ဆောင်းပါးသတင်းဆောင်းပါး

“ဆက်၍ချီနေဦးမည့် အမျိုးသမီးများ၏ နိုင်ငံရေးခရီးလမ်း”

မြန်မာ့နိုင်ငံရေးနဲ့ ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ အမျိုးသမီးပါဝင်လာမှုကို အမျိုးသမီးအဖွဲ့အင်အားစု တွေရဲ့ တွန်းတွန်းတိုက်တိုက် ကြိုးပမ်းလှုပ်ဆောင်မှုတွေကြောင့် ၃၀ ရာခိုင်နှုန်း ပါဝင်ရေးဟာ လွန်ခဲ့သော အာဏာ မသိမ်းခင်ကာလမှာ ခရီးပေါက်လာပြီလို့ ဆိုကြတယ်

အဲဒီအချိန်မှာပဲ စစ်တပ်အာဏာသိမ်းလိုက်တဲ့အခါမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု၊ နိုင်ငံရေးခံယူမှုတွေဟာ တွန့်ဆုတ်မသွားဘဲ အမျိုးသားတွေနဲ့  ရင်ဘောင်တန်းပြီး ဘက်ပေါင်းစုံကနေ အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ဖို့ အက္ခရာကျတဲ့ နေရာကနေ ပါဝင်နေတာကို မြင်တွေ့နေရပါတယ်။

NUG ရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက နွေဦးတော်လှန်ရေးမှာ အမျိုးသမီးပါဝင်မှုက နောက်မကျခဲ့ပါ ဘူးဆိုတဲ့ အကြောင်းကို “အမျိုးသမီးတွေဟာ အမျိုးသားတွေ တန်းတူ ဆန္ဒပြတာ၊ ဒိုင်းကာတာ အဆုံးပေါ့နော် အလံကိုင်ကာ ရှေ့တန်းမှာ ရွံ့ရွံ့ချွံချွံပါခဲ့သလို လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်တဲ့အခါမှာလည်းပဲ အမျိုးသမီး တော်လှန်ရေးသမားတွေ မြောက်များစွာရှိခဲ့တယ်ဆိုတာတွေ့ရပါတယ်။ နွေဦးတော်လှန် ရေးမှာ အမျိုးသမီးပါဝင်မှုက နောက်မကျခဲ့ပါဘူး

အာဏာသိမ်းခဲ့စဉ်ကတည်းက လမ်းပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းဆရာမ၊ ဆရာဝန်မ၊ သတင်းထောက် အမျိုးသမီး၊ ကုမ္ပဏီဝန်ထမ်း ၊ စက်ရုံအလုပ်သမ အစရှိမျိုးစုံသော လုပ်ငန်းခွင်တွေက လူငယ်၊ လူရွယ်၊ လူလတ် အရွယ်စုံသော အမျိုးသမီးတွေပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် ငါတို့ထဘီ၊ ငါတို့အလံ၊ ငါတို့အောင်ပွဲ ဆိုတဲ့ ကမ်ပိန်းဟာဆိုလို့ရှိရင် အာဏရှင်ကို ဆန့်ကျင်နေတဲ့ အမျိုးသမီးထုရဲ့ နိုင်ငံရေးခံယူချက်ကို ကမ္ဘာကိုသိစေခဲ့တဲ့ ကမ်ပိန်းတခုပင်ဖြစ်ခဲ့တယ်။

ကချင်ပြည်နယ်အတိုင်းအတာနဲ့ တော်လှန်ရေးတွင် အမျိုးသမီးပါဝင်မှုဟာလည်း အာဏာရှင်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုနှုန်းက ကချင်ပြည်နယ်အတိုင်းအတာနဲ့ဆို ရာခိုင်နှုန်းအရ အပြည့်အဝ ပါဝင်တယ်လို့ မြင်ပါတယ်လို့ Kachin State Women Network က ကွန်ရက်တာဝန်ခံ ဆရာမ ကိုင်းကိုင်က ပြောပါတယ်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ မြစ်ကြီးနားမြို့ ပညာရေးကော်လိပ်ရှေ့တွင် ပညာရေးဝန်ထမ်းများ ဆန္ဒပြရန် လူစုနေချိန် ဆရာမ ၂ဦးကို ရဲများက ဖမ်းဆီးခေါ်ဆောင်သွား။ ပုံ-အဲဒီနေ့က အမည်မသိသူတဦးက ပို့လာ။

