တိုက်ပွဲသတင်း

ရွာခန်းမဆောင်မှာတပ်စွဲနေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့များ ဒရုန်းနဲ့တိုက်ခိုက်ခံရ

ကချင်ပြည်နယ် ကားမိုင်းမြို့ ကောင်ရာရပ်ကွက်မှာရှိတဲ့ ရွာခန်းမဆောင်မှာ လာရောက်တပ်စွဲနေထိုင်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF အဖွဲ့က ဒီနေ့ မနက် ၁၁ နာရီလောက်မှာ ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကားမိုင်းဒေသခံတွေဆီကနေ သိရပါတယ်။

အင်အား ၅၀ လောက်ရှိတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ စက်တင်ဘာလ ၁၅ ရက်နေ့ကတည်းကနေ ကောင်ရာရပ်ကွက် ခန်းမဆောင်မှာညအိပ်တပ်စွဲပြီး  ခန်းမဆောင်ရှေ့လမ်းမပေါ်မှာ ဂိတ်အထိုင်ချထားကာ ကုန်တင်ကားတွေနဲ့ လမ်းသွားလမ်းလာ ဒေသခံပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်နေတ ဖြစ်တယ်လို့ကားမိုင်းဒေသခံအမျိုးသား တစ်ယေက်က KNG ကိုပြောပါတယ်။ 

မနက် ၁၁ လောက်မှာ ဖြစ်သွားတာဟုတ်တယ်။ ကားမိုင်းက ပြည်သူ့စစ်အဖွဲ့တွေက ရွာခန်းမဆောင်မှာ ဂိတ်လာထိုင်ထားတာ။ အဲဒါကို KIA နဲ့ PDF တွေက ဒရုန်းနဲ့ ဗုံး ၂ ခါလာချသွားတယ်။ အကျယ်ကြီးပဲကြားရတာ အဲလို လာချတော့ ပြည်သူ့စစ်တွေ လက်နက်တွေဖောက် ပစ်တာတွေလုပ်ခဲ့တယ်။ တခြားထိခိုက်တာတော့မကြားမိဘူးလို့ပြောပါတယ်။

ပြည်သူ့စစ်ဂိတ်နေရာတိုက်ခိုက်ခံရတာကြောင့် နာရီဝက်လောက်အကြာ ပြည်သူ့စစ်အဖွဲ့ဘက်နေ ရပ်ကွက်ထဲမှာ လက်နက်ရမ်းသမ်း ပစ်ဖောက်တာတွေရှိခဲ့ပြီး ကားမိုင်း စစ်ကောင်စီတပ်ကုန်းကနေလည်း လက်နက်ကြီးတွေ KIA ရှိတဲ့ဘက်ကို ရမ်းသမ်းပစ်ခတ်တာတွေရှိခဲ့တယ်လို့ ပြောပါတယ်။

ဒီနေ့ ဒရုန်းနဲ့ ပြည်သူ့စစ်ဂိတ်နေရာ တိုက်ခိုက်ခံရမှုမှာ ပြည်သူတွေ ထိခိုက်တာတွေမရှိခဲ့ပေမယ့် ရပ်ကွက်ထဲမှာ လက်နက်ပစ်ခတ်တာတွေရှိခဲ့တာကြောင့် ထိပ်လန့်ကြောက်လန့် စိုးရိမ်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွာခန်းမဆောင်ရှေ့မှာ ကားမိုင်းကောင်ရာရဲ့ အနီးကပ်ရပ်မှာ မူလတန်းကျောင်းတစ်ကျောင်းရှိပြီး ပစ်ခတ်မှုဖြစ်လာတဲ့အတွက် ကားမိုင်းမြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေအားလုံးပိတ်လိုက်ရတယ်လို့ သိရပါတယ်။

ကားမိုင်းမှာ စစ်ကောင်စီလက်အောက်မှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ မြို့တွင်းရပ်ကွက်နေရာတွေမှာ စစ်ဆေးရေးဂိတ်နေရာချပြီး စစ်ဆေးရေးလုပ်ဆောင်တာတွေရှိခဲ့တာကြောင့် ယခင်ကလည်း ပစ်ခတ်ခံရတာတွေရှိတယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button