မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

စစ်တပ်က မြေရှားလုပ်ကွက်တွေကို ကြိုတင်အကြောင်းကြားပြီး စစ်ဆေးတဲ့အတွက် ထိရောက်မှာ မဟုတ်ဘူးလို့ ဒေသခံများ ပြောဆို

ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တွေကို စစ်ကောင်စီတပ်က ၁၀ ရက်ကျော် ကြိုတင်အကြောင်းကြားပြီးမှ ဝင်ရောက်စစ်ဆေးနေတဲ့အတွက် ကွင်းဆင်းစစ်ဆေးမှုမှာ ထိရောက်မှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကစပြီး မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တွေကို လာရောက်ကွင်းဆင်း စစ်ဆေးမယ့်အကြောင်း လုပ်ငန်းရှင်တွေကို ကြိုတင်အကြောင်းကြားထားပြီးနောက် စက်တင်ဘာလ ၁၀ ရက်နေ့ ရောက်လာပြီး ပန်ဝါဒေသက မြေရှားသတ္တုတွင်းတွေကို အရင်းဆုံးလာရောက်စစ်ဆေးကွင်းဆင်းနေတာ တစ်ပတ်ရှိလာပြီဖြစ်တယ်လို့ ပန်ဝါဒေသခံတစ်ယောက်က ပြောပါတယ်။

သူတို့ လာစစ်ဆေးနေတာ တစ်ပတ်လောက်တော့ရှိလာပြီ။ အခုတော့ ပြီးတောင် ပြီးခါနီးပြီထင်တယ်။ တရားမဝင်လုပ်ကွက်တွေ ဖြစ်တာကြောင့် လာကြည့်တာလို့တော့ သိရတာပဲ။ သူတို့လာမယ် လာမယ်နဲ့ သတင်းရနေတာက ၉ လပိုင်းကတည်းက ဟုတ်ပြီ။ တစ်ပတ်လောက်ကြာသွားပြီးမှ တက်လာကြတာ။ အခုပန်ဝါမှာတော့ တစ်ပတ်လောက်ရှိပြီ ကွင်းဆင်းနေတာ။ လုပ်ကွက်တွေမှာ အလုပ်သမားတွေရှိလို့မရဘူး တွေ့ရင်ဖမ်းမယ်လို့ပြောတာတဲ့။ ဒါကြောင့် ပြန်သွားကြတဲ့သူတွေက ပြန်သွားပြီလို့ပန်ဝါဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

လက်ရှိ ပန်ဝါမြေရှားလုပ်ကွက်တွေမှာ နေပြည်တော်အဆင့် စစ်ကောင်စီအစိုးရအဖွဲ့ဝင်နဲ့ ကချင်ပြည်နယ် စစ်တပ်ဗျူဟာမှူးအရာရှိများ အပါအဝင် ချီဖွေဒေသနဲ့ ပန်ဝါဒေသမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့များက ကွင်းဆင်းစစ်ဆေးနေတာကြောင့် လုပ်ငန်းတွေလည်း ရပ်နားထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တွေမှာ ဝင်ရောက်စစ်ဆေးမှုမစခင် လုပ်ကွက်တွေကို ပိတ်ထားခိုင်းတဲ့အပြင် သတ္တုကန်တွေကိုလည်း မတွေ့ရလေအောင် ဖုံးအုပ်ခိုင်းထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြေရှားတူးဖော်ရေးကုမ္ပဏီများအတွင်း အလုပ်သမားတွေကို တွေ့ရှိပါက ဖမ်းဆီးမယ်လို့ အမိန့်ထုတ်ထားတာကြောင့် လက်ရှိချိန် အလုပ်သမားအများစု နေရပ်ပြန်သွားကြသလို ပန်ဝါနဲ့ ချီဖွေမြို့တွေမှာ အိမ်ခန်းများငှားပြီး သောင်တင်နေသူတချို့လည်း ရှိကြောင်း ချီဖွေဒေသခံတစ်ဦးကလည်း အခုလိုပြောပါတယ်။

အလုပ်သမားတွေကို ပြန်ခိုင်းလိုက်ကြတာပေါ့။ အခုတော့ လုပ်ကွက်တွေ ယာယီပိတ်ထားတယ်။ အရင်ကတော့ ဒီလို လာစစ်ဆေးတာ တစ်ခါမှ မရှိဖူးဘူး။ အခုသူတို့ ရောက်ရှိနေတဲ့အတောအတွင်း ဟိုဟာ နာဇရီတွေမှာအုပ်တဲ့ဟာမျိုး ပလတ်စတင်အမည်းရောင်နဲ့ သတ္တုကန် ကျင်းတွေအားလုံးကို ဖုံအုပ်ခိုင်းလိုက်တယ်။ အဲ့ဒါမဖုံးအုပ်ထားနိုင်တဲ့ ကုမ္မဏီတွေကို အရေးယူမယ် တရားစွဲမယ်လို့ပြောထားတယ်လို့ သတင်းသိရတယ်” လို့ချီဖွေဒေသခံက ပြောပါတယ်။