ဆက်လက်ပြီး ဆရာမကိုင်းကိုင်က ၂၀၂၁ ခုနှစ်၊ မတ်လ မှ မေလအတွင်း သူမ အသိ တက်ကြွလှုပ်ရှားသူ ၅ ဦးခန့် အဖမ်းခံခဲ့ရတော့ သူမလည်း နယ်စပ်ကို တိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ မြစ်ကြီးနား မြို့မှာ မတ်လ ၈ ရက်နေ့က ဆန္ဒပြသမားတွေကို အကြမ်းဖက် ဖြိုခွင်ခဲ့ရာ ပထမဆုံးအကြိမ် ဦးချိုသား၊ လူငယ်ဖိုးလုံးတို့ အသက်ရှုံး သွေးမြေကျခဲ့ရတဲ့အပြင် အမျိုးသမီးတဦးလည်း လက်တစ်ဖက် လက်နက် ထိမှန်ကာ ဒဏ်ရာရရှိခဲ့တယ်။ အဲဒီအချိန် မှာ လက်နက် ကိုင်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့ရှေ့ကို ထွက်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူတွေကို ဆက်လက် အကြမ်းမဖက်ဖို့ ဒူးထောက်တောင်းပန်ခဲ့တဲ့ ခရစ်ယာန် သီလရှင် စစ္စတာ နူးတောင်ကို နွေဦးတော်လှန်ရေးနဲ့ အမျိုးသမီးပါဝင်မှုအကြောင်းပြောရင် ချန်လပ်ထားလို့မရတဲ့သူဖြစ်ပါတယ်။

ပုံ- RFA သတင်းစာမျက်နှာမှ ပြန်လည်းကူးယူဖော်ပြခြင်း။

လတ်တလော ကချင်ဘက်က အမျိုးသမီးနိုင်ငံရေးပါဝင်မှုနဲ့ပတ်သက်ပြီးတော့ ကိုင်းကိုင်က ကချင်နိုင်ငံရေး ဦးဆောင်နေတဲ့ အပိုင်းမှာတော့ ပါတီအမျိုးသမီးတွေကအစ သွေးအေးနေတယ်လို့ မြင်ပါတယ်။ လွတ်မြောက် နယ်မြေမှ အမျိုးသမီးများရဲ့ ပါဝင်လှုပ်ရှားဆောင်ရွက်မှုက ပိုပြင်းထန်နေပါတယ်။

အဲဒီအပြင် ကချင်ဘက်က အမျိုးသမီးရေးလှုပ်ရှားသူများဟာ တော်လှန်ရေးမှာ အမျိုးသမီးတွေက ဖက်ဆစ် အာဏာရှင်စနစ် အမြစ်ပြုတ် တော်လှန်နေရတဲ့အပြင်၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာတွေမှာ ကျား/မ ခွဲခြား ဆက်ဆံနေတဲ့ လုပ်ရပ်ကိုပါ ပြောင်းလဲပစ်ဖို့ ကြိုးစားနေရတယ်လို့ မြင်ပါတယ်လို့ အမျိုးသမီးရေးတက်ကြွ လှုပ်ရှားသူ အမည်မဖော်လို ကချင်တိုင်းရင်းသူ အဆိုင်း ကပြောပါတယ်။

