ဆောင်းပါးသတင်းဆောင်းပါး

မုန်လိုင်ခက် (Mung Lai Hkyet)

မှိုင်းညို့ညို့ ကောင်းကင်အောက် အေးချမ်းတဲ့ တောင်ပေါ်ရွာလေးမှာနေကြတဲ့ မုန်လိုင်ခက် စစ်ရှောင်တွေဟာ မကြာခင်ကြုံတွေ့ရတော့မယ့် အန္တာရယ်ဆိုးကို သတိမပြုမိကြဘဲ တစ်ရွာလုံးတိတ်ဆိတ်ပြီး အိပ်စက်အနားယူနေကြပါတယ်။

မုန်လိုင်ခက်ရွာဟာ ဝေကြိုင်ဘွမ်၊ စင်ယူဘွမ်၊ ရှိန်တောမ်ဘွမ် ပတ်လည်ဝိုင်းထားတဲ့အလယ်မှာရှိပြီးလိုင်ဇာမြို့နဲ့ မတူဘဲ ရာသီဥတုခပ်အေးအေးနဲ့ အလွန်တရာမှ နေလို့ကောင်းတဲ့ ရွာလေးဖြစ်ပါတယ်။

စက်တင်ဘာလ ၉ ရက်ည၊ မိုးတွေ အုံ့မှိုင်းလို့ ရာသီဥတုကလည်းအေးနေတော့ နို့တိုက်မိခင်တွေနဲ့ ကလေးသူငယ်၊ သက်ကြီးပိုင်းတွေဟာ ခါတိုင်းညထက် စောစောအိပ်ယာဝင်သွားကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီထဲက အသက် ၄၀ ကျော်ရှိပြီဖြစ်တဲ့ ကိုဘရန်ရှောင် (အမည်လွှဲ) တစ်ယောက်လည်း အိပ်ဖို့ အိပ်ခန်းထဲဝင်ပြီး အိပ်ယာပေါ်မှာလှဲလိုက်ချိန်မှာဘဲ အိမ်နားက လူငယ်တစ်ချို့သီချင်းဖွင့်နေတဲ့ အသံတွေနဲ့အတူ လေယာဉ်တက်လာပြီတဲ့လို့ ပြောနေကြတဲ့အသံတွေကို အတိုင်းသားကြားနေရတယ်လို့ ပြောပါတယ်။

“ကျနော့် အိမ်နားက လူငယ်တွေပြောနေတာ လေယာဉ်တက်သွားပြီတဲ့ တဲ့ ပြောနေတာ ကျနော်ကြားနေတယ်။ ခါတိုင်းလည်း ဒီလိုဘဲပြောနေကြတာဆိုတော့ အရေးမလုပ်နိုင်တော့ဘူး  အိပ်တော့မယ်ဆိုပြီး မျက်လုံးဘဲမှိတ်လိုက်ရသေးတယ် မျက်စိတစ်မှိတ်မှာ ပေါက်ကွဲသံတစ်ချက်ကြားလိုက်တာနဲ့ ဘာမှကိုင်ခွင့် စဉ်းစားခွင့်တောင်မရလိုက်ဘူး ကမ္ဘာပျက်သလို ဝုန်းဒိုင်းကျဲ ဖြစ်သွားတာ”

ကိုဘရန်ရှောင်ရဲ့ မိသားစုတွေကတော့ အဲဒီညမှာ လိုင်ဇာမြို့အသိမိတ်ဆွေတစ်ချို့အိမ်မှာသွားအိပ်ကြတာကြောင့် အိမ်မှာသူတစ်ယောက်တည်းကျန်ခဲ့တာလို့ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက် စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်း- ကချင် အစပ်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရေသောက်မြစ်လို့ ခံယူထားတဲ့ KIA ကိုတိုက်ဖို့ ဒီနှစ် ဇူလိုင်လကတည်းက နမ်ဆန်ယန်ဘက်ကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းအသုံးပြုပြီး ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။

