ဖမ်းဆီးခံရမှုသတင်း

စစ်ကောင်စီတပ်တွေဟာ ရေလှဲကျေးရွာက လူနေအိမ်ရာချီမီးရှို့နေတဲ့အပြင် အရပ်သားတစ်ချို့ကိုလည်း ဖမ်းဆီးထား

ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်တစ်ဖက်မှာရှိတဲ့ ရေလှဲကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်းကနေ ဝင်ရောက်နေပြီး လူနေအိမ်ရာချီကိုမီးရှို့နေတဲ့အပြင် အရပ်သားတစ်ချို့လည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရွှေကူမြို့တွင်းတပ်ကနေ အင်အား ၁၀၀ ကျော်ပါတဲ့စစ်ကြောင်းတစ်ကြောင်းဟာ ဒီကနေ့ စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၉ နာရီခွဲကတည်းက ရေမော်တော်တွေနဲ့ ရေလှဲကျေးရွာကိုဝင်ရောက်လာခဲ့ပြီး လူနေအိမ်တွေကိုမီးရှို့နေတဲ့အပြင် ထွက်မပြေးလိုက်ရတဲ့ အရပ်သားတွေကိုလည်း ဖမ်းဆီးထားတယ်လို့ တော်လှန်ရေးမှာပါဝင်နေတဲ့ ရွှေကူမြို့ခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

စရှို့တာက ရေလှဲရွာအောက်ဘက်ကနေ စရှို့တာအခုမီးက ရေလှဲရွာရဲ့ အလယ်ခေါင်တည့်တည့်ရောက်နေပြီ မီးလောင်နေတုန်း ရေလှဲရဲ့တစ်ဝက်လောက်ကပြာကျသွားပြီ မီးခိုးလုံးတွေကရွာအလယ်နားလောက်ရောက်သွားပြီဗျလို့ ရေလှဲရွာမီးလောင်နေမှုကိုမျက်မြင်တွေ့နေတဲ့  ဒေသခံအမျိုးသားကပြောပါတယ်။

ရေလှဲကျေးရွာဟာ အိမ်ခြေ ၅၀၀ ကျော်ရှိတာဖြစ်ပြီး ဒေသခံတွေမျက်မြင်တွေ့ရှိရတဲ့အချက်အလက်အရ လက်ရှိ အိမ်ခြေ ၂၀၀ နီးပါးမီးလောင်နေပြီလို့ဆိုပါတယ်။

စစ်ကြောင်းဟာ ရေလှဲရွာထဲ ရေမော်တော်တွေနဲ့ရုတ်တရက်ဝင်ရောက်လာတာဖြစ်လို့ ကျေးရွာသားအချို့ထွက်ပြေးခွင့် ရပေမယ့်အချို့ထွက်မပြေးနိုင်ပဲ ပိတ်မိရာကနေ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံအမျိုးသား တစ်ဦးကပြောပါတယ်။

ရွာသားတွေက တိမ်းတဲ့လူလည်းတိမ်း မတိမ်းလိုက်ရတဲ့လူတွေလည်း ဖမ်းထားကုန်တယ်တဲ့။ ဘယ်နယောက်လောက်ဖမ်းခံထားရလဲတော့မသိရသေးဘူး လောလောဆယ်မှာပြာယာခတ်နေကြတာ သူ့နေရာကိုယ့်နေရာ ပြေးကြတာလို့ သူကပြောပါတယ်။

စက်တင်ဘာလဆန်းပိုင်းကတည်းက မန္တလေးကနေ တက်လာတဲ့စစ်သင်္ဘော ၆ စီးဟာ ရွှေကူမြို့နယ် ရေပျံဆိပ်ကမ်းမှာဆိုက်ကပ်ထားရာကနေ ဒီကနေ့ မနက်ပိုင်းဧရာဝတီမြစ်အထက်ဘက်ကိုဆန်တက်သွားပြီးနောက် တဆက်တည်းမှာပဲ ရွှေကူသင်္ဘောဆိပ်မှာကပ်ထားတဲ့ဒေသခံတွေရဲ့စက်လှေ အစီး ၄၀ ထက်မနည်းကိုလည်း ဒီကနေ့မနက် ၈နာရီခွဲကတည်းကမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ၂၀၂၂ ခုနှစ်ကလည်းရွှေကူအရှေ့ခြမ်းမှာရှိတဲ့ မံဝင်း၊ နန့်လန်၊ နောင်လတ်ကြီး၊ စီသာ၊စီသောင်း၊ စီမူလေး၊စီမူကြီးအပါ ရွာပေါင်း ၁၂ ရွာကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။

Show More

Related Articles

Back to top button