ဆားမှော်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတစ်ယောက်သေဆုံးပြီး နေအိမ် ၄ အိမ်ပျက်စီး
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆာမှော်ကျေးရွာမှာ စစ်ကောင်စီတပ် ခလရ ၁၀၅ တပ်ရင်း ဒရုန်းနဲ့ ပစ်ခတ်ခံမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က တန်ပြန်ပစ်ခတ်မှုတွေကြောင့် နေအိမ်တစ်ချို့ နဲ့ ဒေသခံပြည်သူ တစ်ယောက်သေဆုံးပြီး နောက်ထပ် ဒေသခံ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၁ ရက် ဒီကနေ့ နံနက်ပိုင်း ၁၁ နာရီခွဲလောက်မှာ နယ်မြေခံတပ်ရင်းဖြစ်တဲ့ ခလရ ၁၀၅ တပ်ရင်းနေရာကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ သွားရောက်ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့နောက် စစ်ကောင်စီဘက်ကနေ ပြည်သူတွေရှိတဲ့ဘက်ကို ဆက်နက်ကြီးတွေ ဆက်တိုက်ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီဘက်နေ တန်ပြန်ပစ်ခတ်မှုကြောင့် ဆားမှော်ကျေးရွာအတွင်းက နေအိမ် ၄ လုံးနဲ့ ဒေသခံပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ယောက်ကသေဆုံးမှုရှိခဲ့တယ်လို့ဆားမှော်ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။
“အခုကအပြင်လည်းမထွက်ရဲဘူး အားလုံးက အထဲမှာပဲရှိနေကြတယ်။ လမ်းတွေလည်း အကုန်ပိတ်ထားတယ်။ ၃ ၊ ၄ ယောက်လောက်က လက်နက်ကြီးထကျကွဲလို့ ထိခိုက်ဒဏ်ရာရထားတယ်။ တစ်ယောက်ကတော့ အန်တီရဲ့ အသိပဲ။ ပြီးရင် ရွာထဲမှာက နာရေးကားတွေသွားနေကြတယ်”လို့ပြောပါတယ်။
လက်နက်ကြီး ထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူ ၄ ယောက်ရှိထဲက ပန်းဘဲလုပ်ငန်းလုပ်ကိုင်တဲ့ ကိုသန့်စင်ဆိုတဲ့ အမျိုးသားဟာ ပြင်းထန်ဒဏ်ရာရရှိခဲ့အတွက် ဆေးရုံးသို့သွားရောက်ပို့နေစဉ်မှာပဲ လမ်းတစ်ဝက်မှာ သေဆုံးမှုရှိခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ် ခလရ ၁၀၅ တပ်ရင်းက လက်နက်ကြီး အဆက်မပြတ် ရမ်းတမ်းပစ်ခတ်မှုကြောင့် ဆာမှော်ရွာထဲ လူနေအိပ် ရပ်ကွက်နဲ့ ရွာအပြင်ဘက်ခြမ်း၊ ရွှေပြည်သာ၊ တောင်ဘက်ခြမ်းမှာရှိတဲ့ ထီးချိုင့်နေရာတွေမှာ ကျမှန်ပေါက်ကွဲမှုရှိခဲ့တယ်လို့ နောက်ထပ်ဆားမှော်ဒေသခံတစ်ယောက်က အခုလိုပြောပါတယ်။
“အခုချိန်အထိ ဆားမှော်စျေးနားတွေမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေ ကျန်သေးတယ်လို့ပြောတယ်။ အခုပိုဆိုးနေတာက အင်တာနက်လိုင်းတွေလည်း အကုန်လုံးဖြတ်ထားတယ်။ ဆက်သွယ်ရေးတွေလည်း အရမ်းခက်နေတာ။ သေတဲ့သူတွေက တစ်ယောက်ရှိပြီ။ အိမ်တွေကလည်း လက်နက်ကြီးတွေထိထားတယ်”လို့ပြောပါတယ်။
ဆာမှော်ရွာအတွင်းမှာကျမှန်ထားတဲ့လက်နက်ကြီးတစ်ချို့ဟာ ပေါက်ကွဲမှုမရှိဘဲ ကျန်ရစ်နေဆဲဖြစ်တဲ့ ဒေသခံတွေက အသက်အန္တရာယ်စိုးရိမ်နေကြရပြီး ယနေ့ ၁၂ နာရီဝန်းကျင်လောက်အထိ လက်နက်ကြီးတွေ ပစ်ခတ်နေဆဲဖြစ်တဲ့ အတွက် ဒေသခံတစ်ချို့ဟာ ရွာထဲကနေ ထွက်ပြေးတိမ်းရှောင်တာတွေရှိနေတယ်လို့လည်း ဆက်သိရပါတယ်။
နိုဝင်ဘာလ ၁၀ ရက်နေ့ ဆားမှော်အရှေ့တောင်ဘက် ကျောက်ဖျာနေရာမှာ စစ်ကောင်စီ စစ်ကြောင်းထိုးလာတဲ့အဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရာကနေ အခုလို အပြန်အလှန် ပစ်ခတ်တာတွေရှိခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က တစ်ရက်ထဲမှာပဲ ဆားမှော်အရှေ့တောင် ဘက်ခြမ်းမှာပဲ ထိတွေ့တိုက်ခိုက် ၂ ကြိမ်လောက်ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်နေ အထိနာခဲ့တယ်လို့လည်း သိရပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)