သတင်း

စစ်ယာဉ်တန်း ပြန်ထွက်နိုင်ဖို့ လက်နက်ကြီးနဲ့ ခြောက်လှန့်ပစ်ခတ်

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ထဲ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ် ရိက္ခာသယ် ထောက်ပို့ယာဉ်တန်းတွေ ထွက်ခွာဖို့ ပြင်ဆင်နေချိန် အနီးနားက စစ်ကောင်စီ တပ်စခန်းတွေကနေ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဒီမနက် ၅ နာရီလောက်မှာ ဒေါ့ဖုန်းယန်မြို့အခြေစိုက် ဟန်းဂိုင်ဘွမ့် (Hanggai Bum) တပ် နဲ့ ဖွန်းပရန်ဘွမ့် (Hpun Pyen Bum) စတဲ့ စစ်တပ်စခန်း ၂ နေရာကနေ လက်နက်ကြီးတွေ အဆက်အပြတ်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

သူတို့ရဲ့ စစ်ယာဉ်တန်းတွေထွက်ဖို့ပြင်ဆင်နေကြတယ်။ အဲကြောင့် ဟန်းဂိုင်ဘွမ့်နဲ့ ဖွန်းပရန်ဘွမ့်တွေကနေ ဒီမနက်ကနေ လက်နက်ကြီးတွေနဲ့ KIA တွေရှိနိုင်ဘက်ကို ပစ်နေကြတယ်လို့ ဒီမနက်ပိုင်းကပဲ ပြောပါတယ်။

အဲဒီ စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းတွေဟာ ဒေါ့ဖုန်းယန်အထက်၊ လိုင်ဇာမြို့အနီးတစ်ဝိုက်က စစ်ကောင်စီတပ်စခန်းတွေဆီ ထွက်ခွာမယ်လို့ သုံးသပ်ရပြီးတော့ ဒိန်ဂါနဲ့ ခလားကျေးရွာတွေအထိ စစ်တပ်က အင်အား ၂၀၀ လောက်တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်တပ်က ဒေါ့ဖုန်းယန်မြို့နယ်(ခွဲ)ထဲမှာ ဖုန်းအင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတဲ့အတွက် ဒေသခံတွေဘက်က ဆက်သွယ်ရေး အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

လက်ရှိ ဒေါ့ဖုန်းယန်မြို့ထဲ စစ်တပ်ရိက္ခာသယ်တဲ့ကားနဲ့ လုံခြုံရေးကား စုစုပေါင်း ၃၀ စီးလောက်ရှိနေပြီး ထွက်ခွာမယ့် လမ်းတစ်လျှောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုခံရမှာကို စိုးရိမ်တဲ့အတွက် လက်နက်ကြီးတွေကို ရမ်းသမ်းပစ်ခတ်နေတာဖြစ်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပါတယ်။

အဲဒီ စစ်ကောင်စီ စစ်ရိက္ခာသယ် ယာဉ်တန်းတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့က ဗန်းမော်ဘက်ကနေ စစ်သားသီးသန့် တင်ဆောင်လာတဲ့ စစ်ကား ၆ စီး၊ စစ်ရိက္ခာသယ် အစီး ၂၀၊ စုစုပေါင်း ၂၆ စီးနဲ့ စက်တင်ဘာလဆန်းပိုင်းထဲမှာပဲ စစ်သားသီးသန့် ၅ စီး၊ စစ်ရိက္ခာ ၅ စီး ၊ စုစုပေါင်း ၁၀ စီး တိတိ တက်လာကြပြီး တက်လာကြတဲ့လမ်းကြောင်းတစ်လျှောက်မှာ KIA တပ်ရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။

ဒုတိယအကြိမ် စစ်ကား ၁၀ စီးပါဝင်တဲ့ စစ်ယာဉ်တန်းအဖွဲ့ဟာ ဒေါ့ဖုန်းယန်ဘက်ကို တက်လာတဲ့အချိန် ကုန်းလောနဲ့ မြို့သစ် လမ်းခုလမ် ၂ နေရာမှာ  KIA ရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကိုခံရပြီးနောက် စစ်ကား ၃ စီး ထိခိုက်ပျက်စီးသွားတဲ့အတွက် ဒေါ့ဖုန်းယန်တပ်ထဲကို ၇ စီးသာ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

 KIA ဌာနချုပ် လိုင်ဇာအနီးက နမ်ဆန်ယန်ကျေးရွာမှာ စစ်တပ်က အထိုင်ချဖို့ကြိုးစားလာတဲ့ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကနေ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်တပ်က မန္တလေးကတဆင့် ဗန်းမော်အထိ သင်္ဘောနဲ့ စစ်အင်အားပို့ဆောင်နေပြီး၊ ဗန်းမော်ကတဆင့် မြို့သစ်ကုန်းလောဒေါ့ဖုန်းယန် အထိ ကားနဲ့ ဆက်တိုက်ပို့ဆောင်နေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေကို ဒေါ့ဖုန်းယန်အကျော်ကစပြီး KIA က ပုံမှန်တိုက်ခိုက်နေတဲ့အတွက် စစ်တပ်ဘက်က လက်နက်ကြီးတွေ ပစ်ခတ်နေတာလည်း ဖြစ်ပါတယ်။

Show More

Related Articles

Back to top button