သတင်း

ရွှေမင်းပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသွားတဲ့ လမြန်ရွာက ဒေသခံ ၃ ဒီကနေ့ထိ ဦးပြန်မလွတ်သေး

ဝိုင်းမော်မြို့နယ် လမြန်ရွာက ရွှေမင်းပြည်သူ့စစ်တပ်အဖွဲ့ ဖမ်းဆီးသွားတဲ့ ဒေသခံ ၃ ဦး ဒီကနေ့ထိ ပြန်ပြီးလွတ်မြောက်လာတာမရှိသေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်လက်အောက်ခံ ရွှေမင်းပြည်သူ့စစ်တပ်ဟာ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၁၁ နာရီလောက်မှာ လမြန်ခံရွာက ဒေသခံအမျိုးသမီး ၂ ယောက်နဲ့ အမျိုးသားတစ်ယောက် ကို KIA နဲ့ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုတဲ့ စွပ်ဆွဲချက်နဲ့ နေအိမ်ကနေဝင်ဖမ်းဆီးသွားတာလို့ ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

“ဖမ်းသွားတာ ခု ၂ ရက်ရှိပြီ မိသားစုတွေသွားမေးတော့ မသိဘူးလို့ဘဲ ပြောနေတယ်တဲ့“လို့ ပြောပါတယ်။

ဖမ်းဆီးခံသွားရသူတွေဟာ ဒေါ်ဘာလမ်ခေါင်ယန်း၊ဝေါ်ဖိုက်လွမ်းနော၊ ဦးလပါဒေါင်ခေါင်တို့ဖြစ်ပြီး ရွှေမင်းပြည်သူ့စစ်အဖွဲ့က ဒီနေ့မနက်ထိ ဖမ်းဆီးထားသူတွေကိုမိသားစုဝင်တွေနဲ့ ပေးမတွေ့ဘူးလို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ရွှေမင်းပြည်သူ့စစ်အဖွဲ့တွေဟာ စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း လမြန်ရွာက ဒေသခံလူငယ်တစ်ယောက်ကို ဖမ်းဆီးသွားပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပို့ဆောင်လိုက်တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်လက်အောက်ခံ ရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့တွေဟာ  အာဏာသိမ်းပြီးတဲ့နောက် ဝူယန်နဲ့လမြန်ရွာကြားမှာ ဝူယန်ရွာအထွက်မှာ ဂိတ်ထိုင်ပြီး လမ်းသွားလမ်းလာပြည်သူတွေကို ဂိတ်ဖြတ်ကြေးတောင်းတာအပြင် လမြန်၊မုတ်ကျိတ်၊ဝူယန်ရွာအတွင်း ညအချိန်မတော် သေနတ်လိုက်လံပစ်ဖောက်တာ အရပ်သားတွေဖမ်းဆီးတာတွေ လုပ်နေတယ်လို့လည်း ဝူယန်ရွာဒေသခံတစ်ယောက်က ခုလိုပြောပါတယ်။

“ခုဆက်တိုက်ရှိလာပြီ ညလား နေ့လား သူတို့မှာမသိတော့ဘူး သေနတ်လိုက်ပစ်နေတာ ပြီးတော့ ရွာထဲမှာကားတွေနဲ့ပတ်ပြီး လိုက်အော်ဆဲဆိုတာတွေ လုပ်တယ်။တကယ် အရမ်းရိုင်းကြတယ် သူတို့နဲ့ပတ်ပင်းတိုးမိရင် ဖမ်းသွားတာဘဲ”လို့ ဝူယန်ဒေသခံတစ်ဦးက ပြောပါတယ်။

ရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ညအချိန်မတော်ရွာထဲကားတွေလှည့်လည်ပြီး ဆဲဆိုတာတွေအပြင် လမ်းသွားလမ်းလာသူတွေကိုပါ ဖမ်းဆီးသွားတာတွေကြောင့် ဝူယန်၊လမြန်၊မုတ်ကျိတ်မှာ နေထိုင်တဲ့ပြည်သူတွေအဖို့ စိုးရိမ်ကြောက်ရွံ့ထိတ်လန့်မှုနဲ့သာ နေနေရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၅ ရက်ညမှာလည်း ဝူယန်ရွာက ဒေသခံ ၅ ဦးကိုလည်းထပ်ပြီးဖမ်းဆီးသွားတယ်လို့ ပြောဆိုနေကြပေမယ့် အသေးစိတ်သိရဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

ရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့တွေဟာ အာဏာသိမ်းပြီးတဲ့နောက် ၂၀၁၁ ခုနှစ် နိုဝင်ဘာလကနေ ဝူယန်ရွာမှာဂိတ်ထိုင်ပြီး လမ်းသွားလမ်းလာပြည်သူတွေဆီကနေ ငွေကြေးတောင်းခံတာမကြာခန ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီဂိတ်နေရာကို KIA ဘက်ကလည်း သွားရောက်ပစ်ခတ်တိုက်ခိုက်တာတွေလုပ်နေပြီး ၂၀၂၂ ခုနှစ်  ဇူလိုင်လနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ည တိုက်ခိုက်ခံရမှုမှာ ပြည်သူ့စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေများခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

Show More

Related Articles

Back to top button