သတင်း

မင်းကင်းမှာ စစ်သင်္ဘောတစ်စီးတိမ်းမှောက်လို့ စစ်သားအပါအဝင် လူဦးရေ ၁၀၀ ကျော်သေဆုံးနိုင်

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတစ်စီးတိမ်းမှောက်ခဲ့တဲ့အတွက် သင်္ဘောပေါ်မှာလိုက်ပါလာ တဲ့သူ ၁၀၀ ကျော်သေဆုံးနိုင်တယ်လို့ Student’s Revolutionary Force အဖွဲ့က ပြောပါတယ်။

စက်တင်ဘာလ ၁၉ရက်နေ့ မနေ့က မနက်ပိုင်း ၁၀နာရီလောက်မှာ ညွှန်မှူး နဲ့ ရေတပ်သား  ယောက်၊ Non CDM ဆရာ ဆရာမတွေ၊ ကျောင်းသားကျောင်းသူ တချို့အပါအဝင် ပျူအဖွဲ့ဝင်တွေလိုက်ပါလာတဲ့ စစ်သင်္ဘောတိမ်းမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ SRF အဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

စစ်သင်္ဘောတွေက ရေလမ်းကြောင်းမှားတာရယ် စလင်ရဲ့ပေါ့လျော့မှုလို့ပြောလို့ရတယ် လက်တလော သိထားသလောက်တော့ ၂ယောက်ပဲ လွတ်တာသေချာတယ်။ သေဆုံးတဲ့ထဲက ရုပ်အလောင်းကတော့ ၆လောင်း ရထားတယ်လို့ကြားတယ် သင်္ဘောပေါ်မှာ ၁၀၀ ကျော်လိုက်ပါလာတာကိုတော့အတည်ပြုတယ်။ အားလုံးသေလားတော့ မပြောတတ်ဘူး ဒါပေမဲ့ အလုံပိတ်ယာဥ်ဆိုတော့ သေပြီလို့ယူဆပါတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပျောက်ဆုံးနေတဲ့ရုပ်အလောင်းတွေကိုတော့ စစ်ကောင်စီတပ်ဖွဲ့တွေဘက်က ကယ်ဆယ်ရေးတွေ လုပ်နေတာတွေ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ခန္တီးဘက်ကနေ ကျောက်စိမ်းတန်ချိန် ၁၀၀ လောက်သယ်ပြီး စစ်သင်္ဘော ၁၂ စီးလောက်နဲ့ စုန်ဆင်းလာတာဖြစ်ပြီးတော့ အဲ့ဒီထဲက စစ်သင်္ဘောတစ်စီးတိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က အခုလို ရေကြောင်းကနေသွားနေတာက မိုးရာသီလည်းဖြစ်တယ် သူတို့အတွက် ကုန်ကျစရိတ်လည်းသက်သာတယ် ပြီးတော့ ကုန်တွေသယ်ဖို့ပေါ့ ကျောက်စိမ်းတွေသယ်ဖို့လို့သိရတယ် လေယာဥ်တွေထက်လည်းအကုန်အကျသက်သာတယ် ကုန်းကြောင်းနဲ့ကလည်း သူတို့အတွက်မလွယ်ဘူး အဲ့တာကြောင့်သူတို့အတွက်ကတော့ နှစ်ခုပေါ့ လက်နက်တွေရိက္ခာတွေပို့မယ် ပြီးရင်အထက်ဘက်က ကျောက်စိမ်းတွေသယ်မယ် ဒီလိုမျိုးပေါ့ SRF အဖွဲ့က တာဝန်ရှိသူတစ်ယောက်က သုံးသပ်ပါတယ်။

အဲ့ဒီစစ်သင်္ဘောယာဥ်တိမ်းမှောက်ပြီးတဲ့နောက်မှာတော့ ကျန်တဲ့စစ်သင်္ဘောတွေက မြစ်ကမ်းဘေး တစ်လျှောက်ကရွာတွေက လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့သလို တောင်ဖြူရွာက ပျူစောထီးတွေကလည်း ယားကျေးရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဲ့ဒီစစ်သင်္ဘောတိမ်းမှောက်ခဲ့တဲ့အနီးတစ်ဝှိုက်က ပန်းဆက်ရွာနားမှာပဲ စစ်သင်္ဘောတွေ ရပ်နားပြီး ကယ်ဆယ်ရေးတွေဆောင်ရွက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မိုးတွင်းကာလ ရေတက်တဲ့အချိန်တိုင်း ချင်းတွင်းမြစ်နဲ့ဧရာဝတီမြစ်ကြောင်းတွေအတိုင်း စစ်သင်္ဘောတွေအသုံးပြုပြီးတော့ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေတင်ပို့လေ့ရှိပြီးတော့ စစ်သင်္ဘောတွေတက်လာတိုင်းလည်း မြစ်ကြောင်းတစ်လျှောက်ကရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လေ့ရှိတဲ့အတွက် ဒေသခံတွေလည်း မကြာခဏထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Show More

Related Articles

Back to top button