သတင်း

ဟောင်ပါးမှာ တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ ၁၀ ဦးကျော် ဖမ်းဆီးခံထားရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေ ဟောင်ပါးကျေးရွာမှာ စက်တင်ဘာလ ၁၁ ရက်နေ့မနက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက အရပ်သား ၁၀ ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

တာမခံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဟောင်ပါးကျေးရွာထဲမှာ KIA နဲ့ PDF တွေရှိနေတယ်လို့ သတင်းရရှိတဲ့အတွက် မနက် ၅ နာရီလောက်မှာ လက်နက်ကြီးတွေပစ်ခတ်ပြီး ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဟောင်ပါးကျေးရွာနေ အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

သူတို့က ဒီရွာထဲမှာ KIAPDF တွေရှိတယ်ဆိုပြီး သတင်းရသွားတာ အဲ့တာနဲ့ မနက် ၅ နာရီလောက်မှာ တာမခံဘက်ကနေ လက်နက်ကြီးတွေပစ်ပြီး တက်လာတာ ဒီဘက်ကနေလည်းပြန်ပစ်ဖြစ်တာပေါ့ မိနစ်လေးဆယ်လောက်တော့ကြာတယ် အပြန်အလှန်ပစ်ခတ်ကြတာလို့ ပြောပါတယ်။

အဲဒီ စစ်ကြောင်းတွေဟာ တာမခံကျေးရွာထဲမှာ စက်တင်ဘာလ ၈ ရက်နေ့ ဝင်ရောက်လာခဲ့တဲ့ စစ်သားအင်အား ၈၀ ကျော်ရှိတဲ့ စစ်ကြောင်းဖြစ်ပြီး ဒီနေ့မနက် ဟောင်ပါးကျေးရွာကို အင်အား ၅၀ လောက်သုံးပြီး စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

ဒါပေမယ့် ဟောင်ပါးရွာမရောက်ခင် KIA PDF ဘက်ကပြန်လည်ပစ်ခတ်တာကြောင့် ရွာထဲမရောက်ပဲ လမ်းခုလတ်က လမ်းသွားလမ်းလာ ပြည်သူ ၁၀ ယောက်ကိုဖမ်းပြီး ပြန်လည်တပ်ဆုတ်သွားတယ်လို့ အမည်မဖော်လို့တဲ့ ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။

အခုပစ်သံတော့မကြားတော့ဘူး တစ်နာရီလောက်ရှိပြီငြိမ်နေတာ ပြန်ဆုတ်သွားပြီ အရပ်သား ၁၀ယောက်လောက်ကို လူသားဒိုင်လုပ်ပြီးပြန်ဆုတ်သွားတယ် အဲ့မှာလမ်းမပေါ်မှာသူတို့နဲ့တိုးတဲ့လူတွေကိုဖမ်းသွားတာ မှော်ဆိုတော့ဘယ်က ဘယ်ကလူတွေလည်းတော့မသိသေးဘူး ဆယ်ယောက်လောက်ပါသွားတယ်လို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးလာချိန် ဟောင်ပါးရွာဘက်ကို လက်နက်ကြီး ၁၀ လုံးထက်မနည်းပစ်ခတ်ခဲ့တာကြောင့် ဟောင်ပါးကျေးရွာ ဘုန်းကြီးကျောင်းထမင်းစာဆောင်အမိုးပျက်စီးသွားသလို ကျေးရွာတွင်းကျရောက်ပေါက်ကွဲမှုတွေရှိတာ ကြောင့် ထိခိုက်ပျက်စီးမှုတွေရှိနိုင်တယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

ဟောင်းပါးဒေသခံတွေကတော့ ဒီမနက်ပိုင်း စစ်တပ်ဘက်ကဝင်ရောက်လာချိန်ကတည်းက တောတောင်တွေထဲ တိမ်းရှောင်သွားကြပြီး သက်ကြီးရွယ်အိုတွေနဲ့ ထွက်မပြေးနိုင်တဲ့ ကလေးငယ် အမျိုးသမီးအများစုဟာ ဟောင်ပါးဘုန်းကြီးကျောင်းမှာတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

ဒီနေ့မနက် ဟောင်ပါးကျေးရွာဘက်ကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာလ ၈ ရက်နေ့ကတည်းက  တာမခံကျေးရွာထဲကို ဝင်ရောက်နေတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။

Show More

Related Articles

Back to top button