အာဏာသိမ်းချိန်းကစပြီး အကြမ်းဖက်စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းကြောင့် အစောပိုင်းကြွေလွှင့်ခဲ့ရတဲ့ အမျိုးသမီးတွေဟာ ၇ဦးထက် မနည်းရှိပါတယ်။ သူတို့ကတော့ နေပြည်တော်က အသက် ၂၁ နှစ်သာ ရှိသေးတဲ့ မြသွဲ့သွဲ့ခိုင်ဟာ ဦးဆုံးကြွေလွှင့်ခဲ့ရသူပါ။ အဲနောက်မှာတော့ မုံရွာက ဆရာမ ကြည်လင်အေး၊ မန္တလေးက သပိတ်စစ်ကြောင်းမှာ ပေါ်ပေါ်ထင်ထင် ပစ်သတ်ခံလိုက်ရတဲ့ ကျားရှီ(ခေါ်) ကြယ်စင်၊ ချင်းပြည်နယ်မှ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ မအားခူ၊ ကျောင်းဆရာမ ဒေါ်တင်နွဲ့ရီ၊ သူနာပြု ဆရာမ သဉ္ဇာဟိန်း အပြင် ရန်ကုန်မြို့ပေါ်က တိုက်ခန်းတစ်ခုကို စစ်ကောင်စီက ဝင်ရောက် ပစ်ခတ်ဖမ်းဆီးချိန် တိုက်ပေါ်က ခုန်ချသွားတဲ့ မဝေဝေမြင့် (ခေါ်) ပန်းသီးတို့ပဲဖြစ်တယ်။ သူတို့ဟာ ပြည်သူတွေရဲ့ နှလုံးသားမှာ အမြဲရှင်သန်နေမှာပါ။

မကြာသေးမီ ၂၀၂၃ ခုနှစ်၊ ဇွန်လ၊ ၇ရက်နေ့မှာ စာရေးသူရဲ့ သူငယ်ချင်းတဦးဟာ စစ်ကြောရေးတွင် သတ်ခံလိုက်ရတယ်ဆိုတဲ့ သတင်းထွက်ရှိလာပါတယ်။ သူ့ကို ဒီနှစ်ဦးပိုင်းကဖမ်းသွားပြီး သတင်းအစအန ပျောက်ခဲ့ရာမှ ပြီးခဲ့တဲ့ရက်က ပြန်ကြားရတဲ့ သတင်းက “သူဆုံးပြီ”။ သတင်းအတည်ပြုနိုင်ဖို့က အင်မတန်မှ ခက်ခဲတယ်။ ဒါပေမယ့် သူ့မိဘနဲ့ မိတ်ဆွေအားလုံးက မဟုတ်ပါစေနဲ့လို့သာ ဆုတောင်းရင်း ပြန်လာမယ့်နေ့ ကိုသာ စောင့်နေဆဲပါ။” သူ့လို အမည်ဖော်လို့မရ၊ လူမသိ၊ သူမသိနဲ့ပဲ အသက်ဆုံးရှုံးခဲ့ရသူတွေ ဘယ်လောက်တောင် ရှိနေပြီလဲ။

အခုအချိန်ထိ တော်လှန်ရေးကြောင့် အဖမ်းဆီးခံခဲ့ရတဲ့သူ ၂၃၂၉၉ ဦး ရှိခဲ့တဲ့အထဲမှာ အမျိုးသမီးပေါင်း ၄၆၆၄ ဦးရှိပြီး၊ အကျဉ်း ချခံရဆဲ ၁၈၉၈၀ ဦးတွင် အမျိုးသမီး ၃၆၀၂ ဦး ထိန်းသိမ်းခံနေရဆဲ၊ သေဒဏ်ပေးခံလိုက်ရသူ အမျိုးသမီး ၁၅ဦး ထိရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ဖော်ပြထားပါတယ်။ (ဒီကိန်းဂဏန်းများက င်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ လက်လှမ်းမှီသမျှသာ ဖြစ်ပြီး အမှန်တကယ်မြေပြင်တွင် ဒီထက်မက ရှိနိုင်ဟု မှတ်ချက်ရှိပါတယ်။)