တစ်ဆက်တည်းမှာဘဲ ဒီထိုးစစ်မဆင်ခင် အာဏာသိမ်းပြီးကတည်းက စစ်တပ်ဟာ KIO ဗဟိုဌာနချုပ် လိုင်ဇာဘက်ကို ခရာဘွမ်၊ ဘွမ်ရေဘွမ်ကနေ လက်နက်ကြီးတွေနဲ့ ညတိုင်း ပစ်ခတ်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် လိုင်ဇာမြို့မှာနေထိုင်တဲ့ပြည်သူတွေနဲ့ လိုင်ဇာမြို့ကနေ ၂ မိုင်လောက်ဝေးတဲ့ မုန်လိုင်ခက်ရွာက စစ်ဘေးရှောင်နဲ့ရွာသားတွေဟာ ညတိုင်းလက်နက်ကြီးကျည်နဲ့ လေကြောင်းရန်ကို သတိပြုနေကြရတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အိပ်ရေးပျက်ပေါင်းများလာတဲ့ စစ်ဘေးရှောင်တစ်ချို့ဟာ ကျရောက်လာမယ့်အန္တာရယ်ကို သတိမပြုမိနိုင်ခဲ့ကြဘဲ အိမ်စက်ခြင်းတစ်ဝက်တစ်ပြတ် အာရုဏ်ဦးတောင် မရောက်နိုင်ဘဲ အသက်ရှင်ခြင်းကို အဆုံးသတ်သွားခဲ့ကြရပါတယ်။

‘ဂျိန်းခနဲ့’ ဆိုတဲ့ ပြင်းထန်တဲ့ပေါက်ကွဲသံနဲ့အတူ အမှောင်နက်နက်ထဲက ကလေးငိုသံနဲ့ ကယ်ကြပါအုံး ကယ်ကြပါအုံးဆိုပြီး ကူရာမဲ့အော်ဟစ် ငိုနေသံတွေက သူ့နားထဲက ခုချိန်ထိ ကြားယောင်နေသေးတဲ့အပြင် နှိုင်းစရာစကားလုံး ရှာမတွေ့တော့တဲ့ ညတစ်ည ဖြစ်ခဲ့တယ်လို့ မုန်လိုင်ခက် လေကြောင်းတိုက်ခိုက်ခံရရာကနေ လွတ်မြောက်လာတဲ့ ကိုဘရန်ရှောင်က ခုလိုပြောပါတယ်။

“ဂျိန်းခနဲအသံကြားလိုက်တာနဲ့တစ်ပြိုင်ထဲ ငိုတဲ့သူငို အော်တဲ့သူကအော် ကယ်ကြပါအုံး ကူကြပါအုံး ကလေးငိုသံရော လူကြီးအော်သံရော ပွတ်လောရိုက်သွားတာ ကျနော့်ကိုယ်ပေါ်မှာလည်း ဓါးရံနဲ့တံခါးတွေပိနေပြီ ခန္ဓာကိုယ်ကမြေပြင်မှာ ဟာ မဖြစ်ဘူးဆိုပြီး ကျနော်ကုန်းရုန်းထ လက်နဲ့ ဖုန်းလေးလိုက်စမ်းယူပြီး ကိုယ်ပေါ်မှာပိနေတဲ့ထရံတွေကြားကနေ မနည်းတိုးထွက်လာနိုင်တယ်။ ထွက်လာတာနဲ့ကျနော်တစ်ခါတည်း မာရသွန်ပြေးတာ ရွာဘေးကရေနုတ်မြောင်းထဲခုန်ဆင်းပြီး ဝပ်နေလိုက်တယ်။  ဘယ်သူ့ကိုမှလည်း မကယ်နိုင်သေးဘူး ကယ်လို့လည်းမရဘူး ခရာဘက်ကလည်း ဘယ်ဘက်ကလည်း မသိ လက်နက်ကြီးကတောက်လျှောက်ပစ်နေတုန်းဆိုတော့ မတတ်နိုင်ဘူးလေ ဗုံးကျပြီးတစ်ပြိုင်နက်ထဲ စစ်တပ်ဘက်က မုန်လိုင်ခက်စစ်ရှောင်တွေနေတဲ့နေရာကို လက်နက်ကြီး ၄ လုံးလည်း တောက်လျှောက်ပစ်နေတာကြောင့် အချင်းချင်းမကယ်နိုင်ကြတဲ့အပြင် အဲဒီချိန် ဖုန်းလိုင်းပါပြတ်တောက်နေတယ်” လို့ ပြောပါတယ်။

