တိုက်ပွဲသတင်း

ပန်းတင်တံတားဂိတ်ပစ်ခတ်ခံရပြီး  စစ်တပ်ဘက်က ၃ ယောက်ထက်မနည်း ထိခိုက်သေဆုံး

ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်မှာရှိတဲ့  စစ်ကောင်စီတပ်ရဲ့ဂိတ်စခန်းပစ်ခံရပြီး စစ်တပ်ဘက်က  ၃ ယောက်ထက်မနည်း ထိခိုက်သေဆုံးတာ‌တွေရှိတယ်လို့ ဖားကန့်ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ အဲဒီပန်းတင်တံတားဂိတ်ကို ဖားကန့် KIA,PDF ပူးပေါင်းတပ်ဖွဲ့ဘက်က သွားရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဘက်က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ကျနော်တို့ဘက်က ဝင်ပစ်တာဟုတ်တယ် အဲမှာတစ်ခါတည်းလှဲကျသွားတာ ၃ ယောက် နောက်ထပ်အထဲက ထိခိုက်သေဆုံးတာတော့ အသေးစိတ်မသိရသေးဘူး

အဲဒီဂိတ်ဟာ ရဲတပ်ရင်း ၂၈ နဲ့ စစ်ကောာင်စီတပ်မ ၃၃ လက်အောက်ခံတပ်ရင်းတွေ တပ်စွဲထားတဲ့ ဂိတ်ဖြစ်ပြီး ဖားကန့်မြို့အဝင် စစ်ကောင်စီတပ်ရဲ့ အဓိကစစ်ဆေးရေးဂိတ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပန်းတင်တံတားဂိတ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ  ၂၁ ရက်နေ့မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၆ တပ်ဖွဲ့ဝင်တွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ၅ ယောက်သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

ပန်းတင်တံတားဂိတ်ပစ်ခံရပြီးနောက် စစ်တပ်ဘက်က လမ်းသွားလမ်းလာပြည်သူတစ်ချို့ကို တစ်နာရီကြာ စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဂိတ်က စစ်ဆေးရေးဂိတ်ဟုတ်တယ် ဖားကန့်မြို့အဝင်မှာ စစ်တာ နေ့လည်က ပစ်ခံရတဲ့ချိန်တော့ တစ်အောင့်လိုက်စစ်ဆေးသေးတယ်လို့ သိရတယ်။ ခုတော့ အေးဆေးဖြတ်သွားလာနေကြပြီလို့မှော်ဝမ်းရပ်ကွက်မှာနေထိုင်သူ တစ်ယောက်က ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်ရဲ့ဂိတ်စခန်းတွေ မကြာခနပစ်ခတ်တိုက်ခိုက်ခံရတာတွေ ပုံမှန်ရှိနေတာလည်း ဖြစ်ပါတယ်။

Show More

Related Articles

Back to top button