အကြမ်းဖက်စစ်တပ်က တော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေကို ဘယ်လိုပင် အကြမ်းဖက် သတ်ဖြတ်၊ ဖမ်းဆီး၊ ပိတ်ပင် နေပေမယ့် နောက်ဆုတ်မသွားဘဲ သစ်တောရုံး ဝန်ထမ်းအဖြစ်ကနေ CDMer အဖြစ် တောက်လျှောက်ပါဝင်ခဲ့ရာမှ  ထပ်ဆင့် လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်လျှောက် လှမ်းဖို့ ရွေးချယ်ခဲ့တဲ့ အသားဖြူဖြူနဲ့အသက်၂၅ ဝန်းကျင်ရှိ ကြည်ကို မေးမြန်းတဲ့အခါမှာ ငါတို့ တောင်းယူပြီး ရမှာမဟုတ်ဘူး၊ တိုက်မှ ရမယ် ဒီကောင်တွေ ၈၈ အကွက်တွေ လာလိမ့်မယ်

ထားဝယ်ခရိုင် တပ်ရင်း(၁)ရဲ့မွမ်းမံသင်တန်းဆင်းပွဲပုံ။

ဒီလိုနဲ့ ကြည်ဟာ အမေ မလွှတ်ရင် ခိုးသွားမယ်နော်လို့ အမေ့ကိုပြောတော့ တားမရအဆုံး ခွင့်ပြုခဲ့တယ်။ အမေ့ကိုတော့ ၁၂ ရက်ပဲကြာမှာလို့ ပြောပြီး ၆ လပိုင်း ၂၆ ရက်နေ့ အိမ်ကထွက်လာတယ် လမ်းမှာ တစ်ညအိပ်ပြီး ၆ လပိုင်း ၂၇ ရက်နေ့ မှာ တောထဲစရောက်လာတယ်

အခုတော့ ကြည်ရဲ့မေမေဟာလည်း သမီးရွေးချယ်မှုနဲ့ပတ်သက်ပြီး “၁လကျော်လာတော့ ဖုန်းဆက်ပြီး ပြန်မလာသေးဘူးလားတဲ့။ မလာတော့ဘူး အမေလို့ပြောတော့ အမေငိုပြီး နင်လုပ်ချင်သပ ဆိုရင်လည်း ငါမတား ဘူးတဲ့ လုပ်ပြီးရင်လည်း မပြီးဘဲနဲ့ ငါ့အိမ်ပေါ်ပြန်မတက်နဲ့တဲ့”။ အခုတော ကြည်က တနင်္သာရီတိုင်း ထားဝယ်ခရိုင် တပ်ရင်း (၁)ရဲ့ သတင်းပြန်ကြားရေးတာဝန်ယူနေတဲ့ တော်လှန်ရေး ရဲမေတစ်ဦးဖြစ်နေပါပြီ။

နယ်ပယ်အသီးသီးကနေပြီး မြန်မာ့နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ အမျိုးသမီးပါဝင်ရေးကို ကြည့်မယ် ဆိုရှိရင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) မှာလည်း နိုင်ငံတော်အကြီးအကဲတွေနဲ့ ဝန်ကြီးဌာန ပေါင်း (၁၇)ခုမှာ အမျိုးသား (၃၀)ဦး ပါဝင်ပြီး၊ နိုင်ငံတော် အတိုင်ပင်ခံအပါအဝင် ပြည်ထောင်စုဝန်ကြီး (၃)ဦး၊ ဒုတိယဝန်ကြီး (၃) ဦး စုစုပေါင်း ၇ ဦးပါဝင်နေတာ တွေ့ရပါတယ်။ သူတို့တာဝန်ယူထားတဲ့ ဝန်ကြီးဌာနတွေကတော့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်ဆူဇန်နာလှလှစိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး တို့ဖြစ်ပါတယ်။