မနက်ရောက်တော့ ဖွတ်ဖွတ်ကြေနေတဲ့ အမှိုက်ပုံကြီးလိုနေရာမှာ သွေးစိမ်းရှင်ရှင်ရဲနေတဲ့ သွေးတွေက ဟိုနားတစ်ကွက် ဒီနားတစ်ကွက် ကလေးတွေရဲ့ ကျောင်းလွယ်အိတ်နဲ့စာအုပ်၊ ဘွဲ့လက်မှတ်လေးတွေကလည်း တစ်စစီပြန့်ကျဲနေတဲ့မြင်ကွင်းဟာ သူ့ကို တကယ်နာကျင်စေတယ်လို့ ပြောပါတယ်။

ဗုံးကျတဲ့နေရာဟာ KIO အစိုးရက သတ်မှတ်ထားတဲ့ ကုန်တင်ကုန်ချလုပ်တဲ့ဘော်လုံးကွင်းအဆုံးမှာရှိတဲ့ ဝပ်လျော့ဆိုင်နဲ့ စစ်ရှောင်စခန်း အဆောင် ၂ ဆောင်ကြားမှာကျတာဖြစ်ပြီး ကျတဲ့နေရာမှာ အနက် ပေ ၂၀ လောက်နက်ဝင်သွားတဲ့အပြင် အကျယ်က ပေ ၅၀ ကျော်လောက်ရှိပြီး ပေါက်ကွဲထွက်လာတဲ့ မြေသားတွေက လွင့်စင်ပြီး တစ်စစီပျက်စီးသွားတဲ့ အဆောင် ၂ ဆောင်ပေါ်ကို ဖို့သွားတာလို့ ပြောပါတယ်။

ဒါအပြင် အဲဒီပေါက်ကွဲမှုနဲ့ တစ်ဆက်တည်း ဗုံးအငွေ့ရိုက်တာဟာ မုန်လိုင်ခက်ဧရိယာ တစ်မိုင်ပတ်လည် အရှေ့အနောက် တောင်မြောက်မှာ သံနဲ့ပတ်သက်တာ ဝါယာနဲ့ပတ်သက်တာအားလုံး ဓါတ်လိုက်ကုန်ပြီး အိမ်တွေကို တစ်စီဆွဲဖြဲကုန်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ပေါက်ကွဲမှုဖြစ်တဲ့နေရာရဲ့ ချိုင့်အောက်မှာရှိတဲ့ အိမ်တွေ၊ တောင်ကုန်းပေါ်မှာရှိတဲ့အိမ် တံခါးတွေ သွပ်တွေအားလုံးပေါက်ကုန်တယ်လို့ ဆိုပါတယ်။

“တကယ့် ငရဲဗုံး အငွေ့ရောက်တဲ့နေရာမှာရှိတဲ့ အိမ်တွေ အိမ်ထရံ၊နံရံတွေပြတ်ထွက်သွားတာ သံနဲ့ပတ်သက်တာ ဝါယာနဲ့ပတ်သက်တာ အကုန်လိုက်တယ်။ ခေါင်မိုးတွေလှန်ပြီး စုတ်ပြတ်သတ်သွားတာ။ ဘယ်လောက်ထိပြင်းလဲဆိုတာ ပေါက်ကွဲတဲ့နေရာတစ်ဝိုက် အောက်ချိုင့်ဘက်မှာစိုက်ထားတဲ့ ကျွန်းပင်၊ဆီထုတ်တဲ့သစ်ပင်တွေ စိုက်ခင်းတွေရှိတယ်။ အဲမှာတစ်ချို့အပင်တွေက ပင်စည် ၁၀ ပေပတ်လည်ရှိတဲ့ သစ်ပင်တွေတောင်မှ မနက်ကြည့်တော့ အရွက်မပြောနဲ့ သစ်ပင်ကြီးတွေတောင် အကိုင်းအခက်လက်တွေ မရှိတော့ဘူး လူတစ်ရပ်စာဘဲရှိတော့တယ်။ ပင်စည်တွေက နွားတွေဝါးထားတဲ့အတိုင်းဘဲ ကြေလိမ်တွန့်ကောက်နေတာ  ပြီးတော့ပတ်ပတ်လည် ဖာလုံ ၂ဖာလုံလောက်မှာရှိတဲ့ စိုက်ခင်းတွေဆိုရင် ဖွတ်ဖွတ်ကြေ အမုန့်ကြိတ်စုံနဲ့ကြိတ်ထားသလိုဘဲ”

ဒီအဖြစ်ဆိုးတွေဟာ ဖြေတွေး တွေးစရာတောင် မရခဲ့ဘူး။ ဒီတိုက်ခိုက်မှုမှာ မုန်လိုင်ခက်စစ်ဘေးရှောင် အဆောင်တန်းလျား ၂ ဆောင် အိမ်ထောင်စု ၈ စုနေထိုင်ကြတာဖြစ်ပြီး အဲဒီထဲက လိုင်ဇာမြို့ပေါ်ကျောင်းသွားတက်ကြတဲ့ ကလေးတစ်ချို့နဲ့ အခင်း၊ တောင်ယာတွေမှာ အလုပ်သွားရောက်လုပ်ကိုင်ကြတဲ့မိသားစုဝင်တစ်ချို့သာ လွတ်မြောက်ခဲ့ပြီး ကလေး ၁၁ ယောက်အပါအဝင် စုစုပေါင်း စစ်ရှောင်ဦးရေ  ၂၉ ဦးသေဆုံးခဲ့ပြီး ၅၇ ဦးဒဏ်ရပြင်းထန်ခဲ့တဲ့အပြင် အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ စစ်ရှောင်စခန်းတွေလည်း  ပလုံကောက်ပုံထားတဲ့အလား တစ်စစီဖြစ်ခဲ့ကြရပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး “အာဏာသိမ်းစစ်ကောင်စီတပ်ဟာ အရိုးမပါလို့ တွန့်လိမ်နေတဲ့လျှာနဲ့ ကလိမ်ကကျစ် ဉာဏ်နီဉာဏ်နက်ဆင်ပြီး စစ်ရှောင်တွေရဲ့သေဆုံးမှုကို ပုံဖျက်နေတဲ့လုပ်ရပ်ဟာ ဆင်သရေကို ဆိတ်သရေနဲ့ ဖုံးချင်နေတာဖြစ်တယ်” လို့ မုန်လိုင်ခက် ပေါက်ခွဲခံရမှုထဲကနေ လွတ်မြောက်လာသူတွေက ပြောပါတယ်။

မုန်လိုင်ခက် စစ်ရှောင်စခန်းဖောက်ခွဲခံရပြီးနောက် အောက်တိုဘာလ ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ်ဟာ သူတို့ပိုင်တဲ့ သတင်းဌာနနဲ့ ရုပ်မြင်သံကြားကနေ ဒီဖြစ်စဉ်ဟာ KIA အဖွဲ့ရဲ့ခေါင်းဆောင်များနဲ့ ဒေါ်အားလီ (အားလီကျဲ) တို့ ပိုင်ဆိုင်တဲ့ ဂိုဒေါင်ထဲမှာ အမိုနီယမ်နိုက်ထရိတ် (ယမ်း) ၁၀၅ တန်ခန့်နဲ့တစ်ခြားပေါက်ကွဲစေနိုင်တဲ့ ပစ္စည်း သိုလှောင်ထားရာကနေ မတော်တဆတစ်ခုခုကြောင့် ရုတ်တရက်ပေါက်ကွဲတာဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။

ဒီငြင်းဆိုမှုအပေါ် KIO သတင်းနဲ့ပြန်ကြားရေးဗိုလ်မှူးကြီးနော်ဘူကတော့ စစ်တပ်ရဲ့ပြောဆိုချက်ဟာ မမှန်ကန်ကြောင်း ပြည်တွင်းသတင်းမီဒီယာတွေမှာ ဖြေဆိုထားပြီး ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီးတော့ စုံစမ်းရေးဖွဲ့ပြီး လုပ်ဆောင်နေတယ်လို့ ဖြေဆိုထားပါတယ်။

မုန်လိုင်ခက်ကျေးရွာဆိုတာ ၁၉၈၀ ခုနှစ်လောက်ကတည်းက လီဆူမျိုးနွယ်စုဝင်တွေ နေထိုင်တဲ့ရွာဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီနောက် ၁၉၈၇ ခုနှစ် စစ်တပ်နဲ့ KIA တပ်တို့အကြား နာဖော့ ( Na Hpaw ) ၊ ပါဂျောင် (Pa Jau) တိုက်ပွဲကြောင့် နာဖော့ ထိန်နူကောင်၊ ရှန်တိ အူလော့ကောင် စတဲ့ရွာတွေကပြည်သူ အိမ်ခြေ ၂၀၀ လောက်ဟာ လိုင်ဇာမြို့၊ ဝေကြိုင် နဲ့ မုန်လိုင်ခက်ရွာမှာ အသီးသီး ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး မုန်လိုက်ခက်မှာ အိမ်ခြေ ၄၀ စပြီး နေထိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တစ်ကျော့ပြန်တိုက်ပွဲကြောင့် နမ်ဆန်ယန်၊ အောင်ဂျာ၊ မဒီးယာန်၊ ဂါးရာယန် စတဲ့မြစ်ကြီးနား- ဗန်းမော်ကားလမ်းပိုင်းမှာရှိတဲ့ ဒေသခံတစ်ချို့ဟာ လိုင်ဇာဘက်ကို ထပ်မံ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာကြောင့် စစ်ဘေးရှောင်လူဦးရေများလာတဲ့ လိုင်ဇာမြို့၊ ဝေကြိုင်စစ်ရှောင်စခန်းကနေ အိမ်ထောင်စု ၁၀၀ ကျော်ဟာ မုန်လိုင်ခက်ဘက်မှာပြောင်းရွှေ့နေထိုင်ပြီး မုန်လိုင်ခက်မှာရှိရင်းစွဲ လီဆူမျိုးနွယ်စုတွေအပါအဝင် စစ်ရှောင်အိမ်ခြေပေါင်း ၂၀၀ ကျော် Non-IDP  အနေနဲ့ နေထိုင်တဲ့ရွာဖြစ်ပါတယ်။

၁၉၈၇ ခုနှစ်မှာ စတင်ပြောင်းရွှေ့နေထိုင်ခဲ့ချိန် အိမ်ထောင်စုနည်းသေးတာကြောင့် KIO အစိုးရကနေ နေအိမ်တွေ ဆောက်လုပ်ပေးခဲ့ပြီး အဲဒီနောက် ၂၀၁၁ ခုနှစ် စစ်တပ်နဲ့တိုက်ပွဲဖြစ်တဲ့ချိန်မှာ လိုင်ဇာမြို့ထဲကို စစ်ရှောင်တွေ ထပ်ဝင်လာလို့ စစ်ရှောင် အိမ်ခြေ ၁၀၀ ကျော် မုန်လိုင်ခက်မှာ ပြောင်းရွှေ့ချိန်  UNHCR ကနေ နေအိမ်ဆောက်လုပ်ပေးခဲ့တာလို့ ပြောပါတယ်။

အဲဒီနောက် မေတ္တာဖောင်ဒေးရှင်းကနေ ထပ်ပြီး နေအိမ် ဆောက်လုပ်ပေးခဲ့ပြီး လိုင်ဇာမြို့ရဲ့ ရပ်ကွက် (၆) နယ်မြေအဖြစ် သတ်မှတ် နေထိုင်လာခဲ့ကြရာ ၂၀၁၇ ခုနှစ်မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် မုန်လိုင်ခက် စစ်ဘေးရှောင်တွေဟာ ဝေကြိုင်ဘက်ကို ယာယီထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး တစ်လအကြာမှာ တစ်ချို့မုန်လိုင်ခက်မှာဘဲ ပြန်လည်နေထိုင်ခဲ့ကြပါတယ်။

မုန်လိုင်ခက်ကျေးရွာဟာ နမ်ဆန်ယန်ကျေးရွာ ကနေ ၃ မိုင်၊ လိုင်ဇာကနေ ၂ မိုင်လောက်ဝေးတဲ့ နေရာမှာတည်ရှိပါတယ်။

“ဒီမှာက နေလာတာ နှစ်ပေါင်းဆယ်ချီနေပြီ KIO အစိုးရ သတ်မှတ်ထားတဲ့ ကုန်တင်ကုန်ချစခန်းရှိတယ်။ အဲဒါတောင် ဒီနှစ်တိုက်ပွဲဖြစ်တဲ့နောက် ကုန်ကားတွေအဝင်တောင် သိပ်မရှိတော့ဘူး ပြီးတော့ တစ်သက်ရှိလာပြီ ခုချိန်ထိ KIA ရဲ့မိုင်း ဂိုထောင်မရှိပါဘူး။ ဒါက သတင်းအမှား တမင်ဖန်တီးနေကြတာ။ စစ်ရှောင်တွေကို ရွေးပြီး တမင်သတ်ချင်နေတာလို့ဘဲမြင်တယ်” တိုက်ခိုက်ခံရမှုမှာ သားသမီး ၅ ယောက်သေဆုံးခဲ့တဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

လက်ရှိမှာတော့ မုန်လိုင်ခက်စစ်ရှောင်စခန်းက အိမ်ခြေ ၁၆၀ လူဦးရေ ၈၀၀ လောက်ဟာ လိုင်ဇာမြို့ ဝေကြိုင်စစ်ရှောင်စခန်းနဲ့ ဘုရားကျောင်း၊ စာသင်ကျောင်းတွေမှာ ယာယီသွားရောက်ခိုလှုံနေရတယ်လို့ သိရပါတယ်။

ဒါပေမယ့် စစ်တပ်ရဲ့ ယုတ်မာမှုက တစ်နေ့ထက်တစ်နေ့ပိုပြီးဆိုးရွားလာနေပြီး ယမ်းငွေ့ဝနေတဲ့ လိုင်ဇာမြို့ဘက်ကိုလည်း မနေ့ညအထိ စစ်တပ်ကလက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်နေတာကြောင့် စစ်ဘေးရှောင်တွေဟာ စိုးရမ်မှုများစွာနဲ့ သတိပြုနေထိုင်ကြရတယ်လို့လည်းပြောပါတယ်။

မုန်လိုက်ခက် ပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က ပြတ်ပြတ်သားသားငြင်းဆိုနေပေမယ့် KIA ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်သလို ဒီပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ကချင်အရပ်ဘက်အဖွဲ့စည်းတွေကလည်း စစ်တပ်ရဲ့လုပ်ရပ်အပေါ်နိုင်ငံတကာက အမြန်ဆုံးအရေးယူပေးဖို့နဲ့ ကချင်တိုင်းရင်းသားတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း တစ်ပြိုင်နက်ထဲ ထုတ်ပြန်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ဒီကနေ့ချိန်ထိ ပြတ်သားတိကျတဲ့ အဖြေထွက်မလာသေးပေမယ့် မုန်လိုင်ခက်စစ်ရှောင်တွေရဲ့ ရင်ထဲမှာတော့ ရှင်းလင်းပြတ်သားတဲ့အဖြေရှိပြီးသားဖြစ်တယ်လို့ မုန်လိုက်ခက်တိုက်ခိုက်ခံရမှုမှာ လွတ်မြောက်လာတဲ့ လူငယ်တစ်ယောက်က ခုလိုပြောပါတယ်။

“ကျနော်တို့မှာအဖြေရှင်းတယ် ဒါစစ်တပ်က လာပစ်တာ သူတို့လေယာဉ်နဲ့ကို လာပစ်တာ တရုတ်ကပါ လိုင်းဖြတ် ပေးလိုက်သေးတယ်။ ဘယ်သူတွေ ဘာပြောပြော ကျနော်တို့ရင်ထဲမှာတော့ စစ်တပ်က အပြစ်မဲ့ပြည်သူတွေကိုသတ်တယ် ဒါဘဲ”မုန်လိုင်ခက်စစ်ရှောင်တွေကတော့ ဒါဟာ စစ်တပ်က လေယာဉ်နဲ့ပစ်ခတ်ခဲ့တာလို့ ယုံကြည်ထားပါတယ်။

မိစ္ဆာစိမ်းတွေကြောင့် မိဘဆုံးရှုံးလိုက်ရတဲ့ သား၊သမီးတွေရဲ့ နာကျည်းချက် သား၊သမီး ဆုံးရှုံးလိုက်ရတဲ့ မိခင်တွေရဲ့ ငိုကြွေးသံ၊ ရင်ထဲက နာကျင်မှုကတော့ နေပူပူ၊ မိုးရွာရွာ ဘယ်တော့မှ ခမ်းသွားမှာ မဟုတ်ပါဘူး။

ဇမီ

Show More

Related Articles

Back to top button