သတင်း

ခိုမုန်းရွာအနီး စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေ

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ တအောင်းတပ်မတော် TNLA တို့တိုက်ပွဲဖြစ်နေတဲ့အပြင် စစ်တပ်ကနေ နမ့်ဖတ်ကာကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ကူနေတယ်လို့ နမ့်ဖတ်ကာဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၂၀ ရက် ဒီနေ့ ညနေပိုင်း  နာရီခွဲလောက်ကနေ ခိုမုန်းကျေးရွာအနီးက TNLA တပ်စွဲနေရာယူထားတဲ့ ကောင်းမူး(Kawng  Mu) တောင်ကုန်းကို စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတစ်ဦးက KNG ကို ယခုလို ပြောပါတယ်။

ဒီတလော တိုက်ပွဲတော့ ဆက်တိုက်ဖြစ်နေတယ်။ ညနေပိုင်းကတည်းကနေ ကောင်းမူးတောင်မှာ တိုက်ပွဲပြန်ဖြစ်နေပြီ။ နမ့်ဖတ်ကာ စစ်တပ်စခန်းကနေ လက်နက်ကြီး ၁၀ ထက်မနည်း ပစ်ကူနေတယ်။ ဘယ်ဘက် ဘယ်ဘက်ကို ကျပြီလဲမသိဘူးဟု နမ့်ဖတ်ကာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့ကစပြီး မူဆယ်မြို့အနီးတစ်ဝိုက် စစ်တပ်နဲ့ TNLA ကြား တိုက်ပွဲ ဆက်တိုက်ပြင်းထန်နေတဲ့အပြင် မနေ့ညအထိ သေနတ်သံတွေလည်း ဆက်တိုက်ကြားရတယ်လို့ သူကဆက်ပြောပါတယ်။

ဒ့ါအပြင် စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ မူဆယ်မြို့နီးမှာရှိတဲ့ ရွာတွေနဲ့ ရပ်ကွက်တစ်ချို့မှာ ကျရောက်ပေါက်ကွဲတာတွေကြောင့် ဂျန်ဂျော်ရွာက ဒေသခံ ပြည်သူ ၁၀၀ ကျော်လည်း နမ့်ခမ့်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မူဆယ်မြို့အနီးက ဂျန်ဂျော်( Jan Jaw) ကျေးရွာက ရွာသားတွေလည်းတိမ်းရှောင် နေရတယ်။ ပြသနာက စစ်သားတွေကရွာတွေမှာ ဝင်ရောက်ပြီး ရွာထဲကနေလှမ်းပစ်တာ။ အဲ့လို ရွာထဲကနေ လှမ်းပစ်တော့ လက်နက်ကြီး၊ လက်နက်ငယ်တွေရွာထဲ လာကျတာတွေရှိတော့ ရွာသားတွေ ကြောက်ပြီး တိမ်းရှောင်ကြတာပေါ့” ဂျန်ဂျော်ရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဟာ ကွတ်ခိုင်– နမ့်ဖတ်ကာ – မူဆယ်– နမ့်ခမ်း စတဲ့ နေရာတစ်လျှောက် စစ်ကြောင်းများဆက်တိုက် ထိုးစစ်ဆင်နေတဲ့အပြင်  TNLA နေရာယူထားတဲ့ တပ်စခန်းဘက်ကို လည်း တစ်ဆက်တည်း ထိုးစစ်ဆင်နေလို့ နှစ်ဖက် စစ်ရေးတင်းမာနေတာလည်း ဖြစ်ပါတယ်။

ဒ့ါအပြင် တိုက်ပွဲအတွင်း နှစ်ဖက်တပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှု ရှိကြောင်းကြားသိရပေမဲ့ ထိခိုက်သေဆုံးမှု အတိအကျတော့ မသိရှိနိုင်ဘူးလို့ ဆိုပါတယ်။

TNLA ဘက်မှ ထုတ်ပြန်ထားတာကတော့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းအများပြားတိုက်ခိုက်သိမ်းဆည်းရမိနိုင်သလို တန်ပြန်ထိုးစစ်ဆင်နေပြီး ပြီးခဲ့တဲ့ နှစ်လတာမှာ တိုက်ပွဲပေါင်း ၄၀ လောက်ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက် မိုးကုတ် ၊ မူဆယ်နဲ့ ကွတ်ခိုင်မှာ စစ်ကောင်စီတပ်နှင့် TNLA ကြား နေရာ ၇ နေရာမှာ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စက်တင်ဘာ ၂၀ ရက်နေ့ထိဆို ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

Show More

Related Articles

Back to top button