အမျိုးသမီးဝန်ကြီးတွေနဲ့ တခြားဌာနတွေမှာ ပါဝင်နေတဲ့ အမျိုးသမီးပါဝင်မှုဟာ တောင်းဆိုနေတဲ့  ၃၀ ရာခိုင်းပြည့်မှီနေပြီလားဆိုတဲ့မေးခွန်းကို မေးမြန်းကြည့်ရာမှာတော့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက “အချိုးနဲ့ တွက်လို့ရှိရင် ၂၀ ရာခိုင်နှုန်း မရှိ၊ သရှိပေါ့နော်။ အရင်ခေတ် အဆက်ဆက်က စာလို့ရှိရင် တိုးတက်လာတယ်လို့ပြောရပါမယ်။ ဒီဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန်ဟာလည်း အမျိုးသမီးဖြစ်တယ်။ ဝန်ကြီးအဖွဲ့ အတွင်းရေးမှူး (cabinet secretary) ကလည်း အမျိုးသမီးဖြစ်တယ်။ ဒီလိုနေရာတွေ ဟာဆိုရင် အစိုးရရဲ့ မောင်းနှင်တံ၊ မောင်းနှင်အားဖြစ်တယ်။ အမျိုးသမီးတွေရဲ့ ကဏ္ဍကNUG ရဲ့ ဦးဆောင်မှုမှာ ရှေ့တန်းကရှိနေတယ်ဆိုတာ ပြောလိုပါတယ်။

အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့ ဘယ်လိုအခြေအနေတွေလိုအပ်နေသလဲဆိုတာနဲ့ အနာဂတ် နိုင်ငံရေးမှာ အမျိုးသမီး ခေါင်းဆောင်တွေ ပိုမိုပေါ်ထွက်လာဖို့ ဆိုရင် နိုင်ငံရေးဦးဆောင်မှုတွေ၊ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ အမျိုးသမီးတွေပိုမိုပါဝင်လာအောင် အခုကတော့ နည်းနေသေးတော့ ယာယီလုပ်ဆောင်ချက် (temporary measurement) လို့ခေါ်တဲ့ ကိုတာစနစ်ကို သုံးသင့်တယ်လို့ ထင်တယ်။” ဆက်လက်ပြီး ဝန်ကြီးက  NUCCရဲ့ မူဝါဒမှာလည်း အမျိုးသမီး ၃၀ရာခိုင်နှုန်းပါဝင်ရေးဆိုတာကို ထုတ်ပြန်ထားပြီး၊ အဲတာကို NGU ကလည်း သိပြီး ပြည့်မှီအောင် ကြိုးစားနေတယ်ဆိုလို့ရှိရင် နောက်ပိုင်းတဖြေးဖြေး အမျိုးသမီးပါဝင်မှုက ဒီထက်တိုးလာမှာ ဖြစ် ကြောင်းပြောပါတယ်။

အဲဒီအပြင် မြန်မာ့အရေးကို နိုင်ငံတကာသိအောင် စည်းရုံးလှုံ့ရေးလုပ်ဆောင်နေသူတွေကို ကြည့်လိုက် မယ်ဆိုရင်လည်း တဖက်မှာလည်း နိုင်ငံတကာ စည်းရုံးလှုံ့ဆော်မှုကို ကြည့်မလား။ အမျိုးသမီးတွေက မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အနေအထားတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာတွေက သိအောင်၊ စိတ်ဝင်စားအောင်၊ ထိရောက်တဲ့ ပံ့ပိုးမှုတွေဖြစ်လာအောင် စည်းရုံးလှုံ့ဆော်မှု လုပ်ဆောင်နေတယ်”လို့ အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ အထွေထွေအတွင်းရေးမှူး – နာင်းမို့မို့ က ဆိုပါတယ်။

ပုံ- အင်ဒိုနီးရှား သံရုံးရှေ့ Gender Equality Network နှင့် အမျိုးသမီးအဖွဲ့များက အိတ်ဖွင့်ပေးစာပေးဖို့ စောင့်ဆိုင်းရင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေပုံ။

