သတင်း

မူဆယ်မှာ သတ်ဖြတ်ခံထားရတဲ့ရုပ်အလောင်း ၃ လောင်းတွေ့

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ကျင်စန်းဂျော့ဂိတ်သွားရာလမ်း လမ်းဘေးအမှိုက်ပုံတစ်ခုမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က သတ်ဖြတ်ခံထားရတဲ့ရုပ်အလောင်း ၃ လောင်းတွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

အဲ့ဒီရုပ်အလောင်း ၃ လောင်းဟာ သားအဖတော်စပ်သူ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်အလောင်းတွေဖြစ်တယ်လို့ လက်ဖက်ညွန့်လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ယောက်ကပြောပါ တယ်။

အလောင်းတွေကိုက ဘယ်သူတွေ့မှန်းတော့မသိဘူး ပုပ်ပွနေပြီး အနံ့ထွက်လို့ထင်ပါတယ် ဖုန်းဆက်လာတာ ကျနော်တို့အထင်ကတော့ တစ်ခြားတစ်နေရာမှာသတ်ပြီး ဆာလာအိတ်ထဲထည့်လို့ရအောင် ခြေတွေ ခေါင်းတွေ နဲ့ကိုလုံးထွေးပြီး ဝါယာကြိုး မျှော့ကြိုးတွေနဲ့ ချည်ထားတာ ပုပ်ပွနေတော့ ဒဏ်ရာတွေတော့ မတွေ့ရတော့ဘူးလို့ပြောပါတယ်။

သေဆုံးသူအမျိုးသားနှစ်ယောက်ရဲ့ မိသားစုဝင်တစ်ဦးကတော့ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ တစ်ပတ်ကျော် လောက်ကတည်းက စာရေးမအမျိုးသမီးနဲ့အတူ တရုတ်ပြည် ကျယ်ဂေါင်ဘက်ကို ပစ္စည်းသွားဝယ်ဖို့သွားရာကနေ အဆက်အသွယ်မရဖြစ်နေတာ ၄ ရက်လောက်ရှိပြီလို့ သိရပါတယ်။

သူတို့မှာ ပိုက်ဆံသိန်းတစ်ရာပါသွားတယ်တဲ့ သူတို့သားအဖနဲ့ သူတို့ရဲ့ဆိုင်က စာရေးမနဲ့ ကျယ်ဂေါင်ထဲ ပစ္စည်းဝင်ဝယ်ကြတာ သူတို့က ဆိုင်ဖွင့်ထားတယ်လို့သိရတယ်။ ၄ရက်လောက်မှာ ဆက်သွယ်လို့မရတော့ ဘူး အခုကျမှ ပုပ်ပွနေတဲ့အလောင်းတွေတွေ့ရတာလို့ မိသားစုဝင်တစ်ယောက်ရဲ့ပြောပြချက်အရသိရကြောင်း လူမှုကူညီရေးအသင်း ကတာဝန်ရှိသူ တစ်ယောက်ကဆိုပါတယ်။

သတ်ဖြတ်ခံထားရသူတွေဟာ ကြူကုတ်( ပန်ဆိုင်း) မြို့နယ် လွယ်အင်ကျေးရွာက အထည်ဆိုင်ပိုင်ရှင်တွေ ဖြစ်တဲ့ အသက်၅၀ကျော်အရွယ် ဦးကျော်ဝေ၊ သူရဲ့သားဖြစ်သူ အသက်၂၀ကျော်အရွယ် ကိုကျော်ကျော် နဲ့ စာရေးမဖြစ်သူ အသက်၃၀ ကျော်အရွယ် မအေးအေးတို့ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီရုပ်အလောင်းတွေကို မူဆယ်မြို့နယ်က မြင့်မြတ်ပါရမီ လူမှုကူညီရေးအသင်းနဲ့ လက်ဖက်ညွန့်လူမှုကူညီ ရေးအသင်းတွေက ပူးပေါင်းပြီး မူဆယ်မြို့နယ်ပြည်သူ့ဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ရုပ်အလောင်းတွေကိုတော့ မူဆယ်မြို့ပေါ်နဲ့ ဆိုင်ကယ်နဲ့ ၇မိနစ်လောက်သာသွားရတဲ့ မူဆယ်မြို့ ဟိုနောင်ရွာ အစွန်ဘက်မှာရှိတဲ့ အမှိုက်ပုံမှာတွေ့ရှိခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

မူဆယ်မြို့နယ်မှာ အခုလိုစွန့်ပစ်ရုပ်အလောင်းတွေနဲ့ ပိုင်ရှင်မဲ့ရုပ်အလောင်းတွေမကြာခဏတွေ့ရှိနေရပြီး ရုပ်အလောင်း၃လောင်းကို သတ်ဖြတ်ပြီးစွန့်ပစ်ထားတာကို တွေ့ရှိတာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒေသခံတွေအလုပ်အကိုင်ရှားပါးလာတာ၊ စီးပွားရေးကြပ်တည်းလာ တာတွေ နဲ့အတူ လောင်းကစားဝိုင်းနဲ့မူးယစ်ဆေးဝါးတွေ ပေါလာတဲ့အတွက် လုယက်မှုနဲ့ အခုလို သတ်ဖြတ်ခံ ရမှုတွေ မကြာခဏ တွေ့လာရတယ်လို့ ဒေသခံတွေကသုံးသပ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button