စစ်ကောင်စီတပ်တပ်တွေဟာ မြေရှားသတ္တုလုပ်ငန်းကို ဖုံးကွယ်နိုင်ဖို့ ကြိုပြီးအကြောင်းကြားပြီးနောက်မှသာ ဝင်စစ်ဆေးနေတာဖြစ်လို့ ဒီစစ်ဆေးမှုက ထိရောက်မှာ မဟုတ်ဘူးလို့ ချီဖွေဒေသခံတစ်ယောက်က ခုလိုသုံးသပ်ပြောဆိုပါတယ်။

ကျနော့်အမြင်က အခုနိုင်ငံတကာကနေ စစ်ကောင်စီကို ဖိအားပေးလာတော့ ယာယီပိတ်ခိုင်းထားတယ်လို့ မြင်တယ်။ ဘာကြောင့်ဆို အမှန်တကယ်သူတို့ အရေးယူမယ်ဆိုရင် လက်ရှိတူးဖော်နေတဲ့ လုပ်ကွက်တွေကိုလည်း ဖုံးခိုင်းမှာမဟုတ်ဘူး။ ပြောချင်တာက ပလတ်စတစ်တွေနဲ့ရော ဖုံးအုပ်စရာမလိုဘူး။ အရှိကို အရှိတိုင်း ဘာမှဖုံးအုပ်စရာမလိုပဲ စစ်ဆေးရမှာ။ အခုက အားလုံးကို ဖုံးခိုင်းလိုက်ပြီး လုပ်ငန်းရပ်နားခိုင်းထားတယ်။ ဆိုတော့ သူတို့ လာရောက်တဲ့အတောအတွင်း ကမ္ဘာ့အမြင်မှာ ဟန်ပြအနေနဲ့ စကားပြောချောဖို့ လုပ်ရုံသတ်သတ်လို့ မြင်တယ်ဟုသူက ပြောပါတယ်။

 ချီဖွေမြို့နယ် မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းများမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး စည်းမဲ့ကမ်းမဲ့ တူးဖော်လာတာ ပိုပြီးဆိုးရွာလာတဲ့အတွက် သဘာ၀ဘေးပတ်ဝန်းကျင် ထိခိုက်ပျက်စီးတာတွေအပြင် ဒေသခံပြည်သူတွေရဲ့ နေ့စဉ်သွားလာလှုပ်ရှား လုပ်ကိုင်စားသောက်ရာမှာလည်း ထိခိုက်မှုများစွာ ကြုံတွေ့လာရကြောင်း ဒေသခံများပြောပါတယ်။

ဒါ့အပြင် ပန်ဝါနဲ့ချီဖွေဒေသမှာ မြေရှားသတ္တုကို ဆိုးရွားစွာတူးဖော်နေကြပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု ဘယ်လောက်ထိ ဆိုးရွားနေတယ်ဆိုတာကို Google Map ကတစ်ဆင့်လည်း တွေ့မြင်နိုင်ပါတယ်။

ချီဖွေ၊ ပန်ဝါ နဲ့ ဖရဲ စတဲ့ ဒေသတစ်လျှောက် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းအားလုံးကို မြန်မာနိုင်ငံသားလုပ်ငန်းရှင် ကုမ္မဏီတွေ အမည်ခံပေမယ့် လက်တွေ့လုပ်ဆောင်ပြီး အကျိုးအမြတ်ရနေသူများမှာ တရုတ်နိုင်ငံက ဖြစ်တယ်လို့ ဆိုပါတ်။

၂၀၂၂ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့ထုတ် Global Witness  အစီရင်ခံစာထဲမှာ ဂြိုလ်တုကတဆင့် ရှာဖွေစုံစမ်းလေ့လာတွေ့ရှိချက်အရ မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ဒေသတစ်ခုထဲမှာတင် မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်က သတ္တုကန်ပေါင်း ၂၇၀၀ ကျော် တွေ့ရှိထားပြီး သတ္တုတူးဖော်နေတဲ့ မြေနေရာအကျယ်အဝန်းမှာ စင်ကာပူနိုင်ငံ တစ်နိုင်ငံစာ ကျယ်ဝန်းကြောင်း ထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button