ဒါပေမယ့်လည်း အမျိုးသမီးတွေက စိန်ခေါ်မှုများစွာကို ရှေ့တန်းက မားမားမတ်မတ် ပုံစံမှု မျိုးစုံနဲ့ ပါဝင်နေပေမယ့် “နိုင်ငံရေး၊ လုံခြုံရေး၊ ဖက်ဒရယ်လို့ပဲပြောပြော အဲလိုအကြောင်းအရာတွေကို ‌ဆွေးနွေး တော့မယ်၊ ဆုံးဖြတ်တော့မယ်ဆိုရင် အမျိုးသမီးတွေပါဝင်ရမယ်ဆိုတဲ့ အသိ မရှိကြတာဖြစ်မယ်။ အဲလိုနေရာ တွေမှာ ပါဝင်ခွင့်၊ ဆုံးဖြတ်ခွင့်မရှိကြတာကိုတွေ့ရတယ်။ ဒီလိုတကယ့် အရေးကြီးတဲ့နေရာ၊ ဆုံးဖြတ်ချတဲ့နေရာ တွေမှာ အမျိုးသမီးတွေ ပါဝင်ဖို့လိုနေပါတယ်”။  တဖက်မှာအမျိုးသမီး ပါဝင်နိုင်ဖို့  မူဝါဒပိုင်းဆိုင်ရာကန့်သတ် ချက်တွေသာမကဘဲ အယူဆပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေ၊ ယုံကြည်သက်ဝင်မှုတွေ၊ ကျင့်သုံးမှုတွေကလည်း အများကြီးအကန့်အသတ်ဖြစ်စေတယ်။ အဲတာကြောင့် ပပျောက်ဖို့ လူထုကိုလည်း ပုံစံမျိုးစုံနဲ့ အသိပညာပေးဖို့ လုပ်ဆောင်ရင်း အစိုးရနဲ့သက်ဆိုင်သူတွေအားလုံး(Multistakeholder)ကိုလည်း အမျိုးသမီးတွေ မဖြစ်မနေ ပါဝင်ရမယ်ဆိုတဲ့ မူဝါဒတွေ ပြဌာန်းနိုင်ဖို့၊ မူဝါဒတွေ ပြန်ဌာန်းပြီသွားရင် လက်တွေ့ကျင့်သုံးအောင်၊ စည်းရုံးလှုံ့ ဆော်မှုတွေကို အမျိုးသမီးများ အဖွဲ့ချုပ်မြန်မာနိုင်ငံ အနေနဲ့ လုပ်ဆောင်နေတယ်လို့ အင်တာဗျူးတွင် ထည့်သွင်းဖြေကြားခဲ့ပါတယ်။

အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ အထွေထွေအတွင်းရေးမှူး – နာင်းမို့မို့။

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက အမျိုးသမီးရဲ့ ဦးဆောင်မှုကဏ္ဍကတိုးမြင့်လာဖို့ အမျိုးသမီးအဖွဲ့အစည်းတွေကို တိုက်တွန်းပြောကြား လိုက်တာက တော့ အမျိုးသမီးအဖွဲ့အစည်းတွေ အနေနဲ့လည်း တွန်းအားပေး၊ တိုက်တွန်း၊ ပညာပေးပြီး အစိုးရနဲ့ NUCC ကိုလည်း engage (စေ့စပ်လုပ်ဆောင်ခြင်း) လုပ်။ နောက်ပြီး ကိုယ့်ရဲ့ ရပ်ရွာလူထုကိုလည်း အသိပညာပေး ပေးလို့ရှိရင် အမျိုးသမီးရဲ့ ဦးဆောင်မှုက တဖြေးဖြေးတိုးမြှင့်သွားမယ်လို့ မျှော်လင့်ပါတယ်။

ဝန်ကြီးကနေပြီး သတ္တိရှိရှိနဲ့ ရှေ့တန်းမှာ မတရားမှုတွေကို တွန်းလှန်နေတဲ့ အမျိုးသမီးရဲဘော်တွေကို  မြင့်မြတ်ကြောင်း ဂုဏ်ယူရကြောင်း ပြောကြားရင် တရားသော စစ်ပွဲတွေနိုင်ပါစေလို့လည်း ဆန္ဒပြုလိုက်ပါတယ်။ ပြည်တွင်းစစ်ရှောင်(IDP) အမျိုးသမီးတွေ၊ နို့တိုက်မိခင်တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေအတွက် ပံ့ပိုးမှု အစီအစဉ် တွေရှိကြောင်းနဲ့ “ပြည်တွင်းစစ်ရှောင်(IDP) အမျိုသမီးတွေဟာ ကလေးတွေ၊ မိသားစုတွေအတွက် တံတိုင်းကြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မားမားမတ်မတ် ဆက်လက်ရပ်တည်ပြီး နွေဦးတော်လှန်ရေး အောင်မြင်တဲ့အထိ၊ ဖက်ဒရယ်ကိုတက်လှမ်းနိုင်တဲ့အထိ ကျွန်မတို့က ရှေ့မှာဦးဆောင်ပြီးတော့ အားဖြစ်စေရမှာ ဖြစ်တဲ့အတွက် ကြောင့် ဆက်လက်ပြီး ရပ်တည်တိုက်ပွဲဝင်ဖို့အတွက် အားပေးချင်ပါတယ်လို့ အမှာစကားပေးပို့လိုက်ပါတယ်။

နိုင်ငံရေး၊ နိုင်ငံရေးဦးဆောင်မှုနဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ နေရာတွေမှာ အမျိုးသမီးတွေပိုမိုပါဝင်လာဖို့က ဝန်ကြီးရဲ့တိုက်တွန်းပြောကြားချက်တွေနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ ဘယ်လောက်ထိ အချိတ်အဆက်မိမိ ဆက် လက်လုပ်ဆောင်သွားနိုင်မလဲ။ ပြည်သူတွေ၊ အိုင်ဒီပီ အမျိုးသမီးတွေ၊ ရှေ့တန်းက ရဲမေတွေရဲ့ လိုအပ်ချက်နဲ့ သူတို့ အသံတွေကို ဦးဆောင်ဦးရွက်ပြုနေကြတဲ့ တာဝန်ရှိသူတွေဖြစ်တဲ့ NUG အစိုးရ၊ NUCC၊ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေအပြင် အခြားသောနယ်ပယ်အသီးသီးက ခေါင်းဆောင်တွေနဲ့ ပေါင်းကူးပေးဖို့ လွတ်လပ်တဲ့ သတင်းမီဒီယာ အခန်းကဏ္ဍကလည်း ဦးမကျိုးတဲ့ အမျိုးသမီးတို့ရဲ့ နွေဦးတော်လှန်ရေး အတွက် အက္ခရာဖြစ်နေပါတယ်။

ဆောင်းပါးလေးဖတ်ပြီး အာဏာရှင်စနစ် အမြစ်ပြုတ်ရေးအပြင် အရေးကြီးတဲ့ ဆုံးဖြတ်ချမှတ်တဲ့ နေရာအားလုံးမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်းနဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ ပါဝင်မှုကို ဖော်ဆောင်သွားတဲ့ ခရီးလမ်းဟာ နီးသထက် နီးလာပြီလားလို့ ကိုယ်စီ မေးခွန်းမေးကြစို့နော်။

ဘဝနဲ့ အသက်တွေကို ပေးဆပ်ကာ စစ်အာဏာရှင်အပြီးတိုင် ပျက်သုဉ်းရေးအတွက် ကျရာ တာဝန်၊ နိုင်ရာ ဝန်ကိုထမ်းပြီး ရဲဝံ့စွာ ပါဝင်တော်လှန်နေကြတဲ့ ရဲမေတွေ၊ အမျိုးသမီးတွေ၊ မိခင်တွေ၊ CDMerတွေ၊ အမျိုးသမီးအဖွဲ့ အစည်းတွေအားလုံးကို လေးစားဂုဏ်ပြုရင်း အရေးတော်ပုံ အောင်ရမည်

ကချင်မလေး

Show More

Related Articles

Back to top button