သတင်း

လုံဂျုံယန်ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရ

ဗန်းမော်မြို့နယ် ဒေါ့ဖုန်းယန်အနီး လုံဂျုံယန်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းမှ ရွာလုံးကျွတ်နီးပါး မီးရှုံ့ဖျက်ဆီးလိုက်ပြီး ဒေသခံရွာသားများ ဘေးလွတ်ရာကို တိမ်းရှောင်နေရကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ ညနေပိုင်း ၃ နာရီခန့်က ဗန်းမော်ကနေ ဒေါ့ဖုန်းယန်ကို ဝင်ရောက်ဖို့ ချီတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း အင်အား ၁၀၀ ကျော်က ဒေါ့ဖုန်းယန်မရောက်ခင် လုံဂျုံယန်ကျေးရွာက နေအိမ် ၁၁ အိမ်ကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

သူတို့က(စစ်တပ်) နေအိမ်တွေက တမင်သက်သက်ကိုမီးရှို့ပေးလိုက်တာ။ နေအိမ်အားလုံး ၁၁ အိမ် မီးရှို့ပေးလိုက်တာ။ ပြောင်သလင်းခါအောင် မီးရှို့ပေးလိုက်တယ်။ ဘာမှကို မကျန်တော့တာ။ ရွာသားတွေကတော့ စစ်ကြောင်းချီတက်လာတယ်ကြားလို့ ကြိုတင်ထွက်ပြေး ပုန်းရှောင်သွားကြတဲ့အချိန် စစ်တပ်က ဝင်ရောက်မီးရှို့သွားတာပေါ့လို့ လုံဂျုံယန်ရွာသားတွေကို ကူညီနေသူ ဒေါ့ဖုန်းယန်ဒေသခံတစ်ဦးက ပြောပါတယ်။

လုံဂျုံယန်ကျေးရွာမှာ နေအိမ်စုစုပေါင်း ၁၆ အိမ်ရှိတဲ့ထဲ ၁၁ အိမ်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးပေးလိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ရွာသားတွေကတော့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာမယ်ဆိုတဲ့သတင်းကြောင့် ကြိုတင်ပြီး နီးစပ်ရာကို ပုန်းရှောင်နေစဉ်အတောအတွင်း နေအိမ်တွေ မီးရှို့ခံလိုက်ရတာလို့ သူကပြောပါတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက ကုန်းလောနောင်ကောန်မန်ဟုပ် လမ်းအတိုင်း ဒေါ့ဖုန်းယန်သို့ ဦးတည်ချီတက်လာစဉ် လုံဂျုံယန်မရောက်ခင် လမ်းတစ်နေရာမှာ မိုင်းဆွဲ ၊ ပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်အထိနာတာကြောင့် လုံဂျုံယန်ရောက်ချိန် ရွာကို မီးရှို့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ကျေးရွာမီးရှို့ခံရပြီးနောက် အောက်တိုဘာ ၁၃ ရက်ယမန့် ညနေပိုင်း ၅ နာရီခန့်တွင် လုံဂျုံယန်ရွာသားအားလုံးကို ဒေါ့ဖုန်းယန် KBC အသင်းတော်ဘက်က ကားနဲ့ခေါ်ယူခဲ့ပြီး လက်ရှိ ဒေါ့ဖုန်းယန်KBC ဘုရားကျောင်းဝင်းထဲ နေရာချထားပေးကြောင်း သိရပါတယ်။

စစ်ကြောင်းမဝင်လာခင် ရွာသားတွေ ၃ ဖွဲ့ခွဲပြီး ပုန်းရှောင်သွားကြတာ။ တချို့က မုန်လိုင်ခအနောက် နောင်နန်းရွာဘက်၊ တချို့က တောဘက်ပုန်းနေတာ၊ တချို့က လမ်းမကြီးရှိတဲ့ဘက်ကို ထွက်လာကြတယ်။ အဲ့ဒီလမ်းမကြီးဘက် ထွက်လာတဲ့ တချို့ကိုတော့ ၁၂ ရက်နေ့ကပဲ ကျနော်တို့သွားခေါ်ယူနိုင်တယ်။ ကျန်တဲ့သူတွေကိုတော့ အဲ့ဒီအိမ်တွေမီးရှို့ခံရပြီး မနေ့က ညနေမှ အားလုံးကို ပြန်သွားခေါ်ယူနိုင်တာ။ အခုတော့ အားလုံးကို ဒေါ့ဖုန်းယန်ထဲရောက်ပြီ။ တချို့က အပြင်မှာနေတယ်။ အများပိုင်းက အသင်းတော်ဝင်းထဲ ထားထားတယ်။အသင်းတော်ကနေ တတ်နိုင်သလောက်တော့ ကူညီထားတယ်။လို့ သူကဆက်ပြောပါတယ်။

လက်ရှိ လုံဂျုံယန်ရွာသား စုစုပေါင်း ၄၆ ဦး အိမ်ထောင်စု ၁၂ စုက ဒေါ့ဖုန်းယန်ဘုရားကျောင်းဝင်ထဲ ခိုလှုံနေပြီး တချို့ကတော့ အပြင်ဘက် ဆွေမျိုးအိမ်တွေမှာ ခိုလှုံတိမ်းရှောင်နေကြောင်း သိရပါတယ်။

အဲ့ဒီစစ်ရှောင်တွေအတွက် အသင်းတော်မှ တတ်နိုင်သလောက် နေရာပြင်ဆင်ပေးပြီး လိုအပ်တာတွေကို အားဖြည့်ကူညီပေးထားကြောင်း သိရပါတယ်။

အခုလုံဂျုံယန်တဝိုက် တိုက်ပွဲဖြစ်ပွားနေတာတော့မရှိပေမဲ့ ရွာသားတွေက အိမ်တွေမရှိတော့ဘူး။ ဘယ်မှာမှကို နေလို့မရတော့တာ။ အားလုံးလည်း မီးလောင်သွားပြီ။ ကျန်တာဆိုလို့ အိမ်အသေး ၂ ခုနဲ့ သက်ကယ်အိမ်အမြင့် ၁ အိမ်ရယ်၊ ပြီးရင် ဘုရားကျောင်း အဲ့လောက်လေးပဲ ကျန်တော့တာ။ ဆိုတော့ အခုရွာသားတွေက ချက်ချင်းပြန်ဖို့လည်း အဆင်မပြေတော့ဘူး။ ဟု လုံဂျုံယန်ရွာသားတွေကို ကူညီနေသူ ဒေါ့ဖုန်းယန်ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် လုံဂျုံယန် ရွာသားအားလုံး လယ်ခင်း၊ယာခင်း လုပ်ထားတာကြောင့် ဆန်စပါးတွေ သီးနှံတွေကို အောက်တိုဘာလကုန် နိုဝင်ဘာလမှာ အားလုံးရိတ်သိမ်းယူရမဲ့အချိန် လက်ရှိစစ်ရေးအခြေအနေကြောင့် စစ်ရှောင်ရာကနေ ရိတ်သိမ်းယူခွင့်မရလိုက်မှာကိုလည်း အားလုံးစိုးရိမ်နေကြရတယ်လို့ သူကဆက်ဆိုပါတယ်။

လုံဂျုံယန်ကျေးရွာဟာ ဒေါ့ဖုန်းယန်ကနေ ဆိုင်ကယ်နဲ့ မိနစ် ၂၀ ခန့်သွားရတဲ့ နေရာမှာရှိတဲ့ ကချင်ရွာငယ်လေး တစ်ခုဖြစ်ကြောင်း သိရပါတယ်။

လုံဂျုံယန်ကျေးရွာကို မီးရှို့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ယမန်နေ့ညနေပိုင်း လုံဂျုံယန်ဘန်ကောင်းမူး လမ်းအတိုင်းဆက်လက်ချီတက်စဉ် KIA ဘက်က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ကားတစ်စီး ပျက်စီးကာ ထိခိုက်သေဆုံးမှု များကြောင်းလည်း ဆက်လက်သိရပါတယ်။ 

အဲ့ဒီစစ်ကြောင်းတွေဟာ ယမန်နေ့ညနေပိုင်းမှာပဲ ဒေါ့ဖုန်းယန် ခလရ ၁၄၂ စစ်တပ်ထဲ ဝင်ရောက်ပြီဖြစ်ပြီး ယနေ့နံနက်အစောပိုင်းကနေ အင်အား ၉၀ ခန့် ဒေါ့ဖုန်းယန်ကနေ ခလားဒိန်ဂါ ဘက်သို့ ဆက်လက်ဦးတည် ချီတက်သွားတာဖြစ်ကြောင်း သိရပါတယ်။ 

စစ်ရိက္ခာတင်ကားနဲ့ အင်အား ၉၀ ခန့်ပါတဲ့ အဲ့ဒီစစ်ကြောင်းတွေ ဒေါ့ဖုန်းယန်ကနေ နမ်ဆန်ယန်ဘက်ကို ဆက်လက်ဦးတည်ချီတက်လာစဉ် ခလားနဲ့ ဒိန်ဂါကြား KIA ဘက်က ကြားဖြတ်တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားကာ

ဒေါ့ဖုန်းယန် ခလရ ၁၄၂ ကနေလည်း ယနေ့ ညနေပိုင်းထိ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေတာဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်ဟာ မြစ်ကြီးနား ၊ ဗန်းမော် ကားလမ်းမနှစ်ဖက်စလုံးကနေ KIO ဌာနချူပ် လိုင်ဇာအနီး နမ်ဆန်ယန်ဘက်သို့ အင်အားဆက်တိုက်ပို့ဆောင်နေပြီး အဆက်အပြတ်ထိုးစစ်ဆင်နေတာကြောင့် အဲ့ဒီဒေသတလျှောက် စစ်ကြောင်းတွေ ချီတက်လာတိုင်း တိုက်ပွဲပုံမှန်ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

Show More

Related Articles

Back to top button