ဆောင်းပါးသတင်းဆောင်းပါး

ပြည်သူ့အလောင်းခင်းပြီး ရထားလမ်းပြန်ဆွဲဖို့လုပ်နေတဲ့ စစ်တပ်

“ကိုယ်ဝန် ၃ လရှိတဲ့ အမျိုးသမီးတစ်ယောက်ကို အုပ်စုလိုက် မုဒိမ်းကျင့်တယ်။ ပြီးတော့ တော်တော်ယုတ်မာရိုင်းဆိုင်းစွာပဲ အမျိုးသမီးရဲ့ အင်္ဂါထဲမှာ Royal D အချိုရည်ဘူးကို အတင်းအဓမ္မ ထိုးထည့်ပြီးတော့ ဇက်ကို ဓားနဲ့လှီးပြီး သတ်သွားတာ”

အဲ့ဒီဖြစ်ရပ်က ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နေ့က ဝက်လက်မြို့နယ်အနောက်ဘက်ခြမ်းက ကျီးကန်မြောက်ရွာက ဒေသခံတွေကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တဲ့အကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောပြသွားတာပါ။

စစ်သားတွေဟာ အမျိုးသမီးကိုမသတ်ခင် သူ့ဖခင်ရှေ့မှာပဲ မုဒိမ်းကျင့်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ သားဖနှစ်ယောက်လုံးကို လည်လှီး သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ကျွန်းဦးတောရွာမှာလည်း ဩဂုတ်လထဲမှာဘဲ ဒေသခံအမျိုးသား ၅ ဦးထဲက ၄ ဦးကို အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်ခဲ့သလို နောက်ထပ် ၁ ဦးကိုတော့ အပိုင်းပိုင်း ခုတ်ထစ်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တစ်ဆက်တည်းမှာဘဲ စစ်ကိုင်းမြို့နယ်၊ ထန်းတောဆိပ်ရွာကိုလည်း ဝင်ရောက်စီးနင်းပြီး ကာကွယ်ရေးတပ်ဖွဲ့ ဝင် ၅ ဦးကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့တဲ့အပြင် ဝက်လက်မြို့နယ် ခက်ခရွာမှာ ဒေသခံအမျိုးသမီး ၁ ဦး၊ ပေါက္ကားရွာမှာ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦးနဲ့ ဒေသခံ ၄ ဦး၊ ထန်းကြီးရွာမှာ အမျိုးသား ၁ ဦးသတ်ဖြတ်ခံခဲ့ရပါသေးတယ်။

ဒီသတ်ဖြတ်ခံရမှုအားလုံးဟာ ဩဂုတ်လ ၁၅ ရက်နေ့ကနေ စက်တင်ဘာ ၃ ရက်နေ့အထိရက်ပေါင်း၂၀ အတွင်းမှာပဲ တွေ့ရှိခဲ့တာဖြစ်ပြီးတော့ ရုပ်အလောင်း ၂၂ လောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါတွေဟာ စစ်တပ်က ၂ နှစ်ကျော်လောက်ပိတ်ထားတဲ့ မန္တလေး-ရွှေဘို-မြစ်ကြီးနား ရထားသံလမ်းကို အသုံးပြုနိုင်ရေး ရထားပြန်လည်ပြေးဆွဲဖို့ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ် သံလမ်းလေးတစ်လျှောက်မှာ ကြိုးစားနေတာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်က သုံးသပ်ကြပါတယ်။

“လတ်တလောအခြေနေအရ ကျနော်တို့မြို့နယ်အတွင်းမှာသံလမ်းပြင်နေတဲ့ကိစ္စက အဓိကပဲဗျ သံလမ်းက စစ်ကိုင်းကနေ မန္တလေး- မြစ်ကြီးနားလမ်းကို သူတို့အဓိကထားပြီးရထားလမ်း ပြင်နေတဲ့ကိစ္စနဲ့ပတ်သက် တယ် စစ်ကိုင်းနဲ့ဝက်လက်နယ်က ရထားသံလမ်းဖြတ်တောက်တာက အဓိကထားတဲ့မြို့နယ်တွေကို”

စစ်ကောင်စီတပ်ဘက်က ၂ နှစ်ကျော်လောက်ပိတ်ထားခဲ့တဲ့ မီးရထားသံလမ်းကိုပြင်ဆင်ဖို့ကြိုးစားလာတာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ လောက်ကတည်းကဖြစ်ပြီး စစ်ကိုင်းမြို့နယ် ရွာထောင်ဘူတာကနေစတင် ပြင်ဆင်လာတာဖြစ်ပါတယ်။

အဲ့ဒီ မီးရထားလမ်းပိုင်း ပြင်ဆင်ရာမှာတော့ စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ အဖွဲ့ စစ်ကြောင်းနဲ့အတူ လက်နက်ရိက္ခာနဲ့ ထောက်ပို့ပစ္စည်းတွေ အပြည့်တင်ဆောင်လာတဲ့ ရထားတစ်စီးလိုက်ပါလာပြီး မြေပြင်လုံခြုံရေးအတွက် ခမရ ၃၆၄ နဲ့ ခမရ ၃၆၉ စစ်ကြောင်းတွေက တာဝန်ယူပြီး သံလမ်းဘေးတစ်လျှောက်ကရွာတွေကို နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ပေးနေတာလို့ ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒီစစ်ကိုင်းကနေ ရထားစထွက်ကတည်းက ရှေ့ကနေရထားလမ်းပြင် ရထားကလည်းနောက်ကလိုက် စစ်ကြောင်းတွေကလည်း ထပ်ကြပ်မကွာလိုက်လာတာ ရထားမထွက်ခင်ကို လိုက်လာတဲ့ စစ်ကြောင်းတွေက ရွာတွေကိုပတ်ထိုးတယ် အဲ့မှာ ရထားဘေးမှာက ဘယ်ညာဝန်းရံပြီးတော့ လိုက်လာတယ် အဲ့လိုပုံစံပေါ့”

လက်ရှိ စစ်ကောင်စီတပ်တွေဘက်က ရထားသံလမ်းပြုပြင်တာကတော့ ဝက်လက်မြို့နယ် ပေါက်ကန်ရွာဘူတာအထိ ရောက်ရှိလာပြီး စတင်ခဲ့တဲ့ စစ်ကိုင်းရွာထောင်ဘူတာနဲ့ဆို မိုင်၂၀ကျော် လောက်ပြုပြင်ပြီးဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းပြီးကာလအတွင်း စစ်လက်နက်ရိက္ခာတွေ ဖြည့်တင်းဖို့အတွက် အဓိကကုန်းကြောင်းကို အသုံးပြုလေ့ရှိခဲ့ပြီး တစ်ဖက်မှာ လေကြောင်းကိုလည်း အသုံးပြုသလို မိုးရာသီကာလမှာတော့ မြစ်ကြောင်းကို အဓိကထားသုံးတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကာကွယ်ရေးတပ်တွေဘက်က စစ်ကောင်စီတပ်တွေရဲ့ လက်နက်ရိက္ခာတင်တဲ့ကားတွေကို မိုင်းဆွဲတိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေကြောင့် အထိနာလာတဲ့စစ်ကောင်စီတပ်ဟာ ရိက္ခာတင်ဖို့ တစ်ခြားသောနည်းလမ်းတွေကိုအသုံးပြုဖို့ ကြံစည်လာတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေဘက်က သုံးသပ်ကြပါတယ်။

“ကျနော်တို့ကြားထားတဲ့သတင်းအရတော့စစ်ကိုင်းကနေပြီးတော့ အောက်ဆုံးအဆင့် ကန့်ဘလူ လောက် အထိတော့သူတို့ မှန်းထားတယ်။ ဒါပေမယ့် သူတို့ကတော့ မြစ်ကြီးနားထိအဆုံးထွက်ချင်တဲ့ သဘောရှိတယ် ဒီရထားပြေးဆွဲနိုင်ပြီဆိုတဲ့ ပုံရိပ်လိုချင်သလို ထောက်ပို့ပစ္စည်းကလည်း ရထားပေါ် မှာတိုက်ရိုက်ပါလာတော့ ထောက်ပို့အတွက်ပဲပြင်ဆင်နေတာ လို့ယူဆရတယ်” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် နောက်ထပ်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကလည်း စစ်ကောင်စီတပ်ဟာ သူတို့ အတွက် အရင်းအနှီးများတဲ့ လက်နက်ခဲယမ်းတွေကို သယ်ယူဖို့ နောက်ထပ်ရိက္ခာတင်ဖို့နည်းလမ်း သုံးလာတာလည်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အခုလို စစ်ကောင်စီတပ်က ရထားသံလမ်းအသုံးပြုဖို့ကြိုးပမ်းလာတဲ့အပေါ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ “ သူတို့က မဖြစ်နိုင်တဲ့အတိုင်းအတာကို မဖြစ်ဖြစ်အောင်လုပ်နေတာ ဒီရထားလမ်းကတစ်လမ်း မောင်းလေ ပျက်ဆီးတာတွေပြင်ဖို့ကလည်း အချိန်တိုတိုနဲ့မပြီးနိုင်ဘူး ပြီးရင်တောင်မှ ရထားလမ်း ကိုတက်လာတဲ့ ရထားကို မိုင်းဆွဲဖျက်ဆီးဖို့ကလည်းအရမ်းလွယ်ပါတယ် ရထားလမ်းကို ပြင်ပြီး သုံးမယ်ဆိုတာက လုံးဝကိုမဖြစ်နိုင်တာပါ” လို့ သုံးသပ်ပါတယ်။

ရထားလမ်းပြုပြင်ရေးအတွက် နယ်မြေရှင်းလင်းရေးလုပ်နေတဲ့စစ်ကြောင်း ၇ ကြောင်းကတော့ ရွှေဘိုမြို့ အမှတ် ၈ စစ်အခြေခံ လေ့ကျင့်ရေးတပ်၊ခမရ ၃၆၄၊ခမရ ၃၆၉၊ ခမရ ၁၂ နဲ့ ရှမ်းပြည်နယ် လားရှိုးအခြေစိုက်အရှေ့ မြောက်ပိုင်း စစ်ဌာနချုပ်ကတပ်ရင်း တစ်ချို့အပါအဝင် ခမရ ၇၀၈ စစ်ကြောင်းနဲ့ တစ်ခြား အတည် မပြုနိုင်သေးတဲ့ စစ်ကြောင်းအမြောက်အများကို အသုံးပြုနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီရထားပြန်လည်ပြေးဆွဲနိုင်ဖို့ အသုံးပြုနေတဲ့ စစ်ကြောင်းတွေမှာ အရပ်သားတွေကို ရက်ရက်စက်စက်သတ်နေတဲ့ ခမရ ၇၀၈ လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

“ဒီတစ်ခါ စစ်ကြောင်းထိုးတဲ့အထဲ ထူးခြားတာက ခမရ ၇၀၈ ပါလာတယ်။ ရန်ကုန်အောက်ပိုင်း မှော်ဘီ တိုက်ကြီးကပေါ့ နာမည်ကြီးနေတဲ့ ဘီလူးစစ်ကြောင်းလို့ပြောတဲ့ စစ်ကြောင်းပေါ့ဗျာ” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ယောက်က ပြောပါတယ်။

ခမရ ၇၀၈ စစ်ကြောင်းဟာ အရပ်သားတွေကို ခေါင်းဖြတ်တဲ့ စစ်ကြောင်းအဖြစ် နာမည်ဆိုးနဲ့ကျော်ကြားပြီး ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် မေလ ၁၀ ရက် နေ့ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာက အရပ်သား ၃၀ နီးပါးကို သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ခဲ့ဖူးပါတယ်။

စစ်ကိုင်းမြို့နယ် တာတိုင်ရွာက အရပ်သား ၁၇ ဦး သတ်ဖြတ်ခံရမှုဟာလည်း အဲ့ဒီ ဘီလူး စစ်ကြောင်း လို့ခေါ်တဲ့ ခမရ ၇၀၈ ကပဲ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရထားလမ်းပြင်ဆင်ဖို့ ရှေ့ပြေးနယ်မြေရှင်းလင်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ကန်တော်ရွာက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ခေါင်းဖြတ်သတ်တာ၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်သတ်ဖြတ်တာ၊ မြင်းမူမြို့နယ် လက္ကားရွာက ပြည်ကြီးတံခွန် ဆရာတော်ကို ဖမ်းဆီးသတ်ဖြတ်တာစတဲ့ စစ်ရာဇဝတ်မှုကျူးလွန်ရာမှာလည်း ဒီစစ်ကြောင်း ပါဝင်တယ်လို့  ဆိုပါတယ်။

အခုလို စစ်ကောင်စီတပ်ဘက်က ရထားသံလမ်းပြုပြင်ဖို့အတွက် ဝက်လက်၊ စစ်ကိုင်းနဲ့ရွှေဘိုနယ်တွေကို နယ်မြေရှင်းလင်းရေး ဆိုတဲ့ခေါင်းစဥ်နဲ့ကျေးရွာတွေကိုနေ့တိုင်းဆိုသလို စစ်ကြောင်းတွေ ထိုးနေပြီးတော့ စစ်ကြောင်းနဲ့တိုးတဲ့ ဘယ်သူ့ကိုမဆို ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်နေတဲ့အတွက် ဒေသခံ သောင်းနဲ့ချီဘေးလွှတ်ရာကိုထွက်ပြေးနေကြရပါတယ်။

“အခုဟာက ဝက်လက်အတွင်းကိုအဲ့လို အင်အားအလုံးအရင်းသုံးထိုးနေတော့ မြို့ခံနဲ့ဒေသခံတွေက တော့ နာတာပေါ့ အင်အားကမမျှတော့ဘူး တစ်ခြားနယ်တွေကနေဝင်လာတဲ့ စစ်ကြောင်းကိုက ၇၀၀ နီးပါး အထိုင်စစ်ကြောင်းက ၇ခုလောက်ရှိပြီးသား အဲ့တာက ၄၀၀လောက်ရှိတယ် အဲ့တာ ဆိုရင်ကို အင်အားက ၁၀၀၀ ကျော်နေပြီ ဒေသခံတွေ ထိတ်လန့်နေရတယ်” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းမှာ ခြေမြန်တပ်ရင်း ၁၂၊ ၁၆၊ ၃၆၃၊ ၃၆၄၊ ၃၆၅၊ ၃၆၆၊ ၃၆၇၊ ၃၆၈၊ ၃၆၉၊ ၃၇၀၊ ၇၀၁၊ ၇၀၂၊ ၇၀၃၊ ၇၀၈ နဲ့ ခြေလျင်တပ် ရင်း ၈၇၊ ၈၉၊ ၂၂၈ စတဲ့ တပ်ရင်းတွေနဲ့အတူ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတပ်ဖွဲ့တွေကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ကွပ်ကဲပြီး နယ်မြေရှင်းလင်းရေးဆိုတဲ့ ခေါင်းစဥ်နဲ့ စစ်ကြောင်းထိုး နေခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာ အာဏာသိမ်းတာ ၂နှစ်ကျော်ကြာလာတာနဲ့အမျှ ကာကွယ်ရေးတပ်တွေဘက်ကလည်း လူအင်အားပါမက လက်နက်အင်အား‌ပါ တောင့်တင်းလာနေပြီးတော့ စစ်တပ်ဘက်က အင်အားတောင့်တင်းလာတဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင်အားစုတွေကို ရှင်းလင်းဖို့ နည်းလမ်းအမျိုးမျိုးသုံးလာတဲ့အပြင် ဒီတစ်ခေါက်မှာလည်း ရထားလမ်းပြန်သုံးနိုင်ဖို့ လူသတ်ပွဲတစ်ဖွယ်လုပ်နေပြီး စစ်ရေးလှုပ်ရှားလာနေပြီဖြစ်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား ၂သန်း နီးပါး ရှိလာနေပြီး အဲ့ဒီထဲမှာ ၇၇၈,၉၀၀ဟာ စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်တွေဖြစ်တယ်လို့ ကုလသမဂ္ဂ လူသား ချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA က ဩဂုတ်လ အစောပိုင်းက ထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button