယ်လို့ မြန်မာနိုင်ငံရေးကို နှစ်ပေါင်းများစွာ သတင်းသုံးသပ်ချက်များနဲ့ စာအုပ်တွေရေးလာခဲ့တဲ့ သတင်းစာဆရာ ဘာဆေးလင့်တနာ က ထပ်ဆင့် ပြောပါတယ်။

စစ်တပ်က ဘာကြောင့် KIO KIA ကို ဦးတည်တိုက်ခိုက်လာနေတာလဲ

မဲမသမာမှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတော်အာဏာသိမ်းယူလိုက်တဲ့နောက်ပိုင်း စစ်တပ်ဟာ ခေတ်အဆက်ဆက် မကြုံခဲ့ဘူးတဲ့ ခုခံတော်လှန်မှုကို စတင်ရင်ဆိုင်လာခဲ့ရပါတယ်။

နွေဦးတော်လှန်ရေးကြီးတစ်ရပ် ပေါ်ပေါက်လာခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်တွေကြီးစိုးတဲ့ တောင်တန်းဒေသနဲ့ မြေပြန့်အညာဒေက ဗမာပြည်သူတွေအများစုဟာ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ဖို့ အပြန်အလှန်ဖေးမ ဝိုင်းကူပြီး ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်အဟုန်မြင့်တက်လာခဲ့ပါတယ်။

ဒီအရာဟာ စစ်တပ်အတွက် ခေတ်အဆက်ဆက်မျှော်လင့် မထားတဲ့ အရှိန်အပြင်းဆုံး တော်လှန်ရေး တစ်ရပ်ပေါ်ဖြစ်လာခဲ့ပြီး အညာဒေသ ကာကွယ်ရေးတပ်တွေကို အဓိကထောက်ပံ့ပေးနေတဲ့ KIO KIA ကိုတိုက်ခိုက်ဖို့နဲ့ ကာကွယ်ရေးတပ်တွေကို နှိမ်နှင်းဖို့အပြင် ဗမာပြည်သူတွေရဲ့ထောက်ခံမှုရလာတဲ့ KIO KIA အစိုးရနဲ့ ပြည်သူတွေအကြားမှာ သွေးခွဲတိုက်ခိုက်ဖို့ သွေးဆူလွယ်တဲ့ လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်တဲ့ ဗျူဟာဟောင်းကိုသူတို့ရဲ့လော်ဘီ လူမှုကွန်ယက်စာမျက်နှာကနေ တစ်ဆင့်ထုတ်သုံးလာတာဖြစ်တယ်လို့ အာဏာသိမ်းပြီးနောက်ပိုင်း လူမှုကွန်ယက်စောင့်ကြည့်လေ့လာသူတစ်ဦးက အခုလိုပြောပါတယ်။

ခရစ်ယာန်တွေနဲ့ပတ်သက်ပြီး ဘာသာရေးအမုန်းစကားကိုပြောလာတာက အာဏာသိမ်းပြီးနောက် လူငယ်တွေက တိုင်းရင်းသားဒေသဘက်စခိုလှုံလာပြီး ကာကွယ်ရေးတပ်ဖွဲ့တွေ စတင်ထောင်လာကတည်းကလို့ ပြောလို့ရပါတယ်။ ပြီးတော့ ဒီကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ပေးနေတာလည်း KIA တွေ၊ KNU တွေဖြစ်တယ် သူတို့တွေက ခရစ်ယာန်ကိုးကွယ်တဲ့ လူတွေဖြစ်တယ်။ ခရစ်ယာန်တွေဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာကို ပြန်ပြီးတွန်းလှန်အောင်လို့ ထောက်ပံ့ပေးတယ်ဆိုတဲ့ပုံစံနဲ့ တိုက်ခိုက်လာတာတွေ့တယ်လို့ပြောပါတယ်။

လက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်ဟာ စစ်ကောင်စီကို ဆန့်ကျင်အံတု တိုက်ပွဲဝင်မယ့် စစ်ရေးလေ့ကျင့်ပေးခြင်း၊ လက်နက်ခဲယမ်း တပ်ဆင်ပေးခြင်း၊ ထောက်ပို့ပေးခြင်း၊ စစ်ရေးအရ အကြံပေးခြင်း နှင့် ကွပ်ကဲခြင်းများကို လုပ်ဆောင်နေတာပါ။

ဒါကြောင့်လည်း မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းများသာမက ချင်းပြည်နယ်ထိ မြန်မာပြည် အနောက်မြောက်ဘက်ခြမ်း တလျှောက် KIA လက်တံရှည်ခဲ့ပြီးတော့ လက်နက်ကိုင်တော်လှန် အရှိန်အဟုန် ကောင်းလာတဲ့အပြင် လက်နက်ပိုမို တပ်ဆင်လာခြင်းတွေရဲ့ နောက်ကွယ်မှာ KIA ရဲ့ အကူအညီကြောင့် ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းကို ၆ လအတွင်း အပြတ်ရှင်းမယ်ဆိုတဲ့ ကြွားလုံးကလည်း လေထဲမှာ ပျောက်ကွယ်သွားခဲ့ရ လောက်အောင် ဒေသခံကာကွယ်ရေးတပ်တွေရဲ့ ပြောင်မြောက်တဲ့ တိုက်ပွဲဝင်မှု၊ စွန့်လွှတ် စွန့်စားမှုတို့ဟာလည်း KIA ၏ ပံ့ပိုးမှုကြောင့်လို့ ဆိုနိုင်ပါတယ်။

စစ်ကိုင်း၊ မကွေးတစ်လျှောက်မှာ KIA စစ်သည်များကိုယ်တိုင် ရှေ့တန်းကနေ ဦးဆောင်လှုပ်ရှားနေတဲ့အတွက် ကချင်လူထုသာမက မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းက လူထုထောက်ခံမှုပါ ရရှိခဲ့တာပါ။

ဒါ့အပြင် စစ်ကိုင်းတိုင်းမှာ ပြည်သူ့စစ်အဖွဲ့တွေကို ဖွဲ့စည်းပြီးတော့ ပြည်သူ့စစ်အဖွဲ့တွေက ပြည်သူတွေကိုကာကွယ်ပေးနေတဲ့ အဖွဲ့ဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ အသွင်ယူနေသလို ဒီပြည်သူ့စစ်အဖွဲ့တွေဟာ ဗုဒ္ဓစစ်သည်တော်တွေဖြစ်တယ်ဆိုပြီး ထုတ်သုံးလာ နေတာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ပစ်မှတ်ထားခံရတဲ့ ခရစ်ယာန်အမှုတော်ဆောင်များနှင့် ကချင်လူမျိုး အမွေအနှစ်များ

မြန်မာပြည်မှာ စစ်တပ်က လူနည်းစု တိုင်းရင်းသားတွေအပေါ်  ဘာသာရေးအရ ဖိနှိပ်ခဲ့တယ်ဆိုပြီး ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တင်ပြခဲ့ဖူးတဲ့ သိက္ခာတော်ရ ဆရာတော် Rev.Dr. Hkalam Samson ကို စစ်တပ်က ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့မှာ ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်ပါတယ်။ ဆရာတော်ကို စစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ မန္တလေး လေဆိပ်မှာ ဖမ်းဆီးခဲ့တာပါ။

ကျနော့အနေနဲ့သုံးသပ်မယ်ဆိုရင် ဆရာဆမ်ဆွန်က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှာလည်း အကြံပေးဟုတ်သလို တစ်ဖက်မှာ KIO KIA နဲ့ NUG ကနေ လုပ်တဲ့ဆွေးနွေးပွဲတစ်ခုမှာ ZOOM နဲ့ တက်တဲ့ဟာမှာ ပါဝင်ဖူးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မတရားအသင်း ဆက်သွယ်ရေးပုဒ်မ ၁၇() နဲ့ပါ ပုဒ်မတပ်ပြီး ထောင်ချတာဖြစ်တယ်။ အဲတော့ ပြောချင်တာက စစ်တပ်က ဘာသာရေးဆရာတွေကိုလည်း သူတို့လုပ်ချင်သလိုလုပ်နေတာ အဓိကတော့ KIO KIA နဲ့ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အကြောင်းမဲ့ နိုင်ထက်စီးနင်းလုပ်တယ်လို့ဘဲပြောချင်ပါတယ်လို့ မြစ်ကြီးနားမှာနေထိုင် တဲ့ နိုင်ငံရေးလေ့လာ သုံးသပ်သူ တစ်ဦးက ပြောတာပါ။

ဒါ့အပြင် ပူတာအိုခရိုင် မချမ်းဘောမြို့နယ် ခန်းကျိုကျေးရွာမှာ ၁၉၅၀ ခုနှစ်ကနေ ဆောက်လုပ်ခဲ့တဲ့ နှစ်ပေါင်း ၇၅ နှစ်ရှိပြီဖြစ်တဲ့ ခရစ်တော်ရဲ့ အသင်းတော် COC ဘုရားကျောင်းဝင်းမြေနေရာမှာ ဗုဒ္ဓရုပ်ပွားတော် တွေ့ရှိခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ၂၀၂၂  ခုနှစ်မှာ ဇူလိုင်လမှာ စစ်ကောင်စီခန့် ဝန်ကြီး ၃ ယောက် က နိုင်ငံတော်အမိန့် ခရစ်ယာန် ဘုရားကျောင်းကို ဗုဒ္ဓဘာသာယဉ်ကျေးမှု အမွေအနှစ်နေရာအဖြစ် သိမ်းဆည်းလိုက်ပါတယ်။

စစ်တပ်က ဘယ်လိုအမုန်းစကားတွေနဲ့ တိုက်ခိုက်နေလဲ

စစ်ကောင်စီတပ်ဟာ သူ့ကို ထောက်ခံတဲ့လူတစ်စုကို ဘွဲ့တံဆိပ် ချီးမြောက်ပြီးတော့ ဖေ့ဘွခ်အကောင့်အတု၊ တယ်လီဂရမ်အကောင့်တွေ ကနေ KIO  KIA ကို တစ်စိုက်မတ်မတ် တိုက်ခိုက်နေပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ၂ ကျော်ကာလနောက်ပိုင်း စစ်တပ်ကိုတော်လှန်နေတဲ့ အညာဒေသကပြည်သူတွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA KIO ကြားမှာ ဘာသာရေး၊ လူမျိုးရေးနဲ့ပတ်သက်တဲ့ အမုန်းစကားဖြန့်ဝေတာ၊ ဗုဒ္ဓဘာသာဘုန်းကြီးတွေကို အသုံးချပြီး ဟောပြောပွဲတွေကို ဆက်တိုက်လုပ်လာနေပါတယ်။

ဒီလိုဟောပြောပွဲတွေကို လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ တယ်လီဂရမ်ချန်နယ်တွေဖြစ်တဲ့ တပ်ကြပ်ကြီးဖိုးစီ၊ Ko Thet Myanmar National Post အပါအဝင် တယ်လီဂရမ်ချန်နယ်ပေါင်း ၂၀ ဝန်းကျင်ကနေ အများဆုံးဖြစ်ပြီးတော့ Facebook မှာတော့ ကပ္ပယကြီး အကောင့်တွေကနေ ခပ်စိပ်စိပ်တင်နေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်မှာအဆုံးသတ်တဲ့မိုခါဆိုင်ကလုန်းမုန်တိုင်းသတင်းဖြန့်ဝေရာမှာ ဗုဒ္ဓဘာသာရဟန်းကျော် ၇၀ ကျော်ကို သတ်ဖြတ်ခဲ့ကြတဲ့ ခရစ်ယာန် KIA နဲ့ ပူးပေါင်း တဲ့ PDFထောက်ခံတဲ့ လူတစ်စုအဖို့ ဘုရားရိုက်တာဖြစ်ကြောင်း အရှင်ဝိစာရိန္ဒမထေရ်ဟု အမည်တပ်ထားတဲ့ ဖေ့စ်ဘွခ်အကောင့်ကပြောဆိုနေကြပါတယ်။

စစ်တပ်ရဲ့ လူမျိုးရေး၊ ဝါဒမှိုင်းက တကယ်ထိရောက်နေလား

စစ်ကောင်စီတပ်အနေနဲ့ လူမျိုးရေး၊ ဘာသာရေးမှိုင်းနဲ့တိုက်ခိုက်နေတာဟာ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ လမ်းကြောင်းမှာ ပြည်တွင်းမှာ အဆိပ်သင့်နေတဲ့ ဘာသာရေးအယူဝါဒတွေပါ တော်လှန်ဖို့ တစ်ခါတည်းတော်လှန်ပစ်ဖို့အတွက် လူတွေဟာ ပိုပြီးတော့ဆုံးဖြတ်ချက်ခိုင်မာလာတယ်။ ဒါကဘယ်လောက် အန္တရယ်ရှိလာဆိုတာ လူတွေပိုမြင်လာတယ်” ဆိုပြီး ဇူလိုင်လ ၂၇ ရက်နေ့က BHRN ဦးစီး ပြုလုပ်သွားတဲ့တော်လှန်ရေးအားနည်းအောင် ဘာသာရေးကို ခုတုံးလုပ်နေသော စစ်ကောင်စီတပ်ရဲ့ ဝါဒမှိုင်းစကားဝိုင်းထဲမှာ Uppalavan ဆရာလေး ဒေါ်ကေတုမာလာ ပြောသွားတာပါ။

ဒါပေမယ့် ၂၁ ရာစုခေတ်လူငယ်တွေအနေနဲ့ ဒီအရာတွေကိုကောင်းကောင်း ဖြေရှင်းနိုင်မယ်လို့လည်း သူမအနေနဲ့ ယုံကြည်ကြောင်း ထည့်သွင်းပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်ထဲမှာ နေထိုင်တဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးပြောတာကတော့ “သူတို့အလုပ်က သဲထဲရေသွန်ဘဲလို့ ပြောချင်တယ် ဘာလို့လဲဆိုရင် ကျနော်တို့လူငယ်တွေက ဘာသာရေး၊လူမျိုးရေးတိုက်ပွဲဝင်နေတာ မဟုတ်ဘူး စစ်အာဏာရှင် စနစ်ကို မလိုချင်လို့ တော်လှန်နေတာ။ သူတို့ရဲ့ဝါဒမှိုင်းတွေက အစကတည်းက သူတို့ကိုထောက်ခံအားပေးနေတဲ့သူတွေ အတွက်ဘဲ” လို့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဟာ ပြည်သူတွေအကြပ်တည်းဖြစ်နေချိန် နေပြည်တော်မှာ “မာရဝိဇယ” ရုပ်ပွားတော်ကို အမေရိကန် ဒေါ်လာ သန်း ၄၀ ခန့်အကုန်ခံပြီး တည်ဆောက်နေပြီး ဘုရားဒကာဘွဲ့ခံယူနေတာလည်းဖြစ်ပါတယ်။

ဒီအရာတွေအားလုံးဟာ မြန်မာနိုင်ငံကို “ကိုးကွယ်မှုဘာသာရေးအရ စိုးရိမ်ရတဲ့နိုင်ငံ “အဖြစ်သတ်မှတ်ထားပြီး စစ်ကောင်စီဟာ သူရဲ့တရား၀င်မှုရရှိဖို့ လူအများစုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို အားပေးချီးမြှောက်ကာကွယ်မှုတွေ လုပ်နေတယ်လို့  အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်ရုံး (USCIRF) ကဆိုပါတယ်။

Show More

Related Articles

